CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃

Nok Air လေကြောင်းလိုင်းသည် ရန်ကုန်-ဘန်ကောက်တိုက်ရိုက် ပြေးဆွဲခြင်းအား မတ်လ ၂၆ ရက်နေ့တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း Nok Air Myanmar မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် Nok Air လေကြောင်းလိုင်းသည် ရန်ကုန်-ဘန်ကောက် တိုက်ရိုက်ပြေးဆွဲခြင်းအား ရပ်နားလိုက်ပြီဆိုသော ပျံ့နှံ့နေမှုများနှင့် ပတ်သက်၍ Nok Air Myanmar မှ တာဝန်ရှိသူတစ်ဦးအား CNI သတင်းဌာနမှ ဆက်သွယ် မေးမြန်းလိုက်သည့်အခါတွင် ယခုကဲ့သို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

၎င်းက “ပိတ်လိုက်တာတော့ မဟုတ်ဘူး။ အစ်မတို့ လောလောဆယ်တော့ cancelation တော့ ပြန်လုပ်ထား တယ်။ Flight schedule အပြောင်းအလဲလေး ရှိတာကြောင့်မို့လို့။ ဖေဖော်ဝါရီ ၁၂ ကနေ စရပ်တာ။ မတ်လ ၂၆ on work က ပြန်ပြီးတော့ ပြန်ရှိမှာပေါ့။ Flight က ပြန်ရှိမှာပါ။ Flight schedule အပြောင်းအလဲ ရှိတာကြောင့်မို့လို့ ကြားထဲက ရက်တွေကို ယာယီ ရပ်နားထားတယ်နော်။ မတ် ၂၆ ကနေစပြီးတော့ ပြောရရင်တော့ schedule အသစ်ပေါ့လေ။ Operation Date အသစ်တွေနဲ့ ပြန်ဆွဲမှာဖြစ်တဲ့အတွက်။ ဟိုလိုရပ်လိုက်တာ မဟုတ်တဲ့ အတွက် အစ်မတို့က တစ်စုံတစ်ရာ ထုတ်ပြန်မှာ မဟုတ်ဘူးပေါ့။ ဘာလို့လဲဆိုတော့ ရောင်းချဝယ်ယူလို့ ရနေတာတွေက ရပ်တန့်သွားတာမျိုးတွေ မရှိဘူး။ တစ်ခုပဲ ဒီဖေဖော်ဝါရီလ ကျန်ရှိလဝက်နဲ့ ဟိုဘက် မတ်လ လဝက်လောက် အထိကတော့ အစ်မတို့ Flight တွေ ရှိနေမှာ မဟုတ်ဘူးပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

Nok Air လေကြောင်းလိုင်းကိုတွေ့ရစဉ်

ထို့ကြောင့် ထိုင်းနိုင်ငံသို့ Nok Air လေကြောင်းလိုင်းဖြင့် သွားရောက်ချင်သည့် ခရီးသွားများ အနေဖြင့် လက်မှတ် ဝယ်ယူခြင်းအား ပြန်လည်ပြေးဆွဲမည့် မတ်လ ၂၆ ရက်နေ့မှ စတင်ကာ ရွေးချယ်၍ ဝယ်ယူနိုင်ကြောင်းလည်း Nok Air Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Nok Air လေကြောင်းလိုင်းသည် ထိုင်းနိုင်ငံ အခြေစိုက်ဖြစ်ပြီး ဈေးနှုန်းသက်သာသည့် လေကြောင်းလိုင်း တစ်ခုလည်း ဖြစ်သည်။