CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂

သီလဝါစက်မှုဇုန်အတွင်းရှိ တိုယိုတာ မော်တော်ကားကုမ္ပဏီမှ လွန်ခဲ့သည့် ၂ နှစ်တွင် ထုတ်လုပ်ထားပြီးသား Hilux ထရပ်ကားများကို စတင်ထုတ်ရောင်းလာကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။

ထိုသို့ ထုတ်ရောင်းခြင်းကြောင့် ကားဈေးကွက်အတွင်းတွင် အဆမတန် မြင့်တက်ခဲ့သည့် ကားဈေးနှုန်းများသည် လက်ရှိတွင် ဈေးတန်းတစ်ခု၌ တန့်သွားသည်ဟု ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တိုယိုတာကားတွေ မြန်မာပြည်မှာ မထုတ်လုပ်ဘူး။ အဲဒါက ဟိုးအရင်ထုတ်ထားတဲ့ကားကို လွန်ခဲ့တဲ့ ၂ နှစ်က ထုတ်ထားတဲ့ကားတွေကို ရောက်ထားတဲ့ ကားတွေကို တပ်ဆင်ထုတ်လုပ်ပြီးသား ကားတွေကို မော်ဒယ် နိမ့်သွားမှာဆိုးလို့ အခုမှ ထုတ်ရောင်းတာလေ။ ထုတ်ရောင်းလိုက်တာပေါ့ မဟုတ်ရင် သူတို့ ဂိုဒေါင်ထဲမှာ ဒီအတိုင်း ဖြစ်နေမှာဆိုးလို့လေ။ ဟိုးအရင် ထုတ်ထားတဲ့ဟာပါ အခုထုတ်ထားတဲ့ဟာ မဟုတ်ပါဘူး။ double cab ရောင်း တာလေ။ double cab ကတွေက အကုန်လုံး ၂၀၀၀ (သိန်း) ကျော်လေ။ သူက ၁၇၀၀ နဲ့ ရောင်းတယ်လေ။ ရောင်းတာကို လှိုင်လှိုင်ရောင်းမပေးဘူး။ ပရီအော်ဒါ လက်မခံဘူး။ လက်ခံရင်လည်း ဘယ်နေ့ရမယ် မပြောနိုင်တဲ့ အတွက်ကြောင့်မို့လို့ ကားဈေးက ရိုက်ခတ်မှု မရှိဘူး။ double cab ကတော့ ကျန်တဲ့ကားတွေ ရိုက်ခတ်မှု ရှိ တယ်။ double cab ကတော့ ၂၀၀၀ ဝန်းကျင် ၂၀၀၀ အောက်တော့ ပြန်ဆင်းသွားတာပေါ့။ ပထမ ၂၀၀၀ ကျော် သွားတာကို double cab က။ ကျန်တဲ့ကားတွေပေါ်မှာ သက်ရောက်မှု မရှိပါဘူး လောလောဆယ်။ ဘာလို့ဆို ဒေါ်လာဈေးကြောင့်။ သူရောင်းတဲ့ ဈေးကလည်း ပေါပေါလေးရောင်းတာ အရင်ဈေးနဲ့ ရောင်းတာမှ မဟုတ်တာ။ အခု currency နဲ့ ပေါက်ပြီးတော့ သူက ၁၇၀၀ ဝန်းကျင်ရောင်းတာဆိုတော့ ဘာမှ ကားဈေးအပေါ်မှာ ရိုက်ခတ်မှု တော့ မရှိပါဘူး။ ဒါပေမယ့် မတန်မဈေး ဖြစ်သွားတဲ့ ကားဈေးတစ်ခုကတော့ တန့်သွားတာပေါ့။ အဲဒါတော့ ကောင်းပါတယ်” ဟု ပြောသည်။

Toyota double cap ကားကိုတွေ့ရစဉ် (GETTY IMAGES)

မြန်မာပြည်တွင်းရှိ တိုယိုယာအရောင်းကိုယ်စားလှယ်များက ဟိုင်းလပ်စ်ယာဉ်များအတွက် အော်ဒါအမှာစာများကို အောက်တိုဘာ ၁၁ ရက် (ယမန်နေ့)တွင် စတင်လက်ခံခဲ့သည်ဟု ဂျပန်သတင်းဌာန နစ်ကိုင်းအေးရှားက ရေးသား ထားသည်။
သို့သော်လည်း အကန့်သတ်ဖြင့် ထုတ်လုပ်ရသဖြင့် မော်တော်ယာဉ် အပြည့်အစုံ တပ်ဆင်ပြီးစီး၍ ပေးပို့နိုင်မည့် ရက်အတိအကျကို အာမ မခံနိုင်သေးကြောင်း အရောင်းကိုယ်စားလှယ်တစ်ဦးက မိမိတို့ကို ပြောသည်ဟု နစ်ကိုင်းအေးရှားမှ ဖော်ပြထားသည်။

ပြည်ပမှ မော်တော်ယာဉ် အစိတ်အပိုင်းများကို တင်သွင်းပြီး ပြည်တွင်းတွင် SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်နေ သည့် မော်တော်ကား ကုမ္ပဏီအများစုသည် အမေရိကန် ဒေါ်လာဈေးနှုန်း ကွာဟချက်များနှင့် လိုအပ်သည့် အစိတ် အပိုင်းတင်သွင်းရန် အစိုးရမှ ချမှတ်ထားသည့် တင်သွင်းခွင့် မူဝါဒများကြောင့် ဆက်လက် ထုတ်လုပ်ရန် ခက်ခဲနေ ပြီး ရပ်နားထားရသည်ကို တွေ့ရသည်။

သို့သော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပါမစ်တချို့ကို ပြန်လည်ထုတ်ပေးမည်ဆိုပါက SKD ကားထုတ်လုပ်မှုများသည်လည်း ပြန်လည် လည်ပတ်လာနိုင်ကြောင်း ဦးမင်းမင်းမောင်က ပြောသည်။

Toyota ကားကုမ္ပဏီကိုတွေ့ရစဉ် (GETTY IMAGES)

ပြည်တွင်းတွင် SKD စနစ်ဖြင့် ထုတ်လုပ်တပ်ဆင်နေသည့် ကားအမျိုးအစားများမှ ဆူဇူကီး၊ ဟွန်ဒိုင်း၊ ဂျက်တော၊ နီဆန်း၊ KIA၊ Ford စသည့် ကားအမျိုးအစားများ ဖြစ်ပြီး ထုတ်လုပ်နေသည့် ကုမ္ပဏီ ၁၀ ခုကျော် ရှိကြောင်း သိရသည်။

ရန်ကုန်မော်တော်ကား ရောင်းဝယ်ရေးအသင်းဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက “အခု လောလောဆယ် ကျနော်တို့က တော့ ပြီးခဲ့တဲ့ ၁ လကျော် လောက်ကစပြီးတော့ ငြိမ်သွားတာပေါ့နော် ကားဈေးကွက်က။ တော်တော်လေးကို ဈေး ကို ထိုးဆင်းသွားတာပေါ့နော်။ ထိုးဆင်းသွားတယ်ဆိုတာက ဒေါ်လာ ဈေး ၃၀၀၀ ကနေ ၄၀၀၀ နား ကပ်သွားတဲ့ အထိပေါ့နော်။ အဲဒီတုန်းက ကားဈေးက ကိုယ့်ပါးစပ်ထဲမှာ ကိုယ်ခေါ် ရင် ခေါ်သလိုမျိုး ရောင်းနေရတာဆိုတော့ အလုအယက်ကြီး ဝယ်နေကြတာ။

ကားတစ်စီးက ၁၅၀ တန်က ၃၀၀ လောက် ဖြစ်သွားတယ်။ တက်တုန်းက အတက်ကြမ်းသွားတယ်။ အတက်ကြမ်းသွားတဲ့ အခါကျတော့ စီးသမား တွေကလည်း အိမ်မှာစီးတဲ့ကားကို ထုတ် ရောင်းကြတယ်။ တချို့ကျတော့လည်း ငွေမပိုက်ရဲကြဘူး။ ရွှေဝယ်တာတို့ အဲဒါမျိုးလေးတွေ ဖြစ်ကြတာ၊ ကားဝယ် တာ။ အဲတော့ ကားအရောင်းအဝယ် လုပ်တဲ့သူကျတော့ အရင်းအနှီး ရှိပြီးသားလူ သိန်း ၅၀၀၀ ရှိတဲ့သူက ၃၀၀၀ လောက်ရင်းထား ၂၀၀၀ လောက် ချန်ထား ကားဈေးကွက်ထဲမှာ အကုန်လုံး အောပြီး ရင်းလိုက်တယ်။ ရင်းပြီး တော့ ဒီကားတွေ အကုန်လုံးက သူတို့လက်ထဲမှာ အရောင်းအဝယ် လုပ်ကြတယ်။ ဒါပေမယ့် လက်ရှိမှာ ကား အရောင်း အဝယ်မှာ ဝယ်ရောင်းတွေ အားလုံးက ပိုက်ဘောတွေ အကုန် မိကုန်ကြတာပဲ။

အဲတော့ မြတ်ထားတဲ့ ကားလေးတွေက ပြန်ပါသွားမှာပဲ။ ကားတစ်စီးကို ၅၀၊ ၁၀၀ လောက် အသာလေး မြတ်တယ်။ ဒါပေမယ့် အဲဒီ မြတ်တဲ့ဟာတွေက နောက်ပိုင်း ကားဈေးအကျမှာ အဲထက်ကို ပိုဆိုးသွား တယ်။ ဝယ်ရောင်းတွေ လက်ထဲမှာ ပိုက်ဘောမိသွားတာက ဝယ်ထားတဲ့ဈေးနဲ့ လောလောဆယ် ပြန်ရောင်းရမှာ နဲ့က ဒါပေမယ့် အခု ရောင်းလို့ ရ တယ်ဆိုပေမယ့် ရောင်းလို့ကို အဝယ်ကို မလာတော့တာ ဖြစ်သွားတော့ သူတို့ရ တဲ့ အမြတ်နဲ့ ရှုံးတဲ့အမြတ်နဲ့က ရှုံးတဲ့အမြတ်ကတောင် သာရင်သာသွားဦးမှာ အခုက” ဟု ပြောသည်။

ထို့အပြင် ဒေါ်လာလိုအပ်ချက်ကြောင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ကတည်းက ယာယီပိတ်ထားသည့် ပြည်ပမှ ကားတင်သွင်းခွင့် ပါမစ်များသည်လည်း လက်ရှိအချိန်ထိ ပြန်လည်ဖွင့်ပေးခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိ ကားဈေးကွက်သည် ဒေါ်လာဈေး အတက်အကျ ပေါ်တွင်သာ အပြောင်းအလဲဖြစ်နေပြီး SKD ထုတ်လုပ် ခြင်းနှင့် ပြည်ပမှ ကားတင်သွင်းခွင့် ပါမစ်များ ပြန်လည်ရရှိမှသာလျှင် အရောင်းအဝယ်များ သွက်လာမည် ဖြစ် ကြောင်း၊ ကားဈေးနှုန်းများသည်လည်း လှုပ်ခတ်လာမည် ဖြစ်ကြောင်း ကားမူဝါဒ ကျွမ်းကျင်သူများက သုံးသပ်နေ ကြသည်။