CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃

ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်နေသည့် SKD ကားများနှင့် အလုံးစုံ တပ်ဆင်ထုတ်လုပ်သည့် CKD ကားများကို အခွန်လျှော့ချ သတ်မှတ်လိုက်ခြင်းကြောင့် ပြည်တွင်းရှိ SKD ကားအမျိုးအစား ထုတ်လုပ်မှု မြင့်တက်လာပါက ပြည်တွင်းကားဈေးကွက်အပေါ် သက်ရောက်မှု ရှိနိုင်သည်ဟု ကားမူဝါဒ ကျွမ်းကျင်သူများနှင့် ကားဈေးကွက် လေ့လာသူများက ပြောသည်။

လက်ရှိတွင် ပြည်တွင်း ကားဈေးနှုန်းသည် အမြင့်ဆုံး၌ ရောက်ရှိနေပြီး အခွန်လျှော့ပေါ့ပေးမှုကြောင့် ပြည်တွင်းမှာ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်နေသည့် ကားအမျိုးအစားများ ပြန်လည် ထုတ်လုပ်မည်ဆိုပါက ကားဈေးကွက် အပြောင်းအလဲ ရှိလာနိုင်ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတကာ ဈေးနှုန်းနှင့်အညီ ရောင်းချသည့် ဆူဇူကီး ကားအမျိုးအစား ပြန်လည် ထုတ်လုပ်မည်ဆိုပါ က ကားဈေးကွက်အပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တင်ယာဥ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး‌‌ရောင်းချရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းမင်းမောင်က CNI သတင်းဌာနသို့ ပြောသည်။

SKD ကားများ ထုတ်လုပ်တပ်ဆင်နေကြစဉ်

၎င်းက “သူတို့ရဲ့ ရည်ရွယ်ချက်ပေါ် မူတည်တယ်။ SKD ကို အခွန်လျှော့ ပေးတယ်ဆိုတာ လောလောဆယ်မှာ SKD ကို အရေအတွက် များများ ရောင်းချင်တာလား၊ ထုတ်လုပ်ချင်တာလား တစ်ချက်။ နောက်ပြီး SKD က Brand ပေါင်းဆုံက ပြန်ထုတ်မှာလား တစ်ချက်။ အဲဒီ ၂ ချက်ပေါ် မူတည်ပြီး သက်ရောက်မှု ရှိမှာလေ။ အဲဒါက သူတို့ရဲ့ SKD Brand ပေါင်းဆုံ ထွက်မထွက်ကလည်း သက်ဆိုင်ရာ လိုင်းတွေက ဆုံးဖြတ်မှာ။ နောက် SKD အရေအတွက် ကလည်း ဒီနှစ် ဘတ်ဂျက်မှာ ဘယ်လောက်ချမလဲဆိုတာ နိုင်ငံတော်က ဆုံးဖြတ်မှာ။ ဒီအပေါ်မှာ အစ်ကိုတို့က ကြည့်ပြီး ဆုံးဖြတ်ရမှာတော့ စောသေးတယ်။ ကားဈေးကတော့ အမြင့်ဆုံး အခြေအနေကို ရောက်နေတာပဲ။ သက် ရောက်လား၊ မသက်ရောက်လားဆိုတာက အပေါ်မှာပြောတဲ့ ၂ ချက်အပေါ်မှာပဲ မူတည်တာလေ။ အဓိက ကတော့ Brand ပေါင်းဆုံ ထုတ်မလား၊ အဓိကပြောရရင်တော့ ဆူဇူကီး ပြန်ထုတ်မလား။ ဆူဇူကီး ပြန်ထုတ် မယ်ဆိုရင် သက်ရောက်မှု ရှိတာပေါ့။ ဘာကြောင့်လဲဆိုတော့ ဆူဇူကီးက ဂျပန် Brand Original ဖြစ်တယ်။ ရောင်းတဲ့အခါမှာ International Price နဲ့ ရောင်းမှာလေ။ တခြားနိုင်ငံမှာရောင်းတဲ့ ဈေးဝန်းကျင် နီးနီးစပ်စပ်လောက် ရောင်းမှာ ဆိုတော့ သူက အရေအတွက် များများ ထုတ်မယ်ဆိုရင်တော့ သက်ရောက်မှု ရှိတာပေါ့” ဟု ပြောသည်။

ပြည်တွင်းမှာ ထုတ်လုပ်နေသည့် SKD စနစ်နှင့် CKD စနစ် တင်သွင်းခြင်းအတွက် အကောက်ခွန်နှုန်းထားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်နေ့အထိ ဖြေလျှော့ပေးခြင်းဖြစ်ကြောင်း၊ SKD စနစ်ဖြင့် 2000 CC၊ 2001 CC အထက် လူစီးမော်တော်ကားအတွက် ယခင်ကောက်ခံနှုန်းထား ၇ ဒသမ ၅ ရာခိုင်နှုန်းကို ၅ ရာခိုင် နှုန်း အဖြစ်နှင့် CKD စနစ်ဖြင့် 2000 CC နှင့် 2001 CC အထက် လူစီးမော်တော်ကားကို ၅ ရာခိုင်နှုန်းအစား ၃ ရာခိုင် နှုန်းအဖြစ် လျှော့ချလိုက်ကြောင်း သိရသည်။

လက်ရှိ မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒအရ လုပ်ငန်းသုံး မော်တော်ယာဉ်များသာ ပြည်ပမှ တင်သွင်းခွင့် ပေးအပ်ထားပြီး လူသီးသန့်စီး အိမ်စီးကားများကို SKD နှင့် CKD စနစ်ဖြင့်သာ ထုတ်လုပ်ရောင်းချခွင့် ပြုထား ကြောင်း၊ ထို့ကြောင့် အခွန်ဖြေလျှော့ ပေးမည့်အစား ကားတင်သွင်းခွင့် ပါမစ်ကို ပြန်လည် ခွင့်ပြုပေးမှသာ ပြည်တွင်း ကားဈေးနှုန်းများ ကျဆင်းလာမည် ဖြစ်ကြောင်း ကားမူဝါဒ ကျွမ်းကျင်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကားဈေး ကျနိုင်ဖို့အတွက် SKD၊ CKD တွေအပေါ်မှာ အခွန်လျှော့တာမျိုးက အဓိက မဟုတ်ဘူး။ ကား လုပ်ငန်း ကျွမ်းကျင်တဲ့သူ၊ ပညာရှင်တွေရဲ့ အမြင်အရဆိုရင် ကားဈေးကျဖို့အတွက် တစ်ခုတည်းသော ရည်ရွယ် ချက်က ကားတင်သွင်းခွင့် ပြန်ပေးဖို့ပဲ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အစ်ကိုတို့နိုင်ငံမှာ သုံးနေတဲ့ မော်တော် ယာဉ် စီးနင်းနေတဲ့ ရာခိုင်နှုန်းတစ်ခုကို ကြည့်မယ်ဆိုရင် လူဦးရေ ၁၂ သန်းလောက်က ကားစီးနေကြတယ်။ အဲဒီ တော့ နှစ်စဉ် ကားလိုအပ်ချက်တွေ ရှိနေတဲ့အခါမှာ ကားတင်သွင်းခွင့် မပေးဘူးဆိုရင် သေချာတာတစ်ခုက ကား ဈေးကျမှာ မဟုတ်ဘဲနဲ့ ပြည်တွင်းမှာ ထုတ်နေတဲ့ ကားကလည်း အစီးရေ ဆူဇူကီးလိုဟာမျိုးတောင် အများဆုံး ထုတ်လုပ်နိုင်ခဲ့တဲ့နှစ်က ၃၅၀၀ နဲ့ ၄၀၀၀ ကြားပဲ ထုတ်ခဲ့တာ။ ဆိုတဲ့အခါကျတော့ ကားဝယ်စီးတဲ့ လိုအပ်ချက် Demand နဲ့ ကားထုတ်လုပ်ပေးနိုင်တဲ့ Supply အများကြီး ကွာဟချက်တွေ ရှိနေတဲ့အတွက်ကြောင့် ကားတင်သွင်း ခွင့် မူဝါဒတစ်ခု ပြန်ပေးမှပဲ ကားဈေးက ကျနိုင်တယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ ဒီလို အခွန်လျှော့ရုံလောက်နဲ့တော့ ကားဈေးနှုန်းက သိသိသာသာ ကျစရာမရှိဘူးလို့ပဲ သုံးသပ်လို့ရတယ်” ဟု ပြောသည်။

ကားအရောင်းပြခန်းကိုတွေ့ရစဉ်

သို့သော်လည်း SKD စနစ်ဖြင့် ကားထုတ်လုပ်မှုနှင့် ပတ်သက်ပြီး နှစ်စဉ် ဧပြီလနောက်ပိုင်းတွင် နိုင်ငံတော်မှ အမျိုးအစား တစ်ခုချင်းအလိုက် တစ်နှစ်လျှင် အစီးရေ မည်မျှ ထုတ်လုပ်ရမည်ကို ခွင့်ပြုကြောင်း ထုတ်ပြန်လေ့ ရှိကြောင်း၊ သို့သော်လည်း လက်ရှိတွင် ထုတ်ပြန်လာခြင်း မရှိသေးကြောင်း၊ ထုတ်ပြန်ချက်အပေါ် စောင့်ကြည့် ရမည် ဖြစ်ကြောင်း ကားလုပ်ငန်းရှင်များက ပြောသည်။

လက်ရှိမှာ SKD၊ CKD စနစ် ကားအသစ်များ ထုတ်လုပ်ရန်အတွက် ပြည်ပမှ ကားအစိတ်အပိုင်း အားလုံး တင်သွင်း ခွင့်ကို ပိတ်ထားခြင်းကြောင့် တပ်ဆင် ထုတ်လုပ်မှုအပိုင်းတွင် ရပ်တန့်နေရကြောင်း၊ ယခင်က တပ်ဆင်ထားသည့် ကားများကိုသာ အရောင်းအဝယ် လုပ်နေကြရခြင်းကြောင့် ဈေးနှုန်းများ မြင့်မားလျက် ရှိနေသည်ဟု ရန်ကုန် မော်တော်ကား ရောင်းဝယ်ရေးအသင်းဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “SKD နဲ့ တင်သွင်းတဲ့ကားတွေ အခွန်လျှော့တာက ဘာမှတော့ သိပ်ပြီးတော့ ထိရောက်မှုတော့ မရှိပါဘူး။ ဘာလို့ဆိုတော့ ရာခိုင်နှုန်းက နဂိုကတည်းက ကောက်တာက နည်းနည်းလေးလေ။ ကျနော်တို့ အပြင်ကနေ ပြီးတော့ ဝန်ထမ်း ပါမစ်တွေနဲ့ သွင်းသလိုမျိုး ကောက်တာ မဟုတ်ဘူးလေ။ SKD တောင်မှ အခုက ကားက ထုတ်လို့မှ မရတာကြီးကို။ သူတို့က ပါမစ်ကို ချမှမပေးတာကြီးကို။ ကားဘယ်နှစီး ထုတ်ရမလဲ၊ တစ်နှစ် ဘယ်နှစီး ထုတ်ရမလဲ၊ တစ်လ ဘယ်လောက် ထုတ်ရမလဲ ချမပေးတဲ့အတွက် အခုလက်ရှိ ရှိတာက SKD ကားတွေက ဈေး တွေ မတရားကြီး ခေါင်ခိုက်နေတာ။ အခုဟာက အာတီဂါ တိုက်ဖိုးဆိုရင် အခုလက်ရှိ ၂၀၂၂ - ၂၀၂၃ တိုက်ဖိုးဆိုရင် ၃၅၀ - ၄၀၀ တစ်ပတ်လည်လောက်ရှိတယ်။ ဒေါ်လာဈေးနဲ့ ပြန်တွက်ရင် ၁ ထောင်ကျော်နေပြီ” ဟု ပြောသည်။

ပြည်ပမှ အစိတ်အပိုင်းများကို တင်သွင်းပြီး ပြည်တွင်းတွင် SKD နှင့် CKD စနစ်ဖြင့် ကားထုတ်လုပ်မှုများသည် ယာဥ်အပိုပစ္စည်း တင်သွင်းခွင့် အခက်အခဲများကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ရပ်နားခဲ့ရမှုများရှိခဲ့ ကြောင်း၊ သို့သော် လက်ရှိတွင် SKD စနစ်ဖြင့် ထုတ်လုပ် တပ်ဆင်နေသည့် ဆူဇူကီး နှင့် KIA ကားသစ်များ ရှိနေ သော်လည်း အပြည့်အဝ ထုတ်လုပ်နိုင်ခြင်း မရှိကြောင်း သိရသည်။