CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂

မိမိတို့ ကိုယ်ကျိုးအတွက် ကုန်ဈေးနှုန်းများကို ထိုက်သင့်သည်ထက် ကြီးမြင့်အောင် လုပ်ဆောင်နေသည့် ဝိသမ လောဘသားများကို ဖော်ထုတ်၍ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်ရန်လိုအပ်သည် အခြေအနေများ အပေါ် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဝန်ကြီးများအဖွဲ့က ဆွေးနွေးခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ပြည်တွင်းမှ ထုတ်လုပ်သည့် စိုက်ပျိုးရေး ထုတ်ကုန်ဈေးနှုန်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်စေ ရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် ပြည်ပမှ တင်သွင်းသည့် ကုန်ပစ္စည်းများကိုလည်း ထိုက်သင့်သည့် ဈေးနှုန်းများ ဖြစ်စေရေး ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ရန် လိုအပ်မှု၊ နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ အလိုက် ထုတ်ပြန်သည့် အခြေခံ ကုန်ဈေးနှုန်းများကို အများပြည်သူ သိရှိစေရေး ထုတ်ပြန်ပေးလျက်ရှိမှု၊ မိမိတို့ ကိုယ်ကျိုးအတွက် ကုန်ဈေးနှုန်းများကို ထိုက်သင့်သည်ထက် ကြီးမြင့်အောင် လုပ်ဆောင်နေသည့် ဝိသမ လောဘသားများကို ဖော်ထုတ်၍ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်ရန်လိုအပ်မှုများကို ဆွေးနွေးခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မိမိတို့နိုင်ငံမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ အလိုက် သွင်းအားစုများ ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာသဖြင့် ပြည်တွင်းထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့် တက်လာခြင်းများ ရှိကြောင်း၊ ဝိသမလောဘသားများ၏ ငွေကြေးကစားမှုနှင့် နိုင်ငံရေးအရ အမြတ်ထုတ်လိုမှု များကြောင့် ကုန်ဈေးနှုန်းများမှာ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးထက် ဈေးနှုန်းမြင့်မားနေသည်ဟု ယူဆရတယ်”ဟု ပြောသည်။

နစက-က နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ပြီး နောက်ပိုင်းတွင် ပြည်တွင်းမှ သဘောထားကွဲလွဲသည့် အဖွဲ့အစည်းများက စီးပွားရေးကဏ္ဍ ထိခိုက်အောင် ဆောင်ရွက်ခြင်းများရှိသကဲ့သို့ ပြည်မမှလည်း အကြောင်း အမျိုးမျိုးပြပြီး စီးပွားရေး ပိတ်ဆို့ခြင်းများ၊ ထောက်ပံ့မှုများကို ရပ်ဆိုင်းခြင်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ကုန်သွယ်မှုနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင်လည်း ရရှိသည့် ငွေများကို ကန့်သတ်မှုများ ဆောင် ရွက်ခြင်းကြောင့် နိုင်ငံခြားငွေများကို အသုံးပြုရာတွင် ကန့်သတ်ချက်များ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ငွေကြေးကွာ ဟချက်များအပေါ် မူတည်၍ ကုန်သွယ်ရေးတွင် ငွေကြေးကစားသူများက အဆိုပါ အခြေအနေကို ကိုယ်ကျိုး အတွက် အမြတ်ထုတ်ရန် အသုံးချလာသည်ကို တွေ့ရှိရကြောင်း၊ ဘဏ်လုပ်ငန်းများ ထိခိုက်အောင်လည်း ဆောင်ရွက်ခဲ့ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ကုန်ဈေး နှုန်း တည်ငြိမ်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်သူများအနေဖြင့် အများပြည်သူများ အတွက် အဖြစ်သင့်ဆုံး ဈေးနှုန်းဖြင့် ထိန်းညှိရောင်းချပေးရန်လိုကြောင်း ၎င်းက ပြောသည်။