CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ရှိ အလုပ်သမားဝန်ကြီးဌာနမှ ရွှေ့ပြောင်း အလုပ်သမားများအား ပြည်ပ အလုပ်အကိုင် အသိအမှတ်ပြုကတ်(OERC) ထုတ်ပေးရန် လုပ်ဆောင်နေသော်လည်း မထုတ်ခင်မှာ ထိုင်းအစိုးရက တရားဝင် လက်ခံလာအောင် အရင်ကြိုးစားသင့်သည်ဟု မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက် နေသည့် ကိုသားကြီး က CNI သတင်းဌာနသို့ ပြောသည်။

NUG အနေဖြင့် OERC ကတ် ထုတ်‌ပေးမည်ဆိုပါက ထိုင်းအစိုးရသို့ တင်ပြရမည်ဖြစ်ကြောင်း၊ OERC ကတ်ကို ထိုင်းအစိုးရ လက်ခံပါ့မလား မေးစရာဖြစ်နေကြောင်း၊ ထို့ကြောင့် OERC ကတ် မထုတ် ပေးခင် ထိုင်းအစိုးရ၏ တရားဝင် အသိအမှတ်ပြု လက်ခံရန် ဦးစွာကြိုးစားသင့်ကြောင်း ၎င်းက ပြောသည်။

ကိုသားကြီးက “လက်ရှိ NUG အစိုးရအနေနဲ့ ထိုင်းမှာရှိတဲ့ ပြည်သူတွေအတွက် OERC ကတ် ထုတ်ပေးမယ်ဆိုတဲ့ သတင်း အချက်အလက်တွေက အလုပ်သမားအရေးလုပ်တဲ့ ကျနော်တို့အတွက်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုပေမယ့် ထိုင်းအစိုးရက လက်ခံပါ့မလားပေါ့။ ထိုင်းအစိုးရ လက်ခံအောင်ရော NUG က ဘာတွေ ပြင်ဆင်ထားပြီးပြီလဲပေ့ါ။ နောက် အလုပ်သမား ဝန်ကြီးဌာန အနေနဲ့ ထိုင်းအစိုးရ လက်ခံအောင် လုပ်ပြီးမှသာလျှင် ဒီ OERC ကတ်ကို မြန်မာပြည်သူတွေ လက်ထဲ ထည့်ပေး မယ်ဆိုရင် ပိုပြီးတော့မှ ကောင်းလိမ့်မှာပေါ့။ ထိုင်းအစိုးရက ကျနော်တို့ အလုပ်သမားဝန်ကြီးဌာနကို တရားဝင် ဝန်ကြီးဌာန အဖြစ်၊ NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြု လက်ခံပေးအောင် အရင် ကြိုးစားရမယ်။ ပြီးမှသာလျှင် မြန်မာ ပြည်သူတွေအတွက် မိမိတို့ဝန်ကြီးဌာနက ထုတ်ပေးတဲ့ OERC ကတ်ကို ထုတ်ပေးရင် ပိုပြီးတော့မှ ကောင်းလိမ့်မယ်ပေါ့။ မိမိ တို့ ဌာနက လုပ်တဲ့လုပ်ရပ်ဟာ အချည်းအနှီး မဖြစ်ဘဲနဲ့ အသက်ဝင်မှာပေါ့။ အများပြည်သူအတွက်လည်း အကျိုးရှိတဲ့ လုပ်ရပ် တစ်ခု ဖြစ်တယ်လို့ ပြောလိုတယ်”ဟု CNI သတင်းဌာနက ပြောသည်။

NUG စုဖွဲ့မှုကိုတွေ့ရစဉ်

ထိုင်းနိုင်ငံတွင် တရားမဝင်နှင့် တရားဝင် ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း (၇)သန်းခန့် ရှိသည့်အတွက် NUG အား အစိုးရ တစ်ရပ်အဖြစ် ထိုင်းအစိုးရထံမှ တရားဝင် အသိအမှတ်ပြု မခံရပါက OERC ကတ်သည် အရာမရောက်ဘဲ အချည်းအနှီး ဖြစ် သွားနိုင်ကြောင်း ၎င်းက ပြောသည်။

NUG အနေဖြင့် OERC ကတ် ထုတ်ပေးခြင်းအား ဇွန်လကုန်တွင် စတင် အကောင်အထည်ဖော်မည်ဟု သိရကြောင်း၊ ထိုသို့ လုပ်ဆောင်ပါက ကတ်လုပ်ရန် လျှောက်ထားသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ စာရင်းအား အပြင်သို့ မပေါက်ကြားစေ ရန် အထူးသတိပြုရမည်ဟု ရွှေ့ပြောင်းအလုပ်သမားနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ရွှေ့ပြောင်း အလုပ်သမားတစ်ဦးက “NUG ကတော့ သေသေချာ‌ချာလေး စည်းကမ်းရှိရှိ လုံလုံခြုံခြုံလေးလုပ်ဖို့ ဖြစ်သင့်တယ်။ ထိုင်းမှာလည်း စစ်ကောင်စီက လွှတ်ထားတဲ့ ထောက်လှမ်းရေးတွေလည်း ရှိတယ်။ ဒီစာရင်း ဇယားနဲ့ ပတ်သက်တာကို NUG အစိုးရအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် လုံခြုံရေးကိစ္စကို တော်တော်လေး လုပ်ရမှာ။ ထိုင်းဥပဒေနဲ့တော့ ဘာမှ ကြောက် စရာ မလိုဘူး။ ကြောက်စရာ ကောင်းတာက ဒီဟာတွေ ပေါက်ကြားသွားမယ်ဆိုရင် မြန်မာဘက်အခြမ်းမှာ ရန်ရှာမှာပဲ ကြောက်တာ။ မြန်မာဘက်မှာ အိမ်တွေကို လိုက်တာတို့က တကယ်လည်းရှိနေတာ၊ တကယ်လည်း တွေ့နေတာ” ဟု ပြော သည်။

မြန်မာရွှေ့ပြောင်း အလုပ်သမား အများဆုံးရှိသော နိုင်ငံတစ်ခုဖြစ်သည့် မလေးရှားတွင် မလေးရှားအစိုးရမှ NUG အား အသိ အမှတ် ပြုသည့်အတွက် ထိုနိုင်ငံတွင် OERC ကတ် ထုတ်ပေးသည်မှာ ကောင်းမွန်ကြောင်း အလုပ်သမားအရေး လုပ်ဆောင် နေသူများက ပြောသည်။

ထိုင်းသို့ သွားရောက်မည့် မြန်မာအလုပ်သမားများကို နယ်စပ်မှာ စစ်ဆေးနေစဉ်

ထို့နောက် ယခုကဲ့သို့ ရွှေ့ပြောင်း အလုပ်သမားများအတွက် သက်သေခံ ကတ်ပြားမျိုး ထုတ်ပေးခြင်းသည် တစ်စုံတစ်ရာ အကျိုးရှိကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က CNI သတင်းဌာန သို့ ပြောသည်။

ဦးထူးချစ်က “ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သတိထားရမှာက တစ်ဖက်ကလည်း အန္တရာယ်ရှိနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်နေတော့ ကျနော်တို့ အနေနဲ့ကတော့ အလုပ်သမားတွေ ကိုယ်တိုင်ကပဲ အချက်အလက်ကို ပြည့်ပြည့်စုံစုံနဲ့ စုဆောင်း ပြီးတော့ သူတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်စေချင်ပါတယ်။ သူတို့ဆုံးဖြတ်ပါ။ အကျိုးအမြတ်က‌တော့ လုပ်ပေးတဲ့ ရည်ရွယ်ချက်တွေ ကတော့ အလုပ်သမားတွေကို အကာအကွယ် ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိတော့လေ၊ လုပ်မယ်ဆိုပြီး ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ရှိရင်တော့ လုပ်ပေါ့” ဟု ပြောသည်။

NUG ၏ OERC ကို လျှောက်ထားခြင်း၊ လက်ဝယ်ကိုင်ဆောင် ထားခြင်း စိစစ်တွေ့ရှိပါက Black List စာရင်းသွင်းမည်ဖြစ် ကြောင်း၊ ထို့နောက် ပြည် ဝင်/ထွက်ခွင့် ပိတ်ခြင်း၊ နိုင်ငံကူးလက်မှတ် ပယ်ဖျက်ခြင်းနှင့် နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းတို့ ခံရ မည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ အပါအဝင် တည်ဆဲ ဥပဒေများအရ အရေးယူ ခံရမည်ဖြစ်ကြောင်း နစက၏ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ထို့နောက် ပြည်ပနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်မည်ဆိုပါက လေဆိပ်၊ နယ်စပ်ဂိတ်တို့တွင် နစက၏ အလုပ်သမား ဝန်ကြီးဌာနမှ ထုတ်ပေးသည့် OWIC ကတ် ပါရှိမှသာ ပြည်ပသို့ သွားရောက် နိုင်မည်ဟုလည်း ထုတ်ပြန်ထားသည်။