CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃


ထိုင်း-မြန်မာ နှစ်နိုင်ငံ လူအဝင်အထွက် ပိတ်ထားသည့် ကော့သောင်း - ရနောင်း နယ်စပ်ဖြတ်သန်းရေးဂိတ်ကို ယနေ့ (ဇွန်လ ၃ ရက်)တွင် ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ကော့သောင်း ရောက်ရှိနေကြသည်သူများထံမှ သိရသည်။

အဆိုပါ နယ်စပ်ဂိတ် ဖြတ်သန်းခွင့်ကို ကော့သောင်းနှင့် ရနောင်း နယ်မြေဒေသခံများကိုသာ လတ်တလောတွင် သွားလာခွင့် ပြုထားသည်ဟု ပြည်ပအလုပ်အကိုင် အကျိုးဆောင် ပွင့်ဖူးအောင် အေဂျင်စီမှ ဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်းက CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်မြတ်ဟေမာန်လင်းက “အခု အန်တီတို့က ကော့သောင်းမှာလေ။ သူတို့က နယ်မြေခံ စာအုပ်တွေပဲ ဖွင့်ပေးတယ်လို့ ပြော တယ်။ ခရီးသွားကဒ်တို့၊ Border Pass ကို ဖွင့်ပေးတာ မဟုတ်ဘူး။ သူတို့ နယ်မြေခံ ဟိုဘက်ကလည်း ရနောင်းနယ်မြေခံက လူပဲ ကော့သောင်းကို ကူးလို့ရမယ်။ ကော့သောင်းကလည်း ကော့သောင်းနယ်မြေခံပဲ ဟိုဘက်ကို ကူးလို့ရတယ်။ နယ်မြေခံ ကလည်း ရနောင်းကိုပဲ သွားလို့ရတာ။ ရနောင်းနယ်မြေပဲ သွားလို့ရတာသူတို့။ ရနောင်းကလူလည်း ကော့သောင်းအထိပဲ သွားလို့ရတယ် အဲလိုပြောတယ်” ဟု ပြောသည်။

ကိုဗစ်ကပ်ရောဂါ အခြေအနေများကြောင့် ပြီးခဲ့သည့် ၂ နှစ်ကျော်တွင် နှစ်နိုင်ငံ အပြန်အလှန် လူအဝင်/အထွက် သွားလာခွင့် ကို ပိတ်ထားခဲ့ကြောင်း၊ ယခုအခါတွင် ပထမဆုံးအကြိမ် ပြန်လည် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ကော့သောင်း-ရနောင်း နယ်စပ်ဂိတ် ကိုဗစ်စစ်ဆေး

လက်ရှိ ဖွင့်လှစ်လိုက်သည့်အပေါ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းသော်လည်း ညွှန်ကြားရေးမှူးမှာ အစည်းအဝေး တက်ရောက်နေခြင်းကြောင့် ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

သို့သော် မေလ ၂၄ ရက်နေ့မှ စတင်၍ ‌ကော့သောင်း - ရနောင်း နယ်စပ်ဂိတ်က တဆင့် နှစ်နိုင်ငံ သဘောတူညီမှုစာချုပ် MOU ဖြင့် အလုပ်သမားများကို စေလွှတ်နေကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာန သို့ ပြောသည်။

၎င်းက “MOU နဲ့ ပတ်သက်ပြီး ကော့သောင်းတို့၊ ရနောင်းတို့၊ မြဝတီ - မဲဆောက်၊ မြဝတီကနေ မဲဆောက်၊ ကော့သောင်းကနေ ရနောင်းကို ကျတော့ MOU နဲ့ စေလွှတ်တဲ့ အလုပ်သမားတွေကို တောက်လျှောက်ကို လွှတ်ပေးနေတယ်ပေါ့နော်။ အဲတော့ MOU က တောက်လျှောက် ကျနော်တို့ ၂၄ ရက်နေ့က စပြီးတော့မှ လုပ်ပေးနေတာပေါ့နော်။ MOU ကတော့ ကျနော်တို့ အသုတ်လိုက် အသုတ်လိုက် အားလုံးကို စေလွှတ်ပေးနေတာပေါ့။ ဟိုနေ့က ၂၂၂ ဦး၊ မနေ့က ၈၀ ဦးပေါ့နော်။ အားလုံးပေါင်း ၃၀၂ ဦး အဲဘက်ကနေပဲ လွှတ်ပေးပါတယ်” ဟု ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် နယ်စပ်ကုန်သွယ်ရေးဂိတ် ၃ ခုရှိကြောင်း၊ ထိုဂိတ်များမှာ ထားဝယ် - ထီးခီး၊ ဆင်ခွန် - မောတောင်နှင့် ကော့သောင်း - ရနောင်း စသည့် နယ်စပ်ဂိတ်များ ဖြစ်သည်။

လက်ရှိတွင် ကော့သောင်း - ရနောင်း နယ်စပ်ဂိတ် တစ်ခုသာ ဖွင့်လှစ်ထား၍ ကုန်သွယ်မှုနှင့် သွားလာခွင့် ရရှိထားကြောင်း၊ ကျန်နယ်စပ်ဂိတ်နှစ်ခုမှ လမ်းပိုင်း နယ်မြေလုံခြုံရေးအရ ကုန်သွယ်မှုနှင့် ဖြတ်သန်းသွားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။