CNI International News

ဂျွန်ဟန်နက်ဘတ်၊ ဇွန်လ ၂

ယူကရိန်းသို့ ရုရှား၏ ကျူးကျော်စစ်နှင့် ဘရန့်(Brent) ရေနံစိမ်း ဈေးတက်၍ လောင်စာဆီ နှုန်းထားများ အဆမတန်ကြီးမြင့် လာခြင်း၏ ဆိုးကျိုးသက်ရောက်မှုကို တောင်အာဖရိကပြည်သူများ ခံစားနေကြရကြောင်း အေပီသတင်းဌာနက ရေးသား ဖော်ပြသည်။

တောင်အာဖရိကနိုင်ငံ၏ အိမ်နီးချင်း ဇင်ဘာဘွေနှင့် အခြား အာဖရိကနိုင်ငံများတွင် လောင်စာဆီ ဈေးတက်သည့် ဒဏ်ကို အလူးအလဲ ခံစားနေကြရသည်။ အာဖရိကတိုက်၏ စီးပွားရေး အဖွံ့ဖြိုးဆုံးဖြစ်သည့် တောင်အာဖရိက ဒေသတွင်း၌ သဘာဝ ဓါတ်ငွေ့ဈေးသည် တစ်လီတာလျှင် ၁ ဒသမ ၅၀ ဒေါ်လာ အထက်တွင် ရှိနေပြီး တစ်ဂါလံလျှင် ၅ ဒသမ ၈၀ ဒေါ်လာထက် ကြီးမြင့်နေသည်။
ဒီဇယ်ဈေးကလည်း အလားတူ ကြီးမြင့်လာခဲ့သည်။ သို့ဖြစ်၍ တောင်အာဖရိကတွင် လောင်စာဆီဈေးမှာ ယမန်နှစ်ကထက် ၄၀ ရာခိုင်နှုန်း တက်လာခဲ့သည်။ ဈေးနှုန်းကြီးမြင့်လာမှုကို ထိန်းထားနိုင်ရန်အတွက် အစိုးရက လောင်စာဆီ ရောင်းချမှုအပေါ် အခွန်လျှော့ပေးခဲ့သည်။

ထိုသို့ ဆီဈေးတက်ရခြင်းမှာ ဘရန့်ရေနံစိမ်း ဈေးကြောင့် ဖြစ်ကြောင်း အစိုးရက အကြောင်းပြခဲ့သည်။

တောင်အာဖရိက ဓာတ်ဆီဆိုင် တစ်ဆိုင်မှ ဈေးနှုန်း (AP)

လောင်စာဆီ ဈေးတက်မှုသည် အလုပ်လက်မဲ့ ရာခိုင်နှုန်း ၃၄ ဒသမ ၅ ရှိပြီး Covid-19 ကပ်ရောဂါကြောင့် အလုပ်အကိုင် ၂ သန်း ဆုံးရှုံးခဲ့ရသော တောင်အာဖရိကအတွက် စီးပွားရေး မပြေလည်ခြင်းအား တစ်ပူပေါ် နှစ်ပူဆင့်စေခဲ့သည်။

အစားအသောက်၊ လျှပ်စစ်မီးနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များ တက်လာသဖြင့် စားသုံးသူများအတွက် ထိခိုက်နစ်နာမှုများ ယခုနှစ် တစ်နှစ်တာလုံးအတွက် နောက်ထပ် တိုးလာနိုင်စရာ ရှိကြောင်း စီးပွားရေးပညာရှင်များက သတိပေးထားသည်ဟု ဝစ်ဝါးတားစရင်းတက္ကသိုလ်မှ စီးပွားရေးပညာရှင် ပါမောက္ခ ဂျန်နီးရို့ဇိုက ပြောကြားခဲ့သည်။
စီးပွားရေး အကျပ်အတည်း တွေ့ကြုံနေရသော ဆင်းရဲသားများမှာ အကြီးမားဆုံး သက်ရောက်မှု ပိုမိုခံစားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“အစိုးရအနေနဲ့ လောင်စာဆီအပေါ် အခွန်စည်းကြပ်မှု လျှော့ချလိုက်တာဟာ ဘဏ္ဍာတော် ကောက်ခံမှုအပေါ် အကျိုး သက် ရောက်မှု ရှိတာကြောင့် ကုန်ကျစရိတ်တွေ ဖြတ်တောက်ပြီး ချွေတာသုံးစွဲတဲ့ သဘောပါပဲ။ အစိုးရ သာမန်ပြည်သူတွေ မျှော်မှန်းထားတဲ့အတိုင်း လုပ်ဆောင်ရမှာ ဖြစ်တယ်” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။
“ဈေးတက်တာတော့ မကြိုက်ဘူးဗျ။ တအားများလွန်းတယ်။ အခု ကလေးတွေ စားစရာဝယ်ဖို့ သိပ်ခက်တော့မှာ။ ဆီဖိုး မကုန် အောင် ကားတွေ ရောင်းရတော့မယ်ဗျာ” ဟု ဆော်ဝီတိုမြို့နယ်တွင် ယာဉ်မောင်းအဖြစ် လုပ်ကိုင်နေသူ မာဝီလက်မိုးကီက ပြောသည်။


ရုရှား-ယူကရိန်း စစ်ပွဲ(AFP)

မာဝီလက်မိုးကီသည် ကားထဲ ဆီဖြည့်ရန် ဓာတ်ဆီဆိုင်၌ ညဉ့်နက် သန်းခေါင်အထိ စောင့်ဆိုင်းတန်းစီရသည်။ တောင်အာဖရိကနိုင်ငံ၏ အိမ်နီးချင်းဖြစ်သော ဇင်ဘာဘွေတွင်လည်း လောင်စာဆီ ဈေးနှုန်းက အလားတူ တက်ခဲ့သည်။

ယူကရိန်းကို ရုရှားကျူးကျော်စစ် မစတင်မီကထက် ယခုအခါ ဓာတ်ဆီတစ်လီတာလျှင် ၁ ဒသမ ၇၀ ဒေါ်လာ ဈေးတက်ခဲ့ သည်။ ယူကရိန်းစစ်ပွဲကြောင့် ဈေးတက်ရသည်ဟု ဇင်ဘာဘွေအစိုးရက အသိအမှတ်ပြု ပြောကြားခဲ့သည်။

လောင်စာဆီဈေး ချပေးနိုင်ရန်အတွက် ဇင်ဘာဘွေတွင် ပြည်တွင်းဖြစ် အီသနောနှင့် မဖြစ်မနေ ရောနှောရသည့် သဘာဝ ဓာတ်ငွေ့ကို ပြန်သုံးဖို့ မိတ်ဆက်ရတော့သည်။ ဇွန်လ ၁ ရက်မှစတင်၍ ဓာတ်ဆီ ၂၀ ရာခိုင်နှုန်းကို အီသနော ရောစပ်ပြီးသား ဆိုင်ထုတ်ဈေးကို ၇ ဆင့်အထိ လျှော့ချမည်ဟု ဇင်ဘာဘွေ ပြန်ကြားရေးဝန်ကြီး မိုနီကာ မက်စဗန်ဂွါက ပြောကြားခဲ့သည်။

Source: AP