CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၄

အီလွန်မာ့စ် (Elon Musk) သည် ကွန်ဆာဗေးတစ်နိုင်ငံရေးအုပ်စုကို လျှို့ဝှက်ငွေကြေး ထောက့်ပံ့ခဲ့ကြောင်း ထိုအကြောင်းအရာနှင့် နီးစပ်သူ ၄ ဦးက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

စွန့်ဦးတည်ထွင်သူ ဘီလျံနာတစ်ဦးဖြစ်သည့် မာ့စ်သည် ဇူလိုင်လအတွင်းက သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံခဲ့ပြီး ထိုအချိန် မတိုင်မီကတည်းက လက်ယာယိမ်း နိုင်ငံရေးသမားများကို ငွေကြေးအကူအညီ ပေးခဲ့ ခြင်းဖြစ်သည်။

မာ့စ်သည် ၂၀၂၂ ခုနှစ်ကစပြီး Building America's Future အမည်ရှိ အဖွဲ့အစည်းတစ်ခုကို ငွေကြေးများ လှူဒါန်းခဲ့သည်ဟု ထိုအကြောင်းအရာနှင့်နီးစပ်သည့် လူပုဂ္ဂိုလ် ၂ ဦးက ရိုက်တာသတင်းဌာနသို့ ပြောသည်။

ထိုပုဂ္ဂိုလ် ၂ ဦးထဲမှ ၁ ဦးဖြစ်သူနှင့် တတိယမြောက်တစ်ဦး၏ ပြောကြားချက်အရ လှူဒါန်းငွေ ပမာဏသည် ဒေါ်လာသန်းချီရှိခဲ့ပြီး ထိုနိုင်ငံရေးအုပ်စုသည် သမ္မတဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့ကို ဝေဖန်သည့် လူမှုမီဒီယာလှုပ်ရှားမှုများနှင့် ကြော်ငြာများတွင် မာ့စ်၏လှူဒါန်းငွေများကို သုံးစွဲခဲ့သည်ဟု ဆိုသည်။

အီလွန်မာ့စ်နဲ့ ထရမ့်ကို တွေ့ရစဉ်

မာ့စ်၏ ငွေကြေးထောက်ပံ့မှု ပမာဏ အတိအကျနှင့် လှူဒါန်းသည့် အချိန်စာရင်း အတိအကျကိုမူ ရိုက်တာ သတင်းဌာနအနေဖြင့် အတိအကျ ဆုံးဖြတ်နိုင်ခြင်းမရှိပေ။

အောက်တိုဘာ ၂ ရက်ကလည်း  The Wall Street Journal က မာ့စ်သည် ရီပတ်ဘလစ်ကန် လိုလားသည့် အခြားအုပ်စုများကိုလည်း ငွေကြေးထောက့်ပံ့ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထိုသတင်းများနှင့်ပတ်သက်ပြီး မာ့စ်နှင့်  Building America's Future အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတို့က မှတ်ချက် ပေးခဲ့ခြင်း မရှိပေ။

Tesla ကားကုမ္ပဏီ၊ SpaceX အာကာသကုမ္ပဏီနှင့် X လူမှုမီဒီယာတို့ကို ပိုင်ဆိုင်သည့် ဘီလျံနာတစ်ဦးဖြစ်သူ မာ့စ်သည် အမေရိကန်တွင် မည့်သည့်နိုင်ငံရေးပါတီကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ သိုသိုသိပ်သိပ် နေခဲ့သူဖြစ်သည်။

မတ်လအတွင်းကမူ မာ့စ်က သူသည် အမေရိကန်ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများကို ငွေကြေးများ လှူဒါန်းခြင်းမရှိကြောင်း X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

Source: ရိုက်တာ