CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၉

ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၉ ရက်၌ ပြုလုပ်မည့် ဒီမိုကရက်ပါတီ ခေါင်းဆောင်ရာထူး ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သူ ဝတ္တည ဘန်နက်ဂ် (Watanya Bunnag) က ပါတီခေါင်းဆောင်ရာထူး နေရာအတွက် အကြိတ်အနယ် ယှဉ်ပြိုင်သွားမည်ဟု ပြောကြားခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

ဒီမိုကရက်ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦးက ပါတီခေါင်းဆောင် နေရာအတွက် ပါတီအတွင်းရေးမှူးချုပ် ဟောင်းဖြစ်သူ ချာလမ်ချိုင်း သီရိအွန် (Chalermchai Srion) ကို ထောက်ခံနေသည့်တိုင် ဝတ္တညက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်အတောအတွင်း ဒီမိုကရက်ပါတီ ခေါင်းဆောင်ဟောင်း ချူအန် လိခ်ပိုင် (Chuan Leekpai) က ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်များသည် ချာလမ်ချိုင်းအား ထောက်ခံမှုအပေါ် အံ့အားသင့်ခြင်း မရှိကြောင်းနှင့် ချာလမ်ချိုင်းသည် ပါတီ၏ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၄ နှစ်တာကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ခိုင်မာသည့် ဆက်ဆံရေးရှိကြောင်း ပြောကြားခဲ့သည်။ 

စီးပွားရေး လုပ်ငန်းရှင်ဟောင်း တစ်ဦးဖြစ်သည့် ဝတ္တညသည် ဒီမိုကရက်ပါတီ ခေါင်းဆောင်ရာထူးကို အနိုင်ရရှိရန် ပါတီဝင် စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်း ထောက်ခံမှုကို ရရှိရန်လိုအပ်သည်။

ဒီမိုကရက်ပါတီ ခေါင်းဆောင်ဟောင်း ချူအန် လိခ်ပိုင်ကို တွေ့ရစဉ်

ဝတ္တညကမူ သူသည် ထိုင်းနိုင်ငံ၏ သက်တမ်းအရင့်ဆုံး နိုင်ငံရေးပါတီဖြစ်သည့် ဒီမိုကရက်ပါတီ၏ ခေါင်းဆောင် နေရာအတွက် အကြိတ်အနယ် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ပါတီအပေါ် ပြည်သူလူထု၏ ယုံကြည်မှုကို ပြန်လည် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ပါတီခေါင်းဆောင် ရာထူးနေရာအတွက် မဲပေးရွေးချယ်မှု လုပ်ငန်းစဉ်တွင် သာမန်ပါတီဝင်များ၏ ထောက်ခံမဲထက် ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမဲက ပိုမို ခိုင်မာအားကောင်းမှုရှိသည်။ 

ဝတ္တညကမူ အခြေအနေသည် သူ့ဘက်တွင် မရှိသော်လည်း ပါတီခေါင်းဆောင် ရွေးကောက်ပွဲ၏ ရလဒ်သည် ပါတီဝင်များအပေါ်တွင် မူတည်နေပြီး ၎င်း၏ နိုင်ငံရေးရည်မှန်းချက်များကို ဆက်လက် အကောင်အထည် ဖော်သွားမည်ဟု ပြောကြားခဲ့သည်။ 

အခြားကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပြီး လက်ရှိ ပါတီ၏ ယာယီဒုတိယ ခေါင်းဆောင်အဖြစ် တာဝန်ယူထား သည့် နာရာပတ် ကေအိုသွန်း (Narapat Kaeothong) ကမူ ချာလမ်ချိုင်းသည် ပါတီခေါင်းဆောင်ရာထူးကို ပြန်လည်ရယူရန် သဘောတူညီခဲ့မည်ဆိုပါက သူ့အနေနှင့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

Source: Thai PBS World