CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၄

ပြည်တွင်း လေကြောင်းလိုင်းများတွင် လိုက်ပါမည့် ခရီးသည်များထဲတွင် ကိုဗစ် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူများအား လေဆိပ်တွင် ကိုဗစ် ရှိ၊ မရှိ စစ်ဆေးမှုအား ပယ်ဖျက်လိုက်သဖြင့် လေကြောင်း ခရီးသွားလာမှု ပိုများလာနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် လေကြောင်း ပို့ဆောင်ရေးကဏ္ဍ အားကောင်းလာပြီး မြန်မာ့စီးပွားရေးလုပ်ငန်း ပြန်လည် ဦးမော့လာစေရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုစေရန် ယခုကဲ့သို့ ဖြေလျှော့ပေးလိုက်ခြင်းဖြစ်သည်။

ဦးနောင်းနောင်းဟန်က “လေကြောင်းခရီးသွားက အရင်က တိုးတက်သင့်သလောက် မတိုးတက်ဘူး ဖြစ်နေတာ ပြည်တွင်းမှာ လေ။ လေယာဉ်ခရီးစဉ်တွေ ပြေးဆွဲပေမယ့်လည်း နှာခေါင်းထိုးခံရပြီး စစ်ဆေးခံရမှာ ကြောက်လို့ပေါ့။ လူတွေက လေ ကြောင်းနဲ့ မသွားကြတာ၊ လေကြောင်းလိုင်းကို မရွေးချယ်ဘဲ ဖြစ်နေကြတာပေါ့။ ဒါပေမယ့် အခု ဒီဖြေလျှော့မှု လုပ်ပေးလိုက် တဲ့ အတွက်ကြောင့် ပြည်တွင်းမှာရှိတဲ့ လေကြောင်း ခရီးသွားမှုတွေ အများကြီး ပိုများလာပါလိမ့်မယ်။ အထူးသဖြင့် ဝေးလံ ခေါင်ပါးတဲ့ နေရာတွေဆိုရင် လေယာဉ်နဲ့ပဲ သွားရတာကိုး။ အခုအဲဒါတွေကို ကြောက်လို့ မသွားကြတဲ့သူတွေက ပြည်တွင်းမှာ ခရီးသွား လာတာတွေ အများကြီး မြင့်တက်လာပါလိမ့်မယ်။ ပြည်တွင်း လေကြောင်း လုပ်ငန်းအတွက်တော့ ဒါအများကြီး တိုးတက်မှု ရှိလာတယ်။ တိုးတက်မယ့် အလားအလာတွေ အများကြီး ဖြစ်လာပါလိမ့်မယ်။ လေကြောင်းခရီးစဉ်တွေ ပြန်ပြီး အများကြီး ပြန်ပြေးဆွဲလာလိမ့်မယ်ပေါ့ ပြည်တွင်းက လေဆိပ်တွေကိုလေ။ အဲဒါကြောင့် ခရီးသွား လုပ်ငန်းအတွက်တော့ အင်မတန်မှ အကျိုးရှိပါတယ် ဒါကလေ” ဟု ပြောသည်။

ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူများအတွက် ယခုကဲ့သို့ ပြည်တွင်းလေကြောင်း ခရီးစဉ်နှင့်ပတ်သက်၍ ဖြေ လျှော့ပေးလိုက်ခြင်းသည် အဆင်ပြေကြောင်း ကိုဗစ် အစစ်ခံရမည်ကို ကြောက်သဖြင့် လေယာဉ်နှင့် ခရီးမသွားသည့် မမီးမီးက CNI သတင်းဌာနသို့ ပြောသည်။

မမီးမီးက “အဲဒီလိုမျိုး ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားပေမယ့်လည်း ထပ်စစ်ရမယ်ဆိုတော့ တကယ်လို့ ကိုဗစ်စစ်လို့ ထပ်တွေ့ သွားတယ်ဆိုရင် ရန်ကုန် မသွားရဘဲနဲ့ ကွာရန်တင်းစင်တာ ဝင်ရမယ်လေ။ အဲဒါကြောင့် ကွာရန်တင်းစင်တာ မဝင်ချင်တဲ့ အတွက်ကြောင့်မို့လို့ လေယာဉ်နဲ့ မသွားတော့ဘူး။ ကားနဲ့ပဲ ခရီးသွားကြတယ်ပေါ့။ လေယာဉ်နဲ့ဆိုရင် တစ်နာရီခွဲ ကြာ မယ့် ခရီးကို ကားနဲ့ခရီးသွားတော့ တစ်ညအိပ် ခရီးသွားရတယ်ဆိုတော့ အချိန်ကြန့်ကြာသွားတာပေါ့။ အခုလိုမျိုး ကိုဗစ်ဆေး နှစ်ခါ ထိုးထားပြီးပြီ။ လေယာဉ်စီးရင် ကိုဗစ်ဆေး နှစ်ခါထိုးထားတာကို ပြနိုင်တယ်ဆိုရင် သွားလို့လာလို့ အဆင်ပြေသွားပြီ ဆိုတော့ အကုန်လုံး အဆင်ပြေတယ်လို့ ပြောရမှာပေါ့နော်”ဟု ပြောသည်။

လေကြောင်း ခရီးသွားများကိုတွေ့ရစဉ်

လေယာဉ်စီးနင်းပါက ကိုဗစ် ရှိ၊ မရှိ စစ်ဆေးသည့်အတွက် ခရီးသွားအများစုသည် ကားလမ်းကြောင်း အသုံးပြု၍ ခရီးသွား ခြင်းမှာ များပြားခဲ့ပြီး လေကြောင်းခရီးစဉ်အား ကိုဗစ်ကန့်သတ်ချက် ဖြေလျှော့လိုက်သော်လည်း ကာလမ်းဖြင့် ခရီးသွားလာမှု သည် ပုံမှန်ရှိနေဦးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

၎င်းက “လေကြောင်းဘက်မှာပဲ တိုးသွားမှာ။ ကားနဲ့သွားတဲ့ ခရီးစဉ်ကတော့ သိသိသာသာကြီး လျော့သွားမှာတော့ မဟုတ်ဘူး။ နဂိုကတည်းကိုက ကားတွေက အများကြီး ထွက်ပြီးတော့ တစ်နေ့တစ်နေ့ကို ထောင်နဲ့ချီတဲ့ ခရီးသည်တွေက သွားနေ တာဆိုတော့လေ။ တကယ်တော့ လေကြောင်းလိုင်း ဘက်မှာကျတော့ ရာနဲ့ချီတဲ့ ခရီးသည်တွေကို သွားဖို့အတွက် ကျ‌နော်တို့ မှာ လိုနေတာပေါ့။ အဲဒီအတွက်ကြောင့်မို့လို့ လေကြောင်းတွေ ဆွဲဖို့လိုမယ်။ အခုတော့ ဆယ်ကဏန်း လောက်ပဲ ရှိတယ်။ ရာ ကဏန်းဆိုလည်း တစ်ရာ နှစ်ရာလောက်ပဲ ရှိတဲ့အတွက် လေကြောင်းခရီးမှာ နည်းနေတာ။ အမှန်တကယ် လေကြောင်းခရီးနဲ့ သွားတာက လေး၊ ငါးရာကနေ တစ်ထောင်လောက်အထိ ရှိတော့မှသာ ပြည်တွင်း လေယာဉ်တွေလည်း များများ ပြေးဆွဲပြီး တော့ အလုပ်ဖြစ်နိုင်မှာပေါ့။ လေကြောင်းမှာ တိုးတက်သွားတဲ့ ပမာဏလေး လေး၊ ငါးရာ၊ တစ်ထောင်လောက်လေးဟာ ကားလမ်းနဲ့သွားနေတဲ့ ခရီးသည်တွေနဲ့ ယှဉ်လိုက်ရင် အများကြီး ပြောပြလောက်အောင် မလျော့သွားပါဘူး” ဟု ပြောသည်။

ပြည်တွင်းတွင် လေယာဉ်ဖြင့် ခရီးသွားမည့်သူများ အနေဖြင့် လွန်ခဲ့သော ၁၄ ရက်ကျော်က ကျန်းမာရေးဝန်ကြီးဌာနမှ အသိ အမှတ်ပြု ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားသူများ ဖြစ်ရမည်ဖြစ်ကြောင်း၊ အသက် ၁၂ နှစ်အောက် ကလေးများ အား ကိုဗစ် ကာကွယ်ဆေးထိုး လက်မှတ်တင်ပြခြင်းမှ ကင်းလွတ်ခွင့်ပြုကြောင်း ထုတ်ပြန်ထားသည်။

ထို့နောက် ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံရသေးသည့် သူများမှာ ခရီးစဉ်မတိုင်မီ ၄၈ နာရီအတွင်း RDT ဖြင့် ကိုဗစ် မရှိ ကြောင်း စမ်းသပ်ထားသည့် အဖြေကို လေဆိပ်၌ check in ဝင်သည့် အချိန်တွင် ပြသရန် မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ Check in ဝင်သည့် အချိန်တွင် ဆိုက်ရောက်သည့်မြို့၌ တည်းခိုးမည့် နေရာအား တိကျမှန်ကန်စွာ ဖြည့်စွက်ရမည် ဖြစ်ကြောင်း ပါရှိသည်။