CNI International News

ကိုလံဘို၊ စက်တင်ဘာ ၂

သီရိလင်္ကာ၏ အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းကို ကယ်တင်နိုင်ရန်အတွက် နိုင်ငံတကာငွေကြေး ရန်ပုံ ငွေအဖွဲ့ (IMF)က ၄ နှစ်အတွင်း ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ပံ့ပိုးပေးဖို့ ပဏာမသဘောတူညီချက် တစ်ရပ်ကို စက်တင်ဘာ ၂ ရက်တွင် ရရှိပြီဟု ကြေညာခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

အဆိုပါ အစီအစဉ်အရ သီရိလင်္ကာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် မက်ခရို စီးပွားရေး တည်ငြိမ်မှုနှင့် ကြွေးမြီများ တင်ရှိနေခြင်းကို ပြန်လည် ပေးဆပ်နိုင်ရေး အကူအညီပေးမည်ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်စေဖို့ အလားအလာကို အထောက်အကူ ပြုသွားမည်ဖြစ်ကြောင်း ကိုလံဘိုမြို့သို့ ရောက်ရှိနေသော IMF အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ယခုထောက်ပံ့မည့် အစီအစဉ်တွင် IMF စီမံခန့်ခွဲမှုနှင့် အမှုဆောင်ဘုတ်အဖွဲ့၏ ခွင့်ပြုချက်အပြင် တရုတ်၊ အိန္ဒိယ၊ ဂျပန်တို့ အပါအဝင် သီရိလင်္ကာ၏ ကြွေးမြီရှင်များထံမှ အာမခံချက် ရယူရေးတို့ ပါဝင်သည်။ ထိုသို့ အာမခံချက် တွင်လည်း ကြွေးမြီ ရေရှည်တည်တံ့စေမှုကို ပြန်လည်ထားရှိမည် ဖြစ်သည်။

 

ကိုလံဘိုမြို့၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် IMF အရာရှိ ပီတာဘောယာ (Peter Breuer) က ပြောကြားရာ တွင် “သီရိလင်္ကာ၏ကြွေးမြီသည် ရေရှည်မတည်တံ့နိုင်သဖြင့် ငွေချေးသူများသည် နိုင်ငံနှင့်ကြွေးမြီရှင်များအကြား အရင်းအမြစ် ကတိကဝတ်များ ချိုးဖောက်ခြင်းမပြုမီ ထိတွေ့ဆက်ဆံမှု မြင်တွေ့ရန် လိုအပ်ကြောင်း” ရှင်းပြခဲ့ သည်။

“ကြွေးမြီရှင်တွေက ဒီအာမခံချက်ကို မပေးချင်ဘူးဆိုရင် အဲဒါက သီရိလင်္ကာ အကျပ်အတည်းကို ပိုဆိုးစေမှာဖြစ် ပြီး ပြန်ဆပ်နိုင်စွမ်းကို ထိခိုက်စေလိမ့်မယ်” ဟု ၎င်းက ဆက်လက် ရှင်းပြခဲ့သည်။

ကြွေးမြီရှင်များနှင့် သီရိလင်္ကာ နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ အကျပ်အတည်းမှ အမြန်ဆုံး လွတ်မြောက်နိုင်ဖို့ အထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကြွေးမြီများ ပြန်လည်စုစည်းခြင်းဆိုင်ရာ ဖိုရမ်ဆွေးနွေးပွဲတစ်ရပ် ကျင်းပရန် နှစ်ဘက်စလုံးကို မိမိတို့အကြံပြုထားကြောင်း ပီတာဘောယာက ပြောကြား ခဲ့သည်။

သီရိလင်္ကာနိုင်ငံတွင် နိုင်ငံခြားငွေကြေး အလွန်အမင်း ပြတ်လပ်ခဲ့သဖြင့် လောင်စာဆီ၊ ဆေးဝါးနှင့် မီးဖိုချောင်သုံး ဓာတ်ငွေ့ကဲ့သို့ မရှိမဖြစ် နေ့စဉ်သုံးပစ္စည်းများ ပြည်ပမှ မဝယ်နိုင်တော့ဘဲ မကြုံစဖူး စီးပွားရေးအကျပ်အတည်း ကျရောက်ခဲ့သည်။

ယခုအခါ ကမ္ဘာ့ဘဏ်၏ပံ့ပိုးမှုဖြင့် မီးဖိုချောင်သုံးဓာတ်ငွေ့ ပြန်လည်ရရှိခဲ့သော်လည်း လောင်စာဆီ၊ ဆေးဝါးနှင့် စားသောက်ကုန်များကတော့ ပြတ်လပ်နေဆဲဖြစ်သည်။

Source: AP