CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၃

နိုင်ငံတကာ လေကြောင်းလိုင်း ခရီးစဉ်များ ပြန်လည်ဖွင့်လှစ်မည်ဆိုပါက နိုင်ငံတကာ ခရီးသွားများကို ဗီဇာသတ်မှတ်ချက်နှင့် ကိုဗစ် စည်းကမ်းချက်များ ဖြေလျှော့ပေးရန် လိုအပ်သည်ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်း နောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

(၂)နှစ်ကျော် ပိတ်ထားခဲ့ရသည့် နိုင်ငံတကာ လေကြောင်းလိုင်း ခရီးစဉ်များကို သင်္ကြန်ကာလအပြီး မြန်မာနှစ်ဆန်း ၁ ရက်နေ့ (ဧပြီ ၁၇ ရက်)တွင် ပြန်လည်ဖွင့်လှစ်မည်ဟု နစက-က ထုတ်ပြန် ကြေညာထားသည်။

ဦးနောင်းနောင်းဟန်က “ဗီဇာနဲ့ ပတ်သက်တာရယ်၊ ကျန်မာရေးနဲ့ ပတ်သက်တဲ့ ကိုဗစ် စည်းကမ်းချက်တွေပေါ့နော်။ အဲဒီ စည်းကမ်းချက်တွေက အရေးကြီးပါတယ်။ တစ်ဖက်ကဖွင့်ပြီး တစ်ဖက်ပိတ်သလို ဖြစ်နေရင်လည်း မလာပါဘူး။ အဲဒါကြောင့် မို့လို့ တကယ်နိုင်ငံခြားသားတွေ အလည်လာစေချင်တယ်၊ ခရီးသွားလုပ်ငန်းကို အဆင်ပြေစေချင်တယ် ဆိုလို့ရှိရင်တော့ ဗီဇာ နဲ့ ပတ်သက်တာတွေကိုလည်း ထိုက်သင့်သလိုမျိုး အဖြေထွက်ပြီး ဖွင့်ပေးရမယ်။ ကိုဗစ်နဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေ ကိုလည်း အိမ်နီးချင်း အာဆီယံနိုင်ငံတွေနဲ့ တန်းတူပေါ့နော်၊ အဲလိုထားပြီးတော့ ဖွင့်ပေးနိုင်မှသာလျှင် နိုင်ငံတကာ ခရီးသွား တွေက လာမှာပါ။ သူတို့တွေက ကွာရတင်း မလိုတော့ဘူး၊ Test တောင် စစ်စရာမလိုတော့ဘူး၊ ဆေးထိုးသားပြီးသား လက်မှတ်ပါရင် ပေးဝင်တယ်ဆိုတဲ့ အခြေအနေမျိုးမှာ ကိုယ်ကနေပြီးတော့ ကွာရတင်းတွေ ဘယ်နှရက်နေရမယ်၊ ဘယ်လို နေရမယ် ကန့်သတ်ချက်တွေပေါ့နော်၊ သိပ်များလွန်းရင် လာမှာ မဟုတ်ဘူးပေါ့နော်။ ဒါကြောင့်မို့လို့ အဲဒီဟာလေးကိုတော့ တစ်ပြိုင်နက် ဖြေလျှော့ဖို့ လိုတယ်။ ဒါအင်မတန် အရေးကြီးပါတယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများတွင် ခရီးသွားလာမှုအပိုင်း၌ ကိုဗစ်စည်းကမ်း သတ်မှတ်ချက်များ အထိုက် အလျောက် ဖြေလျှော့ ပေးထားမှုများရှိကြောင်း သိရသည်။

နိုင်ငံတကာခရီးသွား

နိုင်ငံတကာ ခရီးသွားများအတွက် ကိုဗစ်ဆိုင်ရာ သတ်မှတ်ချက်များ အခြေအနေကို ရေးဆွဲ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက CNI သတင်း ဌာနသို့ ပြောသည်။

ဒေါက်တာသန်းနိုင်စိုးက “အဲဒါတော့ ကျနော်တို့ ကြိုတင်ပြီး ပြောလို့မရသေးဘူး။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကြားမှာ SOC ရေးဆွဲဖို့ ရှိတယ်ပေါ့နော်။ အဲဒါကိုလည်း ဖွင့်မယ့်ရက် မတိုင်ခင်မှာ ထုတ်ပြန်ပေးမှာပါ။ အနားတော့ သိပ်မနီးပါဘူး။ ဧပြီလ အရောက် ဒီလကုန်လောက်ပေါ့” ဟု ပြောသည်။

နိုင်ငံတကာ လေကြောင်းလိုင်းများကို ပြန်လည် ပျံသန်းပြေးဆွဲခွင့်နှင့် ပတ်သက်၍ မည်သည့် လေကြောင်းများကို ခွင့်ပြုပေး ထားသလဲနှင့် လေကြောင်းလိုင်း မည်မျှ ဆင်းသက်ပျံသန်းပြေးဆွဲခွင့်ရှိကြောင်း ကြေညာထားခြင်း မရှိ၍ နိုင်ငံခြားသား ခရီး သွား ဝင်ရောက်မှုများကို လတ်တလောတွင် မျှော်လင့်၍ မရနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခြေအနေတွေက ခရီးသွားဖို့ တအားကြီး အဆင်ပြေတယ် မပြေဘူးဆိုတာကို လေကြောင်းလိုင်းတွေ ဆွဲတဲ့အပေါ် မှာ မူတည်မှာပေါ့နော်။ လေကြောင်းလိုင်းတွေ ဘယ်လေကြောင်းလိုင်းတွေက ကိုယ်ကတော့ ခွင့်ပြုပြီး ဖွင့်ပေးလိုက်တာ ပေါ့ လေ၊ ဆင်းသက်လေယာဉ် မရှိဘူးဆိုလို့ရှိရင်တော့ ဘယ်လိုလုပ် ဧည့်သည် လာလို့ရမလဲနော်။ အဲတော့ ဘယ်လေကြောင်း လိုင်းတွေ သူတို့သဘောတူထားလဲ၊ ဆွေးနွေးထားလဲ၊ ကျနော်တို့ မသိသေးဘူးလေနော်။ နောက် အဲဒီလိုကြေညာမှ တစ်မျိုး ဖြစ်မှာလေ။ လုံးဝ မကြေညာထားတော့ ကျနော်တို့လည်း ဘယ်သိမလဲ၊ နောက် ဘယ်လိုင်းတွေက ပြေးဆွဲဖို့ သဘောတူ ထားပြီးပြီ၊ သူတို့က ပြေးဆွဲမယ်ဆိုပြီးတော့ အကြောင်းကြားထားတာ ရှိတယ်။ လေကြောင်းလိုင်း ဘယ်နှလိုင်းကတော့ ကမ်းလှမ်းထားတယ်တို့ သိရရင် တစ်မျိုးပေါ့လေ။ အဲလိုမျိုး ဘာမှမသိရဘူး။ ကိုယ်က တစ်ဖက်သတ် ဖွင့်တာ ဖွင့်တာပဲ ရှိတာလေနော်။ အခု ရုတ်တရက်ကြီး ဖွင့်ဖွင့်ချင်းတော့ ဆင်းမယ်ဆိုတာလည်း ရှိပါ့မလားပေါ့နော် မပြောတတ်ဘူး” ဟု ပြောသည်။

ကိုဗစ် စစ်ဆေးမှု

နိုင်ငံတကာ လေကြောင်းလိုင်း ပြန်လည်ပျံသန်းပြေးဆွဲခွင့်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ရန် စီစဉ်ဆောင်ရွက်နေ မှုများရှိသော်လည်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအထိ ခွင့်ပြုပေးနိုင်ခြင်း မရှိခြင်းကြောင်း၊ ယခု ပြန်လည် ခွင့်ပြုခြင်းသည် နောက်ကျသည့် အခြေအနေဖြစ်နေကြောင်း ခရီးသွားလုပ်ငန်းရှင်တချို့က သုံးသပ်ကြသည်။

ဦးနောင်းနောင်းဟန်က “ဗီဇာကိစ္စကလည်း မသေချာသေးဘူး။ အနောက်နိုင်ငံသားတွေရဲ့ စိတ်နေ သဘောထားအရလည်း သူ့ရဲ့ ခရီးသွားတာကို ၆ လ၊ ၁ နှစ် အနည်းဆုံး ကြိုတင်စီစဉ်တာ ဖြစ်တဲ့အတွက် အနောက်နိုင်ငံသားတွေနဲ့ ဂျပန်နိုင်ငံသား တွေ လိုမျိုးပေါ့နော်၊ အဲလိုနိုင်ငံသားတွေတော့ ဒီ ၆ လတာ အတွင်းမှာ ချက်ချင်းဝင်နိုင်ဖို့ အပန်းဖြေခရီးအတွက်က မဖြစ်နိုင် သေးပါဘူးခင်ဗျ။ အာရှတိုက်သားတွေကသာ ခရီးသွားဖို့ မြန်မြန်ဆန်ဆန် ဆုံးဖြတ်တာ ဖြစ်တဲ့အတွက် လာမယ့် ၃ လလောက် အတွင်းမှာတော့ အာရှနိုင်ငံသားတွေဖြစ်တဲ့ တရုတ်နိုင်ငံတို့၊ ထိုင်းနိုင်ငံတို့ပေါ့နော် ဒီအာဆီယံနိုင်ငံထဲက နိုင်ငံတွေက လေကြောင်းဖွင့်တာနဲ့အတူ မြန်မာပြည်ကို ရောက်လာဖို့ ရှိပါတယ်။ အနောက်နိုင်ငံသားတွေဖြစ်တဲ့ ဥရောပတွေ၊ ဩစတေးလျ တွေ၊ အမေရိကန်တွေကတော့ သူတို့ခရီးစဉ်တွေက ၆ လ၊ ၁ နှစ် စီစဉ်တာဆိုတော့ ၂၀၂၂ အောက်တိုဘာ နောက်ပိုင်းမှသာ ဝင်ရောက်နိုင်မယ်လို့ ကျနော်တို့က မျှော်လင့်ထားတယ်”ဟု ပြောသည်။

ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေး အပြောင်းအလဲများကြောင့် မြန်မာနိုင်ငံအတွင်းရှိ ခရီးသွားလုပ်ငန်း ထက်ဝက်ကျော် ရပ်နား ထားရကြောင်း၊ ထိခိုက်နစ်နာ ဆုံးရှုံးခြင်းများနှင့် ကြုံတွေခဲ့ရခြင်းကြောင့် ပြန်လည်ကောင်းမွန်အောင် အချိန်ယူရဦးမည်ဖြစ် ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။
ယခုအခါမှာတော့ နိုင်ငံတကာ နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည်ပျံသန်း ပြေးဆွဲခွင့် ပြုမည်ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံ အတွင်း ရပ်နားထား သည့် ခရီးသွားလုပ်ငန်းတချို့ ပြန်လည် လည်ပတ်လာမှုများ ရှိကြောင်း သိရသည်။