CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀

ယခုကာလသည် ပွင့်လင်းရာသီဖြစ်၍ ပွဲလမ်းသဘင်နှင့် အလှူများ ပြုလုပ်လေ့ရှိသော်လည်း နိုင်ငံရေး မတည်မ ငြိမ်မှုများကြောင့် ယခင်ကထက် မြန်မာ့လက်မှုထုတ်ကုန် ပုသိမ်ထီးဈေးကွက်မှာ ငြိမ်သက်နေကြောင်း ပုသိမ်ထီး လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

မြန်မာ့လုပ်မှုထုတ်ကုန် ပုသိမ်ထီးလုပ်ငန်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အဓိက လုပ်ကိုင်လျက်ရှိ သည်။

သစ္စာမြန်မာ့ရိုးရာ ပုသိမ်ထီးလုပ်ငန်းမှ မကြူကြူအေးက “ဒီအချိန်ဆိုရင်တော့ မှာပြီပေါ့ အစ်မရယ်၊ အလှူအတန်း တွေနဲ့ဆိုတော့။ အခုဟာက အခြေအနေတွေက ဘယ်လိုမှန်း မသိသေးတော့ မမှာကြဘူး။ ကိုယ်တွေဆီတော့ မမှာ ကြပါဘူး။ သူများတွေဆီတော့ မှာတယ်။ အမှာတွေ ဝင်တယ်။ သူတို့က အိမ်ကြီးတွေဆိုတော့ ပိုက်ဆံရှိတဲ့ သူတွေ ဆိုတော့ လုပ်ထားနိုင်တာပေါ့ ပြောရမယ်ဆိုရင်။ အရင်တုန်းက ၁၀ ယောက်လောက် မှာတဲ့အချိန်မှာ အခုကတော့ ၂ ယောက်၊ ၃ ယောက်လောက်ပဲ ရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့ပုသိမ်ထီးကို ကထိန်လှည့်လည်ရာတွင် လည်းကောင်း၊ ရှင်ပြုရဟန်းခံ အလှူအတန်း ပြုလုပ်ရာတွင် လည်းကောင်း၊ စားသောက်ဆိုင်များနှင့် ဟိုတယ်များတွင် အလှအပ အဆောင်အယောင် အနေဖြင့် လည်းကောင်း၊ ဘုရားပွဲတော်များတွင် လည်းကောင်း အသုံးပြုကြသည်။

ဆူးလေဘုရားအနီးမှာ ပုသိမ်ထီးများ အလှချိတ်ထားစဉ်

လက်ရှိတွင် ပြည်တွင်း၌ စီးပွားရေး ကြပ်တည်းနေခြင်းနှင့် တချို့သော ဒေသများ၌ နယ်မြေတည်ငြိမ်မှု မရှိသည့် အတွက် ဘုရားပွဲတော်များ ပြုလုပ်မှုနည်းပါး ကြောင်း၊ ထို့ကြောင့် လတ်တလော ကထိန်ရာသီ အမှာစာများကိုသာ အား ထားနေရကြောင်း နေနတ်သား ပုသိမ်ထီးလုပ်ငန်းမှ ဒေါ်နီနီထွန်းက ပြောသည်။

ဒေါ်နီနီထွန်းက “အန်တီတို့ ပုသိမ်ထီးလောကက ကထိန်ကသာ အဓိက ကျန်တဲ့ဟာက ဘုရားပွဲတွေ ဘာတွေပေါ့။ အခုဟာက ဘုရားပွဲတွေ ဖြစ်မှမဖြစ်ဘဲ။ ဘုရားပွဲတွေ မဖြစ်တော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးပေါ့။ နဂိုဆိုရင် ကထိန်ပြီးရင် ဘယ်ရာသီမှာ၊ ဘယ်မြို့မှာ ဘုရားပွဲ သူ့ဟာနဲ့သူ ဖြစ်သွားတာကိုး။ အခုဟာက ဘုရားပွဲတွေ မရှိဘူး လေ။ ကထိန်တစ်ခုပြီးရင် ပြီးတဲ့ပုံစံ ဖြစ်နေတာလေ။ မှန်းရခက်သွားပြီပေါ့ ဒီနှစ်က” ဟု CNI သတင်းဌာနသို့ ပြော သည်။

ပုသိမ်ထီးကို မန္တလေး၊ ရန်ကုန်၊ ပုဂံ၊ ညောင်ဦး၊ မော်လမြိုင် စသည့် မြို့များနှင့် ပြည်တွင်း/ပြည်ပ ခရီးသွား ဧည့်သည်များမှ ဝယ်ယူလေ့ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျပ်အတည်းနှင့် စီးပွားရေး ကျဆင်းနေခြင်းကြောင့် မြန်မာ့လက်မှုထုတ်ကုန် ပုသိမ် ထီး လုပ်ငန်းများလည်း ယခင်နှစ်များကလို ဈေးကွက်မကောင်းကြောင်း၊ ထို့ကြောင့် ပုသိမ်ထီး လုပ်ငန်းအပေါ် မှီခိုနေရသည့် ပုသိမ်ထီး လုပ်သားများမှာလည်း အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးလာကြောင်း သိရသည်။