CNI International News

ကိယက်ဗ်၊ ဒီဇင်ဘာ ၉

ယူကရိန်း၏ ရှေ့တန်းစစ်မြေပြင်အနီးရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ရုံကို လက်နက်ကြီး ထိမှန်ခဲ့ပြီးနောက် လျှပ်စစ်ဓာတ်အားများကို ချွေတာရန် ယူကရိန်းအာဏာပိုင်များက ဒေသခံများကို တိုက်တွန်းခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထိုသတိပေးချက်သည် အပူချိန်များ အလွန်အမင်း ကျဆင်းနေသည့် ဆောင်းရာသီ ကာလအတွင်း ပထမဆုံး သတိပေးချက် ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ယူကရိန်း၏ စွမ်းအင် အရင်းအမြစ်များအပေါ် ရုရှား၏ တိုက်ခိုက်မှုများကြောင့် ယူကရိန်းတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ရုရှားသည် ယခုနှစ် ဆောင်းရာသီတွင်လည်း ယူကရိန်း၏ စွမ်းအင်အခြေခံ အဆောက်အအုံများကို တိုက်ခိုက်မှုများအား အရှိန်မြှင့်တင်ရန် စီစဉ်ထားကြောင်း ယူကရိန်း အရာရှိများက ပြောသည်။

"ဒီနေ့ မွန်းလွဲပိုင်းမှာ ရန်သူတွေဟာ ရှေ့တန်း စစ်မြေပြင်မှာရှိတဲ့ စွမ်းအင်စက်ရုံတစ်ရုံကို တိုက်ခိုက်ခဲ့ပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စက်ရုံမှာ အကြီးအကျယ် ထိခိုက်ပျက်စီးသွားခဲ့ပါတယ်" ဟု ယူကရိန်းစွမ်းအင်ဝန်ကြီးဌာနက ပြောသည်။

မည်သည့်စက်ရုံ ထိခိုက်ပျက်စီးခဲ့သည်ဆိုခြင်းကို အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း ထိုစက်ရုံ၏ ဓာတ်အားပေး ယူနစ်နှစ်ခု ရပ်တန့်သွားခဲ့သဖြင့် ထိုစက်ရုံ၏ ဓာတ်အားလိုင်းတွင် ယာယီ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ပွားခဲ့သည်ဟု ယူကရိန်းစွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် စွမ်းအင်ဝန်ကြီးဌာန အနေနှင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု အမြင့်ဆုံး အချိန်ကာလအတွင်း စီးပွားရေး အရရော၊ အခြေအနေအရပါ လျှပ်စစ်ဓာတ်အား သုံးစွဲမှုများကို ချွေတာခြင်းဖြင့် စွမ်းအင်ဝန်ကြီးဌာန၏ အင်ဂျင်နီယာများကို တစ်ဖက်တစ်လမ်းမှ ကူညီပေးကြရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ သည်။

အပူချိန်များ လျော့ကျမှု၊ အရေးပေ ါ်ပြင်ဆင်မှုများနှင့် ဆိုလာစွမ်းအင်စနစ် အားနည်းမှုများသည် လျှပ်စစ် ဓာတ်အားပြတ်တောက်မှု အခြေအနေကို ပိုမိုဆိုးရွားစေကြောင်း ယူကရိန်းဝန်ကြီးချုပ် ဒန်နိစ် ရှမိုင်ဟယ် (Denys Shmygal) က ပြောကြားခဲ့သည်။

ထို့ကြောင့် ယူကရိန်းအစိုးရနှင့် စွမ်းအင်ကဏ္ဍမှ တာဝန်ရှိသူများသည်  မနက် ၉ နာရီမှ ည ၇ နာရီအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုများကို လျှော့ချရန် လူတိုင်းကို မေတ္တာရပ်ခံကြောင်း ရှမိုင်ဟယ်က လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

Source: ဘန်ကောက်ပို့စ်