CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် မျိုးစပါးများ ပျက်စီးသွားသည့် လယ်သမားများကို မျိုးစပါး ကူညီထောက်ပံ့နိုင်ရန် ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနက စီစဉ်နေမှုများရှိသော်လည်း မျိုးစပါးတစ်ခုတည်း ထောက်ပံ့ရုံဖြင့် အဆင်မပြေနိုင်ကြောင်း၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး စသည့် သွင်းအားစုများနှင့် လယ်ယာသုံး စက်ကိရိယာများကိုလည်း ထောက်ပံ့ပေးရန် လိုအပ်သည်ဟု ရခိုင်တောင်သူများက CNI သတင်းဌာနသို့ ပြော သည်။

မျိုးစပါးများသည် မုန်တိုင်းကြောင့် ပျက်စီးသွားသည့်အပြင် ပြီးခဲ့သည့်နှစ်တွင်လည်း မျိုးစပါး အလုံအလောက် သိုလှောင်ထားနိုင်ခြင်း မရှိသည့်အတွက် မျိုးစပါးသည် အရေးကြီးကြောင်း၊ ထို့အပြင် တချို့သော ဒေသများရှိ တစ်နိုင်တပိုင် စိုက်ပျိုးနေကြသည့် တောင်သူလယ်သမားများ၏ ကျွဲနွားများသည် မုန်တိုင်းကြောင့် သေကြေခဲ့ရ သည့်အတွက် လယ်ယာစိုက်ပျိုးရေး လုပ်ရန် စက်ကိရိယာများလည်း လိုအပ်သည်ဟု ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။

မိုခါမုန်တိုင်းကြောင့် ပျက်စီးနေမှုကို တွေ့ရစဉ်

၎င်းက “၁ အချက်က မျိုးစပါး အရေးကြီးတယ်ဗျ။ မနှစ်ကတည်းက ကျနော်တို့ဆီမှာ လုံလောက်တဲ့ မျိုးစပါး သိုလှောင်သိမ်းဆည်းနိုင်တဲ့ အနေအထား မရှိခဲ့ဘူး။ မရှိခဲ့တဲ့အပြင် မုန်တိုင်းဒဏ်ကြောင့် အကုန်လုံး ပျက်စီးသွား ကြတယ်ဆိုတော့လေ မျိုးစပါးကတော့ အရေးကြီးတယ်ဗျ။ ဒါပေမယ့် မျိုးစပါးနဲ့ လုံလောက်သလားဆိုရင် မလုံ လောက်နိုင်ဘူး။ မျိုးစပါးအပြင် တခြား လိုအပ်တဲ့ သွင်းအားစုတွေပေါ့နော် သွင်းအားစုရယ်၊ ဓာတ်မြေဩဇာရယ်၊ ပိုးသတ်ဆေးရယ် အဲဒါတွေကလည်း အရေးကြီးတယ်။ အဲဒါတွေ မကဘူး ဒီနှစ်မှာဆိုရင် တစ်နိုင်တပိုင် လုပ်နေကြ တဲ့ ကျွဲနွားတွေ တော်တော်လေးကို ဆုံးရှုံးသွားတယ်၊ သေဆုံးသွားကြတယ်ပေါ့နော်။ အဲဒီအတွက်ကလည်း ကျနော်တို့ စက်ကိရိယာတွေ အထောက်အပံ့ ကျနော်တို့ လိုအပ်မယ်။ လိုအပ်ချက်တွေကတော့ လယ်သမားတွေ အတွက် အများကြီးဗျ။ စိန်ခေါ်မှုတွေကတော့ အများကြီးဗျ။ အဓိကကတော့ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ မြို့နယ်တွေက တော့ တော်တော်များများ မလွယ်လောက်ဘူး။ ဒါပေမယ့်လို့ မြောက်ဦးကတော့ တစ်စိတ်တဒေသလောက် ပါသွား တာ ရှိတယ်။ ပြီးတော့ မြောက်ဦးက စိုက်ပျိုးဒေသ ဖြစ်တဲ့အတွက်ကြောင့် မြောက်ဦးတို့၊ ကျောက်တော်တို့ဆိုရင် တော့ သူတို့က မဖြစ်မနေ စိုက်ပျိုးကြလိမ့်မယ်။ အခက်အခဲကတော့ ရှိတယ်ပေါ့။ ရင်းနှီးမြှုပ်နှံမှု အခက်အခဲက တော့ ရှိမယ်။ ဒါပေမယ့် မဖြစ်မနေတော့ စိုက်ပျိုးကြလိမ့်မယ်။ ရာခိုင်နှုန်းအားဖြင့်တော့ လျော့ကျသွားလိမ့်မယ်” ဟု ပြောသည်။

မုန်တိုင်း မတိုက်ခင် ကာလတွင် တောင်သူများနေအိမ်တွင် သိမ်းဆည်းထားသည့် မျိုးစပါးများနှင့် စပါးရောင်းချ ပြီးနောက် ဝယ်ယူထားသည့် ဓာတ်မြေဩဇာများလည်း ပျက်စီးသွားကြောင်း၊ ရေစိုပျက်စီးသွားသည့် မျိုးစပါးများ ကို နေပူလှန်းကြသော်လည်း အသုံးပြုရန် အဆင်မပြေ ဖြစ်နေကြကြောင်း၊ အရန်မျိုးစပါးလည်း ရှားပါးနေသည့် အတွက် လယ်သမားများမှာ အခက်အခဲ ဖြစ်နေကြသည်ဟု တောင်သူများက ပြောသည်။

ထို့အပြင် လယ်ယာများထဲသို့ ဆားငန်ရေများ ဝင်ရောက်သွားခြင်းကြောင့် လယ်ယာမြေများ ပျက်စီးသွားမှု များလည်း ရှိသည့်အတွက် ဆားငန်ဓာတ်များ ကုန်ဆုံးသွားသည်အထိ မိုးရွာသွန်းပြီးမှသာ စပါးများကို စတင် စိုက်ပျိုး၍ ရမည်ဟု မြောက်ဦးမြို့နယ်၊ ဓညဝတီ တောင်သူလယ်သမားအသင်းချုပ်မှ အတွင်းရေးမှူး ဦးမောင်သိန်း လှက CNI သတင်းဌာနသို့ ပြောသည်။

 စပါးများကိုတွေ့ရစဉ်

၎င်းက “အကုန်လုံး ပျက်စီးသွားတဲ့ မြို့နယ်တွေက ရသေ့တောင်တို့၊ ဘူးသီးတောင်တို့၊ ပုဏ္ဏားကျွန်းတို့၊ ပေါက် တော တို့ဆိုရင် တစ်ဝက်တပျက်တောင်မက ပျက်စီးသွားတာ ရှိပါတယ်။ ကျနော်တို့ မြောက်ဦးကျတော့ နည်း နည်း သက်သာတာပေါ့နော်။ ရေစိုတယ်၊ တင်း ၅၀ ထားထားတဲ့ နေရာမှာ ရေစိုလို့ ၁၀ တင်း ပျက်တယ်။ တင်း ၅၀ ပျက်တယ် အဲဒီလိုမျိုး ရှိတယ်။ လယ်ယာတွေကလည်း အတိုင်းအတာ တစ်ခုအထိ ထိခိုက်မှု ရှိပါတယ်။ ဆားက ဝင်ပြီဆိုရင် ဆားအကြွင်းအကျန်က ရှိနေတာပေါ့။ ရှိနေတော့ တော်ရုံတန်ရုံနဲ့ မိုးများများစားစား ရွာပြီးမှပဲ အဲဒီဆား ရေက အထိုက်အလျောက် မျောပါသွားမယ့် သဘောရှိပါတယ်။ ပြောမယ်ဆိုရင် မြေကြီးပေါ်မှာ ဆားအငန်ဓာတ် ကုန်လောက်ပြီဆိုမှ စတင်စိုက်ရမယ့် သဘောပါ” ဟု ပြောသည်။

မျိုးစပါး ထောက်ပံ့မှုနှင့် ပတ်သက်ပြီး တချို့သော မြို့နယ်များတွင် အုပ်ချုပ်ရေးမှူးများမှတဆင့် စာရင်းကောက် ယူမှုများရှိသော်လည်း အခမဲ့ ထောက်ပံ့ပေးခြင်းမျိုး မဟုတ်ကြောင်း၊ သက်သာသော နှုန်းထားဖြင့် ရောင်းချပေး ခြင်းသာ ဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် မျိုးစပါးထောက်ပံ့ မည်ဟုဆိုသော်လည်း တောင်သူများထံသို့ ရောက်ရှိခြင်း မရှိသည့်အတွက် စိုက်ပျိုးရေး ပြုလုပ်ချိန် အမှီရရှိရန် လိုအပ်သည်ဟု တောင်သူများက ပြောသည်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း စစ်တွေ၊ ရသေ့တောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက် ဦး၊ မင်းပြား၊ ပေါက်တော မြို့နယ်တို့တွင် မျိုးစပါးတင်းပေါင်း ၇၀၀၀၀ ကျော် ပျက်စီးဆုံးရှုံးပြီး ကျွဲ၊ နွား သေဆုံးမှု အကောင်ရေ စုစုပေါင်း ၁၁၇၉၉ အထိရှိကြောင်း ရခိုင်ပြည်နယ်ကောင်စီ၏ ထုတ်ပြန်သည့် စာရင်းများအရ သိရ သည်။