CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀

ဝိသမလောဘသားများအနေဖြင့် စားသုံးကုန်းဈေးနှုန်းများကို ထိုက်သင့်သည့်ဈေးထက် ပိုမိုဈေးတင်ရောင်းချ နေမှုအပေါ် တာဝန်ရှိသူများအနေဖြင့် စိစစ်အရေးယူရန် လိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်းကြားရှိ သီလဝါဘက်စုံ စိုက်ပျိုး မွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ဇွန်လ ၁၀ ရက်နေ့က သွားရောက် ကြည့်ရှုစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် လူဦးရေ ၈ သန်းခန့်ရှိပြီး နေ့စဉ် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက် လိုအပ်ချက်များ စွာ ရှိသဖြင့် တတ်နိုင်သမျှဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့ အပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း ရန်ကုန်တိုင်းဒေသကြီးသို့ အသား၊ ငါးနှင့် ဥများကို တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အခြားဒေသမှ လာရောက် ရောင်းချခြင်းဖြင့် ထုတ်လုပ်မှု ကုန်ကျ စရိတ်အပြင် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များကြောင့် စားသောက်ကုန်များကို ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူစားသုံးရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များကို အောင်မြင်အောင် အကောင်အထည် ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့၏ နေ့စဉ် စားရေးလိုအပ်ချက်ကို ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ ထုတ်လုပ်ရောင်းချနိုင်မည်ဆိုပါက မြို့နေ ပြည်သူများအနေဖြင့် အသားငါးများကို ဈေးနှုန်းသက်သာစွာဖြင့် ပေါများစွာ ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အခြေခံစားသောက်ကုန်ပစ္စည်း များကို နေ့စဉ် မဖြစ်မနေ ဝယ်ယူစားသုံးနေရသောကြောင့် အခြေခံစားကုန်များ ဈေးနှုန်းကြီးမားမှု မရှိစေရေး မိမိတို့ အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။

နစကဥက္ကဋ္ဌက “ အစိုးရအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အလေးထား အားပေးဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများ အနေဖြင့် မိမိတို့ စတင် တာဝန်ယူ စဉ်ကပင် စီးပွားရေး ပိတ်ဆို့ခြင်း၊ ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်အောင် ဆောင်ရွက်ခြင်း၊ ငွေကြေး လည်ပတ်မှု အခက်အခဲဖြစ်အောင် ဆောင်ရွက်ခြင်းများဖြင့် နိုင်ငံရေး အခက်အခဲ အကြပ်အတည်းများဖြစ်အောင် ဆောင်ရွက် ခဲ့ကြောင်း၊ မိမိတို့ အနေဖြင့် ယင်းအခက်အခဲများ ကျော်လွှားနိုင်ခဲ့ကြောင်း၊ စားသောက် ကုန်များ ဈေးနှုန်းကြီး မြင့်မှု မရှိစေရေးအတွက် စိုက်ပျိုးမေါးမြူရေး လုပ်ငန်းများကို တိုးတက်အောင်မြင်အောင် ဆောင်ရွက်ရန် လို တယ်” ဟု ပြောသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကုန်ဈေးနှုန်း ထိန်းသိမ်း ကြပ်မတ်ရေးအဖွဲ့ကို ဖွဲ့စည်း၍ ကုန်သည်များနှင့် ဈေးဆိုင်များကို ထိန်းသိမ်းကြပ်မတ်ပေးမည်ဆိုပါက ကုန်ဈေးနှုန်း တိုးမြင့်ရောင်းချနေခြင်းများကို ထိန်းသိမ်းနိုင် မည်ဟု မြင်မိကြောင်း ရန်ကုန်မြို့နေ ကိုရန်နိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ အမှန်က ကုန်ဈေးနှုန်း ထိန်းသိမ်းကြပ်မတ်ရေးအဖွဲ့လိုမျိုး ဖွဲ့ပြီးတော့ ကုန်သည်တွေနဲ့ ဈေးဆိုင်တွေကို စိစစ်ပေးနေရင် အဆင်ပြေမယ်။ ပြည်သူလူထုက ဘယ်ပစ္စည်း၊ ဘယ် အသား-ငါး-ဥတွေကို ဘယ်လိုဈေးနဲ့ ဘယ် ဆိုင်၊ ဘယ်ကုန်သည်က ရောင်းနေတယ်လို့ လှမ်းတိုင်လို့ရမယ်ဆိုရင် အဲဒီလို တိုင်ကြားမှု လက်ခံရရှိတာနဲ့ သက်ဆိုင်ရာက ရှောင်တခင် ဝင်စစ်ဆေးပြီး အရေးယူပြရင် ဘယ်သူမှ မလုပ်ရဲပါဘူး။ အခုက သူတို့က စစ်မယ် ဆိုရင်လည်း ယူနီဖောင်ကြီးတွေနဲ့ ခန့်ခန့်ကြီးနဲ့လာတော့ စစ်ခံရမယ့် ဆိုင်က သိတာပေါ့ ကြိုပြင်ဆင်လို့ရတယ်။ တချို့ကျတော့လည်း ပိုက်ဆံပေးထားတော့ လာစစ်မယ်ဆိုရင် အဲဆိုင်က ကြိုသိနေတော့ ပြင်ဆင်စရာရှိတာ ကြိုတင် ပြင်ဆင်ထားလိုက်တယ်။ တချို့ကျတော့လည်း လာစစ်တဲ့ အဖွဲ့ သို့မဟုတ် လူကို ပိုက်ဆံပေးလိုက်ရင် မသိချင်ယောင် ဆောင်သွားတာ။ အဲလိုနဲ့ ကျနော်တို့ လူထုက ကုန်ဈေးနှုန်းလည်ပင် နစ်လာတယ်”ဟု ပြောသည်။

ရန်ကုန်မြို့တော်သို့ ရှမ်းပြည်နယ်(တောင်ပိုင်း) အေးသာယာမှ ကြက်ဥများ၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ဘဲဥများကို များစွာတင်ပို့ရောင်းချလျက်ရှိကြောင်း၊ ထိုသို့ ပို့ဆောင်သဖြင့် ကျသင့်နိုင်သည့် သယ်ယူ ပို့ဆောင်ခများထက် ရောင်းချသည့် ဈေးနှုန်းများမှာ များစွာကွာခြားလျက်ရှိပြီး ပိုမိုဈေးတင်ထားသည်ကို တွေ့ရှိ ရကြောင်း၊ ထိုသို့ ဝိသမလောဘသားများ အနေဖြင့် စားသုံးကုန်ဈေးနှုန်းများကို ထိုက်သင့်သည့် ဈေးထက် ပိုမို ဈေးတင်ရောင်းချနေမှုအပေါ် တာဝန်ရှိသူများအနေဖြင့် စိစစ်ရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

၎င်းက “ အဓိကအားဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူများ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ် မခံရစေရေး ဒေသအတွင်းရှိ ကုန်ထုတ်လုပ်စွမ်းအားဖြင့် ဆောင်ရွက်ရန်နှင့် ပြင်ပမှ တင်သွင်းမှုများကို သက်သာသော ဈေး နှုန်းများဖြင့် ရရှိရေး ဆောင်ရွက်ရန်လိုတယ်”ဟု ပြောသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ စားရေးအတွက် တိုင်းဒေသကြီးအစိုးရမှ ဆောင်ရွက် ရန်လိုသကဲ့သို့ တပ်မတော်မှလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာ တွင် အမှန်တကယ် အကျိုးရှိသည့် လုပ်ငန်းများ ဖြစ်စေရေး ကြပ်မတ် ဆောင်ရွက်ရန် လိုကြောင်း ၎င်းက ပြောသည်။