CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂

မြန်မာ-ထိုင်း ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ် - ထီးခီး ကုန်သွယ်ရေး စခန်း နှင့် စင်ခွန် - မောတောင် နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် ကုန်သွယ်မှု လုပ်ဆောင်နိုင်ခြင်း မရှိသည်မှာ တစ်လနီးပါး ကြာမြင့် လာပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်နှင့် စက်မှုအသင်းချုပ်ထံမှ သိရသည်။

ထားဝယ် - ထီးခီး လမ်းပိုင်းပေါ်တွင် တပ်မတော်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ PDF ပူးပေါင်း တပ်ဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားခြင်းကြောင့် လုံခြုံရေးအရ ကုန်စည်စီးဆင်းမှု လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း ထားဝယ်မြို့နယ်မှ ကုန်သည် ဦးထွန်းထွန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

ဦးထွန်းထွန်းမြင့်က “ထိုင်းဘက်ကတော့ သူတို့ သွားလာခွင့် ကြေညာထားပြီးတာပဲ ရှိသေးတာ။ ဒါပေမယ့် ဒီနေ့အထိ ဟိုဘက် ကတော့ မသိဘူးပေါ့နော်။ ကျနော်တို့ ထီးခီးဘက်ကတော့ အသွားအလာတွေ မရှိကြဘူးလို့ ပြောတယ်။ အဓိကက ဘယ်လို ပြောရမလဲဆိုရင် လုံခြုံရေး မကောင်းလို့ပေါ့နော် အဲလိုပေါ့။ အခုဆိုရင် တစ်လနီးပါးလောက် ရှိပြီ” ဟု ပြောသည်။

ထားဝယ် - ထီးခီး ကုန်သွယ်ရေး စခန်း

လက်ရှိတွင် ထားဝယ် - ထီးခီး သွားရာလမ်းကြောင်း၌ ဇွန်လ ၁ ရက်က ခရီးသည်တင် ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းသူ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထားဝယ်ဒေသခံများမှ ပြောသည်။

ထို့နောက် ထားဝယ် - ထီးခီးနှင့် စင်ခွန် - ‌မောတောင် နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှုများ မရှိသော်လည်း ရေထွက် ကုန်များကို ကော့သောင်း - ရနောင်း နယ်စပ်မှတဆင့် တင်ပို့ခွင့် ရရှိထားကြောင်း သိရသည်။

ရေထွက်ကုန် တစ်မျိုးတည်းကိုသာ တင်ပို့ခွင့် ပြုသည့်အတွက် တခြားသော ကုန်စည်များမှာ ပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေ့ နေရကြောင်း ဦးထွန်းထွန်းမြင့်က ပြောသည်။

ဦးထွန်းထွန်းမြင့်က “ကြက်သွန်နီ အပိုင်းမှာ‌တော့ ဆုံးရှုံးမှုတွေ ရှိတယ်လို့ ပြောသံ ကြားပါတယ်။ သူက ကားပေါ်မှာ တင်ထား ရတာကို ကြာပြီလေ။ အဲတော့ ကားပေါ်မှာ တင်ထားတာ လေးတော့ အပေါ်က ဖိ ဖိ ဖိ အောက်ဆုံးက အလိုလို နေရင်းနဲ့ကိုက အနာတွေဖြစ်ပြီး ပုပ်ပွ ကုန်တာပေါ့နော်၊ အဲလိုဟာတွေ ရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ကော့သောင်း - ရနောင်း နယ်စပ်ကုန်သွယ်ရေးတွင် ရေထွက်ကုန် တစ်မျိုးတည်းသာ ကုန်သွယ်မှုရှိနေကြောင်း၊ နှစ်ဖက်နိုင်ငံ လူ အဝင်/အထွက် သွားလာမှုကို တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း သိရသည်။

မြန်မာ/ထိုင်း နယ်စပ်ကုန်သွယ်ရေး (ထက်အောင်ကျော်)

ကော့သောင်း - ရနောင်း နယ်စပ်ဂိတ်ကို ဇွန်လ ၃ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်မည်ဟု သတင်းများ ထွက်ပေါ်နေသော် လည်း ထိုင်းနိုင်ငံဘက်မှ တရားဝင် အကြောင်းကြားလာခြင်း မရှိသလို မြန်မာနိုင်ငံ ဘက်ခြမ်းတွင်လည်း ထူးခြားမှု မရှိသေး ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်နှင့် စက်မှုအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ထိုင်းဘက်ကတော့ သူတို့ စာအရဆိုရင် တကယ်တမ်း ၁ ရက်နေ့ ဖွင့်တယ်နဲ့ တူတယ်ဗျ။ သူတို့ဘက်က ဖွင့်တယ် တော့ သိတယ်။ ဒါပေမယ့် ဒီဘက်ကတော့ ဘာမှ မထူးခြားသေးပါဘူး။ သူတို့ ဖွင့်မယ်ဆိုရင် သူတို့ကတော့ တရားဝင် ဒီဘက် အကြောင်းကြားတာတွေ ဘာတွေညာတွေ ရှိမှာပေါ့နော် အဲဒီလို။ ဒါပေမယ့် ခုချိန်ကတော့ မသိရသေးပါဘူး။ လက်ရှိကတော့ ဖွင့်တာတော့ မကြားသေးဘူး။ ဒါပေမယ့် ကော့သောင်း - ရနောင်း ကတော့ ငါးတို့၊ ပုဇွန်တို့၊ ပြီးရင် မြစ်ခရုတို့ကတော့ သွားနေ ကြတာပဲ” ဟု ပြောသည်။