CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၄

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွင် တပ်မတော်က နိုင်ငံရေးအာဏာရယူသည့်အခါမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေး တည်ဆောက်မှု၌ မည်ကဲ့သို့ ကွဲပြားခြားနာမှုများ ရှိသလဲဆိုသည့်အပေါ် မြန်မာ့နိုင်ငံရေးသမား များနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များမှ နှိုင်းယှဉ်သုံးသပ် ဆွေးနွေးလျက်ရှိသည်။

ထိုင်းနိုင်ငံတွင် တပ်မတော်မှ အာဏာရယူမှု ဖြစ်ပေါ်တိုင်း တိုင်းပြည်၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ခရီး သွားကဏ္ဍများ ထိခိုက်မှုမရှိဘဲ ပုံမှန်လည်ပတ်လျက်ရှိနေသော်လည်း မြန်မာပြည်၌ တပ်မတော်က အာဏာယူမှု ဖြစ်ပေါ်သည့်အချိန်မှာတော့ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာ‌ရေး၊ ကျန်းမာရေးများမှာ ကျဆင်းမှုများရှိခဲ့သည်။

ထိုင်းနိုင်ငံတွင် တပ်မတော်က အာဏာရယူမှု ဖြစ်ပေါ်တိုင်း အမေရိကန်မှ အရေးယူပိတ်ဆို့မှု မရှိသလို လူထုနှင့် တပ်မတော်မှာလည်း အကြမ်းဖက်မှုများ မလုပ်ဆောင်ကြကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက  “ထိုင်းမှာလည်း Sanctions တော့ မပိတ်ပါဘူး။ ဒါပေမယ့် သိမ်းခါလေး တစ်ချက်တော့ အမေရိကန်က ဘာညာပေါ့၊ ပေးနေတာလေးတွေ ခဏရပ်တာတွေ ဘာတွေတော့ ရှိပါတယ်။ သို့သော်လည်းပဲ ထိုင်းက ပျော့ပြောင်းညင်သာပါတယ်။ အာဏာသိမ်းတယ် လူထုကလည်း ကြီးကြီးကျယ်ကျယ် မဆန့်ကျင်ဘူး။ လူထုလည်း ထိခိုက်နစ်နာမှု မရှိဘူး။ ထိုင်းဘုရင်ကလည်း မဏ္ဍိုင်ဖြစ်တာကိုး။ ထိုင်းဘုရင်ကိုယ်တိုင်က ဒီအပြုအမှု ကို မကန့်ကွက်ဘူးဆိုရင် ပြန်ငြိမ်သွားတာပဲ။ ထိုင်းဘုရင်ကိုယ်တိုင်က ကြားဝင်တယ်ဆိုတဲ့ အာဏာသိမ်းမှုတွေက တော့ မအောင်မြင်ဘူးပေါ့ဗျာ၊ ဗိုလ်ချုပ်ကြီး ဆူချင်ဒါ လက်ထက်မှာ ဖြစ်ခဲ့တာ မအောင်မြင်တဲ့ ပွဲတွေလည်း ရှိပါ တယ်။ ထိုင်းဘုရင်ကိုယ်တိုင်က ခေါ်ပြီးတော့ သွန်သင်ဆုံးမလိုက်တဲ့ အခါကြတော့ မဖြစ်တော့ဘူး အကြမ်းဖက် တာတွေရော ဆူချင်ဒါ တုန်းကလည်း ခတ်ကြမ်းကြမ်း လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဘုရင်ကိုယ်တိုင်က မဏ္ဍိုင်ပြုပြီး တော့ ထိန်းသိမ်းပါတယ်” ဟု ပြောသည်။

မြန်မာပြည်တွင် ကြားဝင်ထိန်းသိမ်းမည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ မရှိကြောင်း၊ ထို့ကြောင့် လက်ရှိအချိန်အထိ အတောမသတ်နိုင်ဘဲ ဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်တို့ တိုင်းပြည်မှာက မဏ္ဍိုင်က မရှိဘူးဗျ။ မင်းကမင်းဘဲ ငါကငါဘဲဆိုပြီးတော့ အဲဒီလို ဖြစ်လာတော့ ကြားဝင်မဏ္ဍိုင်က မရှိတဲ့အခါကြတော့ အခက်အခဲဖြစ်တာ၊ ကျနော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေကို ကျနော်ပြောဖူးတယ်၊ အာဏာသိမ်းခါစ ကြားဝင်မဏ္ဍိုင်အဖြစ် ရပ်ပြီးတော့ ကြားဝင်ရင် ကောင်းမလားဆိုတော့ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေလည်း သိပ်မရဲကြဘူးဗျ၊ အဲဒီတုန်းက ကျနော် တို့ ရဲရဲရင့်ရင့်နဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ စုစည်းပြီးတော့ တော်ကြတော်ကြဆိုပြီး ဝင်လိုက်ရင် တစ်မျိုး ဖြစ်နိုင်တယ်။ အခုကြားမဏ္ဍိုင်ဝင်တဲ့လူ မရှိတဲ့အခါကြတော့ လက်လွန်လက်လွန်ရင်းနဲ့ ဟိုဖက်ကလွန် ဒီဖက်က လွန်နဲ့ နောက်ဆုံး အခုချိန်ထိ အတောမသတ်နိုင်တဲ့ အကြမ်းဖက်မှုတွေ အနိဋ္ဌာရုံတွေ ပေါ်လာရတာကိုး” ဟု ပြော သည်။

ထိုင်းနိုင်ငံတွင် ၁၉၃၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ထိုင်းစစ်တပ် အာဏာသိမ်းမှုမှာ ၁၉ ကြိမ်အထိ ရှိခဲ့သည်။ မြန်မာ ပြည်တွင်မူ အကြိမ်အရေအတွက် နည်းသော်လည်း တစ်ကြိမ်ဖြစ်တိုင်း ဆယ်စုနှစ်ဖြင့် ကြာမြင့်တတ်ကြောင်း သိရသည်။

ထိုင်းအာဏာသိမ်းမှုတွင်လည်း စီးပွားရေးကျဆင်းမှုများ ရှိနေကြောင်း၊ သို့သော်လည်း နှစ်နိုင်ငံကို နှိုင်းယှဉ်မည်ဆို ပါက စီမံခန့်ခွဲမှုမှာ ကွာခြားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်အေးလွင်က CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းအိမ်စောင့်အစိုးရ ဒု၀န်ကြီးချုပ် ဒွန်ပရာမွတ်ဝီနိုင်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

၎င်း “ပြောချင်တာတော့ ထိုင်းနိုင်ငံမှာလည်း အာဏာသိမ်းတိုင်း၊ သိမ်းတိုင်းမှာ စီးပွားရေး ကျဆင်းမှုတွေ၊ ထိခိုက်မှု တွေ အများကြီးရှိပါတယ်။ သို့သော်လည်း သူတို့ဆီမှာ ရှိနေတဲ့ Institution တွေ၊ သူတို့ဆီမှာ ရှိနေတဲ့ ပညာရှင် တွေရဲ့ ပါဝင်မှုတွေက မြန်မာပြည်ထက် အများကြီး သာတယ်၊ မြန်မာနိုင်ငံမှာကတော့ စစ်အာဏာရှင်တွေကနေ အာဏာသိမ်းလိုက်ပြီဆိုရင် အဲဒီမှာ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းမှုတွေ ဖြစ်တဲ့အတွက်ကြောင့် အဲဒီလိုမျိုး စီးပွားရေး ကျဆင်းမှုတွေ၊ တိုင်းပြည်ရဲ့ အခြေအနေတွေ ဆုတ်ယုတ်မှုတွေက အများကြီး ဖြစ်လာတယ်။ အဲဒီတော့ နှစ်ခု နှိုင်း ယှဉ်ပြီးတော့ ကျ‌နော်ပြောမယ်ဆိုရင်တော့ ကျနော် နားလည်ချက်ကတော့ အာဏာသိမ်းတဲ့ လူတွေရဲ့ စီမံအုပ်ချုပ် ပုံမှာ ကွာခြားချက်တွေကြောင့် ဖြစ်တယ်လို့ အဲဒီလို နားလည်တယ်၊ ကျနော်တို့ တိုင်းပြည်ရဲ့ စစ်အာဏာရှင်တွေရဲ့ စီမံအုပ်ချုပ်မှု အရမ်းကို ညံ့ဖျင်းတဲ့အတွက်ကြောင့် ဒါမျိုးတွေ ကြုံလာရတယ်လို့ အဲဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။

နိုင်ငံ၏ အခြေခံအုတ်မြစ်ဖြစ်သော လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းများ ပျက်ယွင်းနေပါက လက်နက်ကိုင်ပဋိပက္ခများမှာ ဖြစ်ပွားနေမှာဖြစ်ကြောင်း ပြည်သူ့ပါတီ (PP)မှဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

ဦးကိုကိုကြီးက “အဓိကကတော့ ကျနော်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရဆိုတာ ဘယ်လို နည်းနဲ့ပဲ အစိုးရဖြစ်ဖြစ်၊ နိုင်ငံရဲ့ ပြဿနာ အဝဝဟာ တာဝန်အရှိဆုံးကတော့ အစိုးရပဲ။ အဲဒီတော့ ကျနော်တို့ နိုင်ငံသမိုင်းမှာ အစိုးရအဆက်ဆက်ကတော့ ကျနော်တို့ နိုင်ငံလက်ရှိ ကြုံတွေ့နေရတာတွေ အားလုံးအတွက် တာဝန်အရှိဆုံးပဲလို့ ကျနော်ကတော့ ပြောချင်တယ်၊ ဒီလိုမျိုး မတည်ငြိမ်မှုတွေ ဖြစ်တယ်ဆိုတာလည်း အတိုက်အခံတွေကြောင့် မြေပေါ်မြေအောက်ကြောင့် ဆိုတာမျိုး အပြစ်ပုံချရုံနဲ့ မပြီးဘူး။ ဘာကြောင့် အဲဒီပြဿနာတွေ ဖြစ်သလဲ၊ အခြေခံ အကျဆုံးကတော့ လွတ်လပ်ရေး ကြေညာစာတမ်း ရန်ကုန်မြို့လယ်ခေါင် လွတ်လပ်ရေးကျောက်တိုင်တွေမှာ ထွင်းထုထားတာတွေအရက ကျနော်တို့ နိုင်ငံရဲ့ အခြေခံအုတ်မြစ်က လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီ မျှခြင်း ပေါ့နော်၊ အဲဒီအခြေခံတွေ ပျက်ယွင်းပြီဆိုရင် ခုနက နိုင်ငံရေး မကျေနပ်မှုတွေ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်တာက အဲဒီလွတ်လပ်မှု၊ တရားမျှတမှုပေါ့နော်၊ တန်းတူညီမျှမှု အဲဒီအခြေခံတွေ ပြန်ပြီးတော့ မတည်‌ဆောက် နိုင်မချင်း၊ ဒီနိုင်ငံရေးပဋိပက္ခ၊ လက်နက်ကိုင် ပဋိပက္ခတွေကတော့ သက်ဆိုးရှည်နေမှာပဲ” ဟု ပြောသည်။

လက်ရှိ ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခကြောင့် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေးများမှာ အဘက်ဘက်က ယိုယွင်းကျဆင်းလျက်ရှိနေပြီး ပြည်သူလူထုများမှာလည်း အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။