CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀

ရှမ်းပြည်နယ် တောင်ပိုင်းရှိ ကလောမြို့အား ပြည်တွင်း၊ ပြည်ပခရီးသွားများအတွက် ရည်ရွယ်ကာ အပန်းဖြေ ခရီးသွားမြို့အဖြစ် အဆင့်မြှင့်တင်ရန် ၃ နှစ် စီမံကိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ CNI သတင်းဌာနသို့ ပြောသည်။

နစက ဥက္ကဋ္ဌက ရှမ်းပြည်တောင်ပိုင်းခရီးစဉ်တွင် ကလောမြို့အား အပန်းဖြေခရီးသွားမြို့ဖြစ်စေရေးအတွက် လမ်းညွှန်ချက်ပေးသွားသဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အဓိက အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူကျော်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် မာစတာပလန်ဦးစွာရေးဆွဲပြီး ခရီးသွားလုပ်ငန်းနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတို့အား အဓိကထား အကောင်အထည်ဖော်ရန် လုပ်ဆောင်နေကြောင်း ၎င်းကပြောသည်။

“အရင်ဆုံးကတော့ မာစတာပလန်ဆွဲလိုက်တာပေါ့။ အဓိက ခရီးစဉ်တစ်ခု ဖွံ့ဖြိုးလာဖို့က မာစတာပလန်က အဓိကကျတော့ ဒီ Tourism မာစတာပလန်ပေါ့ ဆွဲလိုက်တယ်။ ဆွဲပြီးတော့မှ မာစတာပလန်က ၂၀၂၃ ကနေ ၂၀၂၅ အထိ ၃ နှစ်ပေါ့။ အဲဒီမှာ ပထမနှစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ထဲမှာ အကောင်အထည်ဖော်ဖို့က မောမြေဦး ပန်းခြံကို အဆင့်မြှင့်တင်မယ် အဲဒါလေးတွေပါမယ်။ နောက်ပြီး မြို့အဝင်မှာ ရှမ်းမောင်နှမရုပ်ထု ထားဖို့ကိစ္စ၊ နောက် LED ဘုတ်ပေါ့နော်၊ LED ဘုတ်ကြီး ထောင်ပြီး အဲဒီမှာ ကလောမြို့ရဲ့ Attraction တွေကို ဗီဒီယိုရိုက်ပြီး အဲဒီ LED ဘုတ်မှာ ပြမယ်။ နောက်ပြီးတော့ လိုအပ်တဲ့မြို့နဲ့ပတ်သက်တဲ့ street light pole(လမ်းမီးတိုင်) လေးတွေပေါ့ အဲဒါမျိုးလေးတွေထားဖို့ လုပ်နေပါတယ်။ ကလောကကြတော့ local market လည်း ကြိုက်တယ်။ နောက် ရှမ်းပြည်နယ်တောင်ပိုင်းကို ဝင်ပေါက်မြို့လည်း ဖြစ်တယ်။ ရာသီဥတုလေးလည်း ကောင်းတယ်။ Tourism အငွေ့အသက်လေးတွေ အများဆုံးရှိတဲ့ နေရာလေးဆိုတော့ local လည်း ကြိုက်တယ်ပေါ့။ Foreigner market ကတော့ ဟိုးအရင်ကတည်းကရှိပြီးသားဆိုတော့ ပြန်ပြီးတော့ ဝင်လာမယ့် အနေအထားလေးတွေကို မျှော်ရမှာပေါ့” ဟု ဦးစည်သူကျော်က ပြောသည်။

၂၀၂၅ ခုနှစ်အထိ နှစ်အလိုက် ဆောင်ရွက်မည့် ကလောမြို့အား အပန်းဖြေမြို့အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် လက်ရှိ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွက်သာ မာစတာပလန် ရေးဆွဲရသေးခြင်းဖြစ်ကာ ဘဏ္ဍာငွေ ၁ ဘီလီယံ လျာထားကြောင်းသိရသည်။

ကလောမြို့ရှိ ဟိုတယ်တစ်ခုမြင်ကွင်း

ထို့အပြင် ၂၀၂၃-၂၀၂၄ ခုနှစ်နှင့် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ဆောင်ရွက်မည့်လုပ်ငန်းများအား ရှမ်းပြည်နယ် အစိုးရအနေဖြင့် ဒေသခံ၊ အဖွဲ့အစည်းများနှင့်တိုင်ပင်ဆွေးနွေးပြီးမှ မာစတာပလန် ရေးဆွဲလုပ်ဆောင်မည် ဖြစ်ကြောင်းလည်း သိရသည်။

ကလောမြို့သည့် ယခုလက်ရှိတွင် ခရီးသွားဝင်ရောက်မှုမှာ များပြားလျက်ရှိပြီး ထိုသို့ အပန်းဖြေခရီးသွားမြို့အဖြစ် ဆောင်ရွက်လိုက်သည့်အခါတွင် ခရီးသွားများလည်း ယခုထက် ပိုမိုများပြားလာနိုင်ပြီး ညဈေးတန်းပါ ထည့်သွင်း ဆောင်ရွက်သင့်ကြောင်း၊ စည်းကမ်းပိုင်းနှင့်ပတ်သက်၍လည်း သေချာစွာဆောင်ရွက်သင့်ကြောင်း ကလောမြို့ရှိ ဟိုတယ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“တကယ်တော့ ကလောမြို့ကို ဧည့်သည်တော်တော်များများ လာတယ်ဆိုတာက ကျနော်တို့ အတွေ့အကြုံအရ ပြောလို့ရှိရင် ကလောက သဘာဝပတ်ဝန်းကျင် မပျက်စီးသလောက်ရှိနေတာပေါ့ များသောအားဖြင့်။ နောက်ပြီးတော့ ကလောရဲ့ တောင်ပေါ်သဘာဝပေါ့။ သူ့ရဲ့ ဒေသခံသဘာဝ ဂေဟစနစ်တွေ မပျက်သေးတာ ပါတယ်။ ခရီးသွားများလာမယ်ဆို ကျနော်တို့က အဓိကလုပ်ရမယ့်အပိုင်းကတော့ စည်းကမ်းပိုင်းဗျ။ ပထမ နံပါတ်တစ် အရေးကြီးဆုံးက ခရီးသွားတွေကိုလည်း အသိပညာပေးရမှာ အမှိုက်နဲ့ပတ်သက်တဲ့ဟာပေါ့။ ကျနော်တို့ မြို့သန့်ရှင်းရေးကို ပျက်စီးစေတဲ့ဟာမျိုး။ အဲဒါကျတော့ ဌာနဆိုင်ရာဘက်ကနေ ပူးပေါင်းရမယ့်ဟာကတော့ အလွယ်တကူအမှိုက်ပစ်နိုင်တဲ့ အမှိုက်ပုံးလေးတွေ၊ အသိပညာပေးထားတဲ့ဟာမျိုးလေးတွေ၊ စည်းကမ်းထိန်းသိမ်း ရေးပိုင်းလေးတွေ။ နောက် ခရီးသွားများလာလေ ဘာတွေဖြစ်လာလဲဆိုတော့ ယာဉ်အသွားအလာတွေပေါ့။ ကား ပါကင်နေရာတွေ၊ ရပ်ဖို့နေရာတွေ။ ကျနော်တို့ ကလောရဲ့ အထင်ကရ နေရာတွေရှိတယ်။ ဥပမာ-ခရီးသွား အရမ်းများတဲ့နေရာတွေဆို အဲဒီနေရာတွေက လုံးဝပိတ်ဆို့သွားတယ်။ လူများတဲ့နေရာတွေမှာ Information စင်တာဖြစ်ဖြစ်၊ ဈေးသည်တွေလည်း ပိုစနစ်ကျအောင်ပဲဖြစ်ဖြစ် အဲဒီလို စည်းကမ်းပိုင်းလေးတွေ ပိုပြီး လုပ်ပေး နိုင်ရင်တော့ ပိုပြီးတော့ လှလှပပလေးနဲ့ အဆင်ပြေမယ်လို့ ထင်တာပဲ”ဟု ၎င်းက ပြောသည်။

မကြာခင်တွင် တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလ ရောက်ရှိတော့မည်ဖြစ်သဖြင့် ကလောမြို့ရှိ ဟိုတယ်များ၌ ယခုလက်ရှိကတည်းက ကြိုတင်ဘိုကင်များ ရရှိထားပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် သီတင်းကျွတ်ပိတ်ရက်ကာလတွင်လည်း ကလောမြို့ရှိ ဟိုတယ်အားလုံးတွင် အခန်းအားလုံး ပြည့်သည် အထိ ခရီးသွားဧည့်သည်ဝင်ရောက်မှုရှိခဲ့ပြီး အောက်တိုဘာ ၇ ရက်နေ့တွင် ၆၀၀ နီးပါး၊ ၈ ရက်နေ့နှင့် ၉ ရက်နေ့ တွင် ၃၀၀၀ နီးပါးရှိခဲ့ပြီး ၁၀ ရက်နေ့တွင် ၁၅၀၀ ဝန်းကျင်ခန့် ခရီးသွားဝင်ရောက်ခဲ့ကြောင်း ရှမ်းပြည်နယ် ဟိုတယ် နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။