CNI International News

ဘန်ကောက်၊ သြဂုတ် ၂၄ 

ထိုင်းတွင် အယောက် ၃၀ မြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် ဖြူးထိုင်းပါတီမှ ဆရီသာ သာဗင်စင် (Sretha Thavisin) သည် ယခင်ဝန်ကြီးချုပ်များနှင့် မတူဘဲ ခက်ခဲသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရဖွယ်ရှိနေ သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။ 

အဘယ်ကြောင့်ဆိုသော် ဖြူးထိုင်းပါတီက ဦးဆောင်ဖွဲ့စည်းမည့် ညွန့်ပေါင်းအစိုးရအဖွဲ့ထဲတွင် နိုင်ငံရေးပါတီ အများအပြား ပါဝင်နေခြင်းကြောင့် ဖြစ်သည်။ 

နိုင်ငံရေးပါတီများ များပြားသည်နှင့်အမျှ ဆရီသာ၏ အစိုးရအဖွဲ့ အတွင်း သဘောထားရေးရာ အကွဲအပြဲများ၊ မူဝါဒချမှတ်မှုများ၊ ပုဂ္ဂိုလ်ရေး ပြိုင်ဆိုင်မှုများနှင့် အကျိုးစီးပွား ပြဿနာများ ဖြစ်ပွားလာနိုင်သည်ဟု ထိုင်းနိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။ 

အထူးသဖြင့် အုပ်ချုပ်ရေးကဏ္ဍတွင် ရာထူးနေရာ ရယူလိုမှုများအတွက် ညွန့်ပေါင်းအဖွဲ့အတွင်း နေရာခွဲတမ်း ချထားပေးမှုသည် ဆရီသာအတွက် ပထမဆုံး ရင်ဆိုင်ရမည့်ပြဿနာတစ်ရပ် ဖြစ်နေသည်။ 

ထိုင်းနိုင်ငံရေး တင်းမာမှုကို ပြသနေစဉ်

ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်သည့် ပါတီအားလုံးကို အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးပိုင်းတွင် နေရာပေးရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဆရီသာသည် ပါတီများစွာ ပါဝင်သည့် ညွန့်ပေါင်းအစိုးရကို ဦးဆောင်ရာတွင် နိုင်ငံရေးအရ စိန်ခေါ်မှု များနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

စီးပွားရေးရှုထောင့်မှ ကြည့်မည်ဆိုပါလည်း ထိုင်းပြည်သူများအား ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့မည့် အစီအစဉ် ကို အခြားမိတ်ဖက် ပါတီများက မေးခွန်းထုတ်နေသည်။

ထို့ပြင် ဆေးခြောက် အသုံးပြုခွင့်နှင့်ပတ်သက်ပြီး ဆရီသာနှင့် ညွန့်ပေါင်းအစိုးရတွင် ပါဝင်မည့် Bhumjaithai ပါတီအကြား ထိတ်တိုက်တွေ့မှုများ ဖြစ်ပွားလာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။ 

ယခင်အစိုးရလက်ထက်က ချမှတ်ထားသည့် စီမံကိန်းများကို ဖြူးထိုင်းပါတီက ပြန်လည်စိစစ်သုံးသပ်ပြီး စီမံကိန်း အသစ်များကို ချမှတ်မည်ဆိုပါကလည်း ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်း ပါဝင်မည့် ပါတီများအကြား အခြေခံကျ သည့် သဘောထား ကွဲလွဲမှုများ ဖြစ်ပွားလာနိုင်သည်။ 

Bhumjaithai ပါတီ ခေါင်းဆောင်နဲ့ ဖြူးထိုင်းပါတီ ခေါင်းဆောင်ကိုတွေ့ရစဉ်

အဘယ်ကြောင့်ဆိုသော် ဖြူးထိုင်းဦးဆောင်သည့် ညွန့်ပေါင်းအစိုးရတွင် ယခင်အစိုးရထဲမှ ပါတီများ ပါဝင်နေခြင်း ကြောင့် ဖြစ်သည်။

နိုင်ငံခြားရေးမူဝါဒသည်လည်း ဖြူးထိုင်းဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့အတွက် အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ညွန့်ပေါင်းတွင် ပါဝင်နေသည့် ပါတီများအနက် အချို့ပါတီများက အမေရိကန်ကို လိုလား ပြီး အချို့ပါတီများက တရုတ်ကို လိုလားနေခြင်းကြောင့် ဖြစ်သည်။ 

ထို့ကြောင့် ဝန်ကြီးချုပ်သစ် ဆရီသာအနေနှင့် နိုင်ငံရေး၊ စီးပွားရေးနှင့် သံတမန်ရေး စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းရာတွင် အခက်အခဲများစွာ ကြုံတွေ့ရနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Thai PBS World