CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂

မြန်မာနိုင်ငံတွင် ရွှေဈေးနှုန်း တည်ငြိမ်ရေးနှင့် ဈေးကွက်ထိန်းညှိနိုင်ရေးအတွက် ရွှေဒင်္ဂါးပြားများကို လွတ်လပ်စွာ ရောင်းချပေးမည် ဖြစ်သော်လည်း ရွှေဈေးမကစားနိုင်ရန် ကာကွယ်သည့်အနေဖြင့် လိုသလောက်တော့ ရောင်းချ ပေးမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ရွှေဒင်္ဂါးပြားများကို စက်တင်ဘာလ ၂ ရက်နေ့မှ စတင်ပြီး မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာအေးကျောက်မျက်ရတနာရုံး တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှ ထုတ်ပြန်ထားသည့် ဈေးနှုန်းဖြင့် ရောင်းချပေး မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က CNI သတင်းဌာနသို့ ပြော သည်။

ဦးမျိုးမြင့်က “ပြည်သူတွေက ရွှေကို အဝယ်လိုက်လာတဲ့အတွက် ကျနော်တို့ ရောင်းချပေးတာပါပဲ။ ရွှေဈေးနှုန်း ပြန်ပြီးတော့ ငြိမ်သွားအောင်လို့။ ဈေးနှုန်းက ကျနော်တို့ YGEA က သတ်မှတ်တဲ့ အတိုင်းပါပဲ။ ကျနော်တို့ ကမ္ဘာ့ ရွှေဈေးနဲ့ ပြည်တွင်း ဒေါ်လာဈေးနဲ့ မြှောက်ပြီးတော့ ၁ ဒဿမ ၉၇၅ နဲ့ စားတယ် အဲဒါက ပေါက်ဈေးပဲ။ အဲဒါ ကတော့ မှတ်ပုံတင်ပါရင် မည်သူမဆို ဝယ်လို့ရပါတယ် တန်းစီပြီးတော့။ ကန့်သတ်ထားတာတော့ ရှိလိမ့်မယ် ထင်တယ်။ လိုသလောက် ရောင်းလို့မရဘူး။ လိုသလောက် ရောင်းပေးလို့ရှိရင် ဈေးကစားတဲ့သူက အကုန်လုံး သိမ်းကျုံး ဝယ်သွားလိမ့်မယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရွှေဆိုင် တစ်ဆိုင်ကိုတွေ့ရစဉ်

YGEA မှ ထုတ်ပြန်သည့် ဈေးနှုန်းများအရ ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန်ဒေါ်လာ ၁၇၀၂ နှင့် အကယ်ဒမီ မီးလင်းရွှေ ၁ ကျပ်သား ၁,၉၉၈,၀၀၀ ကျပ် ရှိသည်။

ယခုရောင်းချပေးနေသည့် ရွှေများသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရွှေ ၁ ကျပ်သားနှင့် ၅ မူးသားရှိ ရွှေဒင်္ဂါးပြားများကို ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေလင်းခန့်က “အရမ်းကြီး များများတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် သက် ရောက်မှုတော့ ရှိတယ်။ သူတို့ နည်း နည်းတော့ ကောင်းသွားမှာပေါ့။ ရွှေဈေးက တက်ထားတဲ့ အနေအထားမှာ ဒါမျိုးလုပ်ပေးတာက ကောင်းတယ်လို့ ပြောရမှာပေါ့။ တည်ငြိမ်ဖို့ အနေအထားကတော့ ဈေးကတော့ နှစ်ခွ ရှိတာပေါ့။ ကျနော့် အမြင်ကတော့ ငြိမ်ဖို့ ပိုများပါတယ်။ တကယ်လို့ ၂၅ အောက်ရောက်လို့ ဝယ်လိုအား ပြန် တက်လာရင်တော့ တစ်မျိုးပေါ့။ ဒါပေမယ့် ၃၆ သိန်းလောက် ပြန်ရောက်နိုင်တဲ့ အနေအထားတော့ မရှိတော့ဘူး ပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ တတိယပတ်တွင် ပြည်တွင်း ရွှေဈေးကွက်အတွင်း အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သား လျှင် ၂၈ သိန်းမှ ၃၆ သိန်းအထိ တစ်ဟုန်ထိုး ဈေးနှုန်းမြင့်တက်ခဲ့သည်။

ထို့နောက် ဈေးနှုန်းအမြင့်ပိုင်းတွင် ဝယ်ယူထားသည့် သူများအနေဖြင့် ထိုဈေးနှုန်း အမြင့်ပိုင်းသို့ ပြန်လည် ရောက် ရှိနိုင်ရန် ခဲယဉ်းသည့်အတွက် ယခုအချိန်တွင် ရွှေများကို ပြန်လည်ထုတ်ရောင်းသင့်ကြောင်းနှင့် လူမှုကွန်ယက် စာမျက်နှာများတွင် ပျံ့နှံ့နေသည့် တချို့သော သတင်းများကို ဆင်ခြင်ပြီးမှ ယုံကြည်သင့်ကြောင်း ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေလင်းခန့်က ပြောသည်။

ဒေါ်လာ နဲ့ ကျပ်ငွေ

၎င်းက “လက်ရှိ ကျနော်တို့ ၃၆/၃၇ မှာ ဝယ်ထားတဲ့သူတွေရှိရင် အနိမ့်ဈေးနဲ့ ပြန်ထုတ်စေချင်တယ်။ လက်ရှိဆိုရင် ၂၇/ ၂၈ ပေါ့။ လက်ရှိနဲ့တော့ တော်တော်အရှုံးခံပြီး ပြန်ရောင်းရမှာ။ အဲဒီဈေးက ပြန်ရောက်ဖို့က တော်တော် မလွယ်တော့ဘူး။ ဘာလို့ဆို မနှစ်က ဥပမာ ၂၂ သိန်းဈေး ပြန်ရောက်ဖို့ ကျနော်တို့ တစ်နှစ်လောက် ပြန်စောင့် လိုက်ရတယ်။ အဲဒီတော့ ဈေးက သူပြန်ရောက်ပြီးသားဈေးကို ပြန်ရောက်နိုင်တယ်၊ ဒါပေမယ့် အရမ်းကြီး မြင့် သွားတဲ့ အနေအထားဆိုရင် ပြန်ရောက်ဖို့ ခဲယဉ်းသွားတဲ့ အနေအထားမျိုးတွေလည်း ရှိတယ်လေ။ တကယ်လို့ ဝယ်ထားတဲ့သူရှိရင်တော့ ပြန်ထုတ်ပေါ့။ ကိုယ်က ငွေမကိုင်ချင်လို့ ကိုင်ထားတဲ့သူ ကျရင်တော့ တစ်မျိုးပေါ့။ အဲလိုမဟုတ်ဘူး အရောင်းအဝယ်လုပ်မယ့် သူဆိုရင်တော့ ပြန်ထုတ်ဖို့ အကြံပေးချင်တယ်။ ပြန်ထုတ်ပြီးမှ ၂၅ အောက်ရောက်မှ ပြန်ဝယ်ပေါ့။ အဲလိုပဲ သွားရမှာ လွယ်တော့ မလွယ်ဘူး။ လောလောဆယ်တော့ တောက် လျှောက် မဝယ်ဖို့ တားထားတာပဲ လက်လှမ်းမှီသလောက်။ ရွှေဈေး အရမ်းတက်တယ် တချို့ကျတော့ ဖေ့စ်ဘွတ်ခ် ပေါ်ကလာတဲ့ ဆိုရှယ်ပေါ်ကလာတဲ့ ဖွတဲ့ သတင်းတွေကို ယုံပြီးတော့ ၄၀ ရောက်မှာ ဘာညာ ကြောက်ပြီးတော့ လူတွေဝယ်ကြတယ်။ အဲလိုဖွတော့ တကယ် ဘာမှ နားမလည်တဲ့လူတွေ၊ ပိုက်ဆံရှိတယ် နားမလည်၊ ပါးမလည်နဲ့ လျှောက်ဝယ်တော့ ခံရတာပေါ့” ဟု ပြောသည်။

ဗဟိုဘဏ်က စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ကုန်ဈေးနှုန်းများ ကြီးမြင့်နေမှုကို သက်သာစေရန် နိုင်ငံခြားငွေ ဈေးကွက်သို့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့ပေးမည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့နောက် ပြည်တွင်းဒေါ်လာ ဈေးနှုန်းသည် အနည်းငယ်ကျဆင်းလာပြီး တစ်ဒေါ်လာ ၃၀၀၀ ဝန်းကျင်အထိ ဖြစ်သွားကြောင်း သိရသည်။