CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၈
မြန်မာနိုင်ငံ စိုက်ပျိုးရေးလုပ်ငန်းသည် ဈေးကွက်အတည်တကျမရှိမှု၊ ပင်ပန်းမှု၊ စိုက်ပျိုးရေး မဖြစ်ထွန်းမှု အစ ရှိသည်တို့ကြောင့် လယ်ယာမြေများကို စွန့်ခွာကာ ပြည်ပထွက်ခွာခြင်း၊ လုပ်ငန်းခွင်ပြောင်းလဲခြင်းတို့ ပြုလုပ် လာကြသဖြင့် လက်ရှိတွင် လယ်လုပ်သားရှားပါးမှု ပြဿနာနှင့် အဓိကရင်ဆိုင်ကြုံတွေ့နေကြရသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍအား လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲထားသော်လည်း စက်ပစ္စည်းများ တွင်ကျယ်စွာ အသုံးမပြုနိုင်ခြင်း၊ ထောက်ပံ့ပေးမှု မရှိသလောက် နည်းပါးခြင်းတို့ကြောင့် လူသား အရင်းအမြစ်များကိုသာ အသုံးပြုနေရခြင်း ဖြစ်သည်။
ယခုကဲ့သို့ လုပ်သားရှားပါးမှုပြဿနာ၏ အကျိုးဆက်သည် လက်ရှိတွင် မသိသာသော်လည်း ရေရှည်တွင် ဆိုရွားသော အကျိုးသက်ရောက်မှုရှိကာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုအထိကိုပါ ခြိမ်းခြောက်လာနိုင်ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
“လုပ်သားရှားပါးလာတဲ့အတွက်ကြောင့်မို့လို့ ပုံမှန်ပေါင်းလိုက်ရမယ့် ကိစ္စတွေ၊ မြေဩဇာကျွေးရမယ့် ကိစ္စတွေ၊ လူတွေနဲ့ ကောက်စိုက်ရမယ့်ကိစ္စတွေ ဒါတွေကို မလုပ်နိုင်တော့တဲ့အခါကြတော့ ထုတ်လုပ်မှု စိုက်ပျိုးမှုကို လျှော့ချလိုက်ရတဲ့ အနေအထားတွေရှိတယ်။ ပုံမှန်အားဖြင့် အလုပ်သမား လုံလုံလောက်လောက် ရတယ်ဆိုရင် ဧကတစ်ရာ စိုက်နိုင်မယ်ဆိုရင် အလုပ်သမားရှားပါးလာတဲ့အတွက်ကြောင့် ဧက ၅၀ တောင် စိုက်ချင်မှ စိုက်နိုင် တော့မယ့် အနေအထားဖြစ်သွားတာပေါ့။ အခုလက်ရှိ နိုင်ငံရေးအနေအထားနဲ့ရော လူငယ်တွေက ပိုကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ပိုပြီးတော့ ကောင်းတဲ့ သက်သောင့်သက်သာနဲ့ ပိုက်ဆံများများရတဲ့ အလုပ် တွေကို ပိုပြီးစိတ်ဝင်စားလာကြတယ်။ ဒါတွေကြောင့်မို့လို့ လယ်ယာပေါ်မှာ ထိခိုက်မှုက production တွေ ကျ လာမယ်၊ ထုတ်လုပ်မှုတွေ ကျလာတဲ့အခါမှာ ပြည်ပကိုတင်ပို့နိုင်မှုတွေ နည်းသွားမယ်။ နည်းသွားရင် နိုင်ငံခြား ဝင်ငွေရရှိမှု နည်းလာမယ်။ နောက်ဆုံး ဘာကို သွားပြီး စိုးရိမ်ရလဲဆိုရင် ပြည်တွင်း စားနပ်ရိက္ခာဖူလုံမှုအထိပါ ခြိမ်းခြောက်နိုင်တဲ့ အနေအထားမျိုးတွေအထိ impact ဖြစ်သွားနိုင်တယ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် တောင်သူများအတွက် လယ်ယာသုံးစက်ကရိယာပစ္စည်းများမှာ ဈေးအဆမတန်ကြီးမြင့်သဖြင့် အသုံး မပြုနိုင်ကြခြင်းကြောင့် ဘဏ်များနှင့်ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် ဝယ်ယူမည်ဆိုပါကလည်း ယခင်ကာလ များကဲ့သို့ မလွယ်ကူတော့ကြောင်း တောင်သူများထံက သိရသည်။
မြန်မာနိုင်ငံ၌ ၎င်းစက်ပစ္စည်းများအား ငှားရမ်းအသုံးပြုနိုင်သည့် ဝန်ဆောင်မှုလုပ်ငန်းများသည်လည်း မရှိ သလောက် နည်းပါးသဖြင့် စိုက်ပျိုးရေးကဏ္ဍ၌ လုပ်သားရှားပါးမှုပြဿနာအား ဖြေရှင်းနိုင်ရန် အစိုးရပိုင်းမှ လယ်ယာသုံး စက်ပစ္စည်းများ ထောက်ပံ့ပေးရန် လိုအပ်ကြောင်း ထောက်ပြကြသည်။
လက်ရှိတွင် လယ်ယာလုပ်ငန်း လုပ်ကိုင်လိုသူ ရှားပါးလာသဖြင့် လုပ်သားခေါ်ယူရာတွင် ၎င်းတို့ လိုအပ်ချက်များ အား ဖြည့်ဆည်းပေးပြီး ခေါ်ယူနေရကြောင်း ရခိုင်တောင်သူ ဦးအောင်ကျော်မြက CNI သတင်းဌာနသို့ ပြောသည်။
ကောက်စိုက်နေကြသူများ
“လယ်ကွက်က သူတို့နေတဲ့နေရာနဲ့ အသွားအလာနီးသလား၊ နီးတဲ့ဟာမှ သူတို့ကသွားမယ်။ နောက်ပြီးတော့ အရင်ဆိုရင် ကျနော်တို့က တစ်နေ့ကို ရှစ်နာရီလောက် အလုပ်ချိန်ပေါ့နော်။ အခုကြတော့ သူတို့က တစ်နေ့ကို ၇ နာရီလောက်ပဲ အလုပ်ခွင်မှာ အလုပ်လုပ်တယ်။ အဲဒါကိုလည်း ကျနော်တို့ဘက်က လက်လျော့ပေးရတယ်။ စက် တွေက ဈေးတက်လာတာနဲ့အမျှ ကျနော်တို့ တောင်သူလယ်သမားတွေက လက်ငင်းစနစ်နဲ့ ပေးဝယ်ဖို့ဆိုတာ ကလည်း တော်တော် မလွယ်ကူတဲ့ ကိစ္စတစ်ခုပဲ။ အဓိကအခြေခံဖြစ်တဲ့ လယ်ယာလုပ်ငန်းမှာ လုပ်သားပြဿနာ ရှားပါးတာကို စိန်ခေါ်ခံနေရတဲ့ အချိန်အခါမျိုးမှာ ကျနော်တို့ အခုလို တောင်သူတွေလက်ထဲကို စက်ယန္တရားတွေ၊ လယ်ယာသုံးစက်ကရိယာတွေ ချောချောမောမော ရောက်နိုင်အောင်၊ ကျနော်တို့ တောင်သူတွေ ဝယ်ယူနိုင်အောင် ပေါ့ နိုင်ငံတော် တာဝန်ရှိပုဂ္ဂိုလ်များက စီစဉ်ပြီးတော့မှ လုပ်ပေးနိုင်ရင်တော့ ပိုပြီး အဆင်ပြေမယ်လို့ ထင်ပါတယ်။ စက်ကရိယာဆိုတာ ရိတ်သိမ်းခြွေလှည့်စက်တွေလိုတယ် အဓိက။ ထွန်စက်တွေ လိုတယ်။ ထွန်စက် အသေးစား ရှိမယ်၊ အကြီးစားရှိမယ်။ ဒီနှစ်ခုက လိုအပ်တယ်” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ စိုက်ပျိုးရေးကဏ္ဍ၌ လုပ်သားရှားပါးမှုပြဿနာဖြင့် ရင်ဆိုင်ကြုံတွေ့နေရခြင်းအား သက်ဆိုင်ရာ ဌာနဆိုင်ရာများအနေဖြင့် ကုစားရမည့်နည်းလမ်းများအား ရှာဖွေရန်လိုအပ်ပြီး လုပ်သားများ လယ်ယာမြေ စွန့်ခွာသွားကြခြင်း၏ အကြောင်းအရင်းကိုလည်း အဖြေရှာသင့်ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သို့ ပြောသည်။
၎င်းက “စိုက်ပျိုးရေးမှာက လူလုံးဝမလိုတဲ့ဟာမျိုး လုပ်လို့မရသေးဘူး။ နိုင်ငံခြားမှာဆိုရင် အနီးဆုံး ထိုင်းပေါ့လေ။ ထိုင်းမှာဆိုရင် AI နဲ့တောင် စိုက်ပျိုးရေးမှာစပြီ။ ဥပမာ ဆေးဖြန်းတဲ့ကိစ္စလိုမျိုးပေါ့။ ဆေးဖြန်းမယ်ဆို လူသုံးမယ်ဆို အရမ်းအန္တရယ်များတယ်။ အဲဒီတော့ သူတို့က ဘာလုပ်လဲဆိုတော့ ဒရုန်းတွေနဲ့ ဆေးဖြန်းတာလုပ်တယ်။ နောက် တစ်ခုက စိုက်ပျိုးမှု ဧရိယာတွေကို ဒရုန်းတွေနဲ့ မှတ်တမ်းတင်တယ်။ ဒါ အနီးဆုံး အိမ်နီးချင်း ထိုင်းမှာတောင် အဲဒီလိုလုပ်နေပြီဆိုတဲ့အခါကြတော့ အဲဒီလိုဖြစ်လာမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့် လူမလိုဘူး လားဆိုတော့လည်း မဟုတ်ဘူးပေါ့။ လူလုပ်ရမယ့်အပိုင်းလေးတွေလည်း ရှိတော့ရှိတယ်။ ဒါပေမယ့် စက်ပစ္စည်း ကသာ လုပ်နိုင်မယ်ဆိုရင်တော့ လုပ်သားလိုအပ်ချက်က အရမ်းကြီး မရှိတော့တဲ့အတွက် Production က တိုးလာ နိုင်တဲ့အနေအထားရှိတယ်။ ပိုပြီး မြန်ဆန်လာနိုင်တဲ့အနေအထားရှိတယ်” ဟု ပြောသည်။
နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက်ပိုင်း၌ လယ်ယာလုပ်ငန်းခွင်များအား စွန့်ခွာကာ ပြည်ပထွက်ခွာခြင်းနှင့် ဝင်ငွေပိုမိုကောင်းမွန်သည့် လုပ်ငန်းခွင်များ ပြောင်းလဲလုပ်ကိုင်ကြခြင်းတို့မှာ ပို၍ များပြားလာကြောင်း သိရသည်။
မြန်မာ့စိုက်ပျိုးရေးကဏ္ဍတွင် လုပ်သားရှားပါးမှုပြဿနာအပြင် အချို့ဒေသများ၌ နယ်မြေမတည်ငြိမ်မှုများကြောင့် စိုက်ပျိုးရေး မလုပ်ကိုင်နိုင်ခြင်းတို့ပါ ကြုံတွေ့နေရကာ ပြီးခဲ့သည့်နှစ်တွင် စပါးအထွက်နှုန်း နည်းပါးမှုကြောင့် လက်ရှိတွင် ဆန်ဈေးနှုန်းကြီးမြင့်မှုဖြင့် ပြည်သူများ တွေ့ကြုံခံစားနေကြရသည်။