CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂

ပြည်သူလူထု စားဝတ်နေရေး ပြေလည်စေရန် ရည်ရွယ်ချက်ဖြင့် အခြေခံစားသောက်ကုန်ဈေးနှုန်း အပါအဝင် ကုန်ဈေးနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်ချက်ဖြင့် ဇူလိုင်လ ၂၇ ရက်နေ့တွင် ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီကို ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

ယင်းကော်မတီသည် အမှန်တကယ် ကုန်ဈေးနှုန်းကို တည်ငြိမ်လာစေရန် လုပ်ဆောင်နိုင်ပါ့မလားဆိုသည့် အမြင်ယူဆချက်များ ရှိနေကြောင်း၊ ယင်းကော်မတီအနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို တည်ငြိမ်ရေး ဆောင်ရွက် ရာတွင် လုပ်ဆောင်ချက်များနှင့် အရေးယူဆောင်ရွက်မှုကဏ္ဍများကို အများပြည်သူသိရှိရန်အတွက် ချပြသင့် သည်ဟု Via Logistics တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာနသို့ ပြောသည်။

“တိုင်ဖို့ကတော့ ကျနော်တို့တာဝန်၊ အရေးယူတဲ့အပိုင်းကတော့ သူတို့ကိစ္စပေါ့။ မထိန်းတာထက်စာရင် ထိန်းတာ ကောင်းတယ်။ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာတော့ သူတို့ရဲ့ မူဝါဒက အခုတော့ ဖွဲ့လိုက်ပြီ ကုန်ဈေးနှုန်း အဖွဲ့အစည်း ဘာညာဖွဲ့လိုက်ပြီ။ အခု ဒီနေ့ဖွဲ့တယ် ဘယ်တော့ အရေးယူမှာလဲ ဒါတွေအကုန်လုံးကို ပြည်သူကို ပွင့်ပွင့်လင်းလင်းပြ။ ဘယ်သူ့ကို အရေးယူလိုက်ပြီ။ ဘယ်သူ့ကိုတိုင်တယ်ပြရင် လူထုက လက်ခံမှာပဲ။ မဟုတ်ရင် တော့ လျှိုဝှက်ပြီး ကိုယ့်ဟာကိုယ် လုပ်နေရင်တော့ ထင်မှာပဲလေ ဘာမှလည်း ဖမ်းတာမဟုတ်ပါဘူး။ သူတို့ဟာ သူတို့ ဂွင်ရှာတာပါ အဲဒီလိုမျိုး ဖြစ်သွားမှာပေါ့နော်” ဟု ပြောသည်။

ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်အပါအဝင် အဖွဲ့ဝင် ၁၉ ဦး ပါဝင်သည်ကို တွေ့ရသည်။

ဝန်ကြီးဌာနမှ တာဝန်ရှိသူများသာ ပါဝင်ပြီး စီးပွားရေးဆိုင်ရာ ပညာရှင်များမပါဝင်သည့်အတွက် အခြေခံ ပြည်သူများတွင် အမှန်တကယ်ကြုံတွေ့နေရသည့် ကုန်ဈေးနှုန်း ကြီးမြင့်နေသည့် အချက်အလက်များကို အမှန်တကယ် ရရှိနိုင်မည် မဟုတ်ကြောင်း၊ ပြည်သူလူထုနှင့် နီးကပ်သည့် ပညာရှင်များကို ထည့်သွင်းရန် လိုအပ်ကြောင်း၊ ထို့နောက် ကော်မတီတွင် ပါဝင်သူများက ဈေးကွက်အတွင်း ကိုယ်တိုင်ကွင်းဆင်း လေ့လာ သင့်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

ရန်ကုန်မြို့ရှိ လမ်းဘေးဈေးတန်းတစ်ခု(ဓါတ်ပုံ-CNI)

“သူတို့ ဘယ်လောက်ဆောင်ရွက်နိုင်မလဲဆိုတာ ကြည့်ရမှာပေါ့။ အဖွဲ့အစည်းကတော့ အစိုးရဌာနဝန်ကြီးဌာနက လူတွေပဲ ဖွဲ့စည်းတယ်၊ ကုန်သည်အသင်းချုပ်က တစ်ယောက်ပါတယ်။ ကျန်တာပညာရှင်တွေ ပါတာမတွေ့ဘူး။ ပညာရှင်တွေပါတာ မတွေ့တဲ့အတွက်ကြောင့်မို့လို့ သူတို့ ဘယ်လောက်လုပ်ဆောင်နိုင်မလဲ အတိုင်းအတာတော့ ဆရာတို့ စောင့်ကြည့်ရမယ်။ ဘယ်လောက်အရေးယူ ဆောင်ရွက်နိုင်မလဲဆိုတာ ကြည့်ရမယ်။ 

လောလောဆယ် ပြောလိုတာကတော့ စားသုံးဆီပေါ့ ၄၂၉၅ ကျပ်နဲ့ရောင်းတဲ့ စားသုံးဆီ ပြင်ပမှာ ၁ သောင်းဖြစ်နေတဲ့ဈေးကို သူတို့ ဘယ်လိုလျှော့ချနိုင်မလဲဆိုတာ အရင်ဆုံး စောင့်ကြည့်ရမယ်။ အောက်ခြေလူတန်းစားတွေရဲ့ သက်ရောက်မှုတွေ ကို မေးတယ်၊ ဖမ်းတယ် အဲဒီလို သူတို့ လုပ်နိုင်ပါ့မလား။ သူတို့က ရုံးပေါ်မှာ ထိုင်ပြီးတော့ပဲ ကုန်ဈေးနှုန်း တည်ငြိမ်စေရေး လုပ်လို့ကတော့ တစ်သက်လုံး ကုန်ဈေးနှုန်းက ကျမှာမဟုတ်ဘူး။ အောက်ခြေလူတန်းစားရဲ့ အနေအထားကို ဘယ်လောက်ထိ စုံစမ်းနိုင်မလဲဆိုတာကို ကြည့်မယ်။ အောက်က ဝန်ထမ်းကို ခိုင်းလို့လည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင် ဆင်းမှ ရမယ်။ ဝန်ထမ်းကလည်း ဝန်ထမ်းအလျောက်ခိုင်းရင် သူ့ဟာသူပဲ ကောင်းတာပဲ သူသတင်းတင်မယ်လေ။ တကယ်တမ်းကျ သတင်းမှန်ရမှာ မဟုတ်ဘူး။ သတင်း မှန်ရချင် ကိုယ်ကိုယ်တိုင် ဆင်းမှရမှာ။ အဲဒီမှာပါတဲ့ အဖွဲ့အားလုံး ညွှန်မှူးတွေ၊ ဝန်ကြီးတွေ အကုန်လုံးဆင်း၊ ကိုယ့်ဟာကိုယ် ရုပ်ဖျက်ပြီး လေ့လာရမှာ အောက်ခြေမှာ ဖြစ်နေတာတွေ အကုန်လုံး သိရလိမ့်မယ်” ဟု ပြောသည်။

ကော်မတီအနေဖြင့် အခြေခံစားသောက်ကုန်စည်များဖြစ်သည့် ဆန်၊ ဆီနှင့် မီးဖိုချောင်သုံး ကုန်စည်များ၏ ဈေးနှုန်းများကို တည်ငြိမ်စေရန် ဦးစားပေးအဆင့်အနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဒေသများအလိုက် ကုန်ဈေးနှုန်း တည်ငြိမ်စေရန် လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများအတွက် အဖွဲ့အစည်းများကို တာဝန်ပေးရေး၊ ကုန်ပစ္စည်းထွက်ရှိရာဒေသများမှ စားသုံးသည့် ဒေသများဆီ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် ကြီးမြင့်နေခြင်း၊ ကြားခံအဆင့်များပြားခြင်း၊ သယ်ယူသည့် လမ်းခရီးတွင် မလိုအပ်သည့် ထိန်းချုပ်မှုများ မဖြစ် စေရေး ညှိနှိုင်းဆောင်ရွက်ရန် စသည့် ၁၀ ချက်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း ကော်မတီအတွင်း ပါဝင်သူများနှင့် စီးပွားရေးသမားများအကြားတွင် အဂတိလိုက်စားမှု ကင်းရန် လိုအပ်ကြောင်း၊ သို့မှသာ ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များနှင့် စီးပွားရေးလေ့လာသူများက သုံးသပ်ကြသည်။