CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂

မကြာခင်က ကုန်ဆုံးသွားခဲ့သည့် သီတင်းကျွတ် ပိတ်ရက်များတွင် ချောင်းသာနှင့် ငပလီ ကမ်းခြေဒေသများသို့ ခရီးသွား တစ်သောင်းကျော် ဝင်ရောက်ခဲ့ပြီး ချောင်းသာကမ်းခြေသို့ အများဆုံး ဝင်ရောက်ခဲ့ကြောင်း သက်ဆိုင်ရာ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ချောင်းသာကမ်းခြေသို့ သီတင်းကျွတ် ရုံးပိတ်ရက် အောက်တိုဘာ ၈ ရက်တွင် ၃၀၂၂ ဦး၊ ၉ ရက်နေ့တွင် ၃၁၄၂ ဦး၊ ၁၀ ရက်နေ့တွင် ၁၇၉၄ ဦး၊ ၁၁ ရက်နေ့တွင် ၂၂၄၃ ဦး ရှိခဲ့ကာ စုစုပေါင်း ၁၀၂၀၁ ဦး ခရီးသွား ဝင်ရောက်မှုရှိခဲ့သည်။

ထို့ကြောင့် ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်ပါက များပြားလာကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာ ရေး ညွှန်ကြားမှု ဦးစီးဌာန ချောင်းသာရုံးခွဲမှ ဦးစီးအရာအရှိ ဦးနိုင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

သီတင်းကျွတ်ပိတ်ရက် ခရီးသွားများကိုတွေ့ရစဉ်

၎င်းက “မနှစ်က သီတင်းကျွတ်ကလေ ၁၉ ရက် ၁၀ လ ၂၀၂၁ ပေါ့ အဲဒါပြည်တွင်း/ပြည်ပ အားလုံးပေါင်း ၁၉၇၆ အခု ၈ ရက်နေ့လိုဟာမျိုးကျ ယှဉ်လိုက်ရင် ၃၀၀၀ ကျော်ပေါ့။ ၂၀ ရက် ၁၀ လ ၂၀၂၁ ကတော့ ၁၉၆၁၊ ၁၀ ရက် နေ့ လိုဟာမျိုးမှာ မနှစ်က သီတင်းကျွတ်က ၁၁၃၉၊ အခုရထားတာက ၁၇၀၀ ကျော်တယ်လေ။ ၁၇၉၄ ဆိုတော့ မနှစ် ကနဲ့ ယှဉ်ရင် ကျနော်တို့က များတာပေါ့။ စနေ၊ တနင်္ဂနွေဆိုရင်တော့ ၁၀၀၀ ကျော် ၁၁၀၀ တို့ ၁၆၀၀ တို့ လောက် ရှိတယ်။ ကြားရက်က အင်္ဂါကနေ သောကြာနေ့တို့ ဘာတို့ကျတော့ ၄၀၀ ကျော် ၅၀၀ လောက် ရှိတာပေါ့။ ဒါသူ့ရဲ့ ပုံမှန်အချိန်ဟာလေးပေါ့။ ကျနော်တို့က လမ်းပန်းဆက်သွယ်ရေးကြ ဥပမာ ရန်ကုန်ကဆိုရင် ရန်ကုန်-ပုသိမ်ကို မောင်းရင် ၅ နာရီလောက်ဆိုရင် ခရီးစဉ်တိုတောင်းတယ်လေ။ သွားရလာရတာ လမ်းပန်း ဆက်သွယ်ရေး က လည်း ကောင်းတယ်။ နောက် ကျနော်တို့ဆီမှာ နေ့ချင်း ပြန်တွေကလည်း ဧရာဝတီတိုင်း ထဲမှာရှိတဲ့ မြို့နယ်တွေ ကနေ ဒီကိုလာပြီးရင် ညနေဆို ပြန်ကြတာပေါ့။ အဲဒါတွေလည်း များတာပေါ့။ ဘာလို့ဆို လမ်းခရီးအဓိကပေါ့။ လမ်းခရီးက ကျနော်တို့က မောင်းချလိုက်ပြီး လာရင် အချိန်တိုတိုလေးမှာ လာရောက် လည်ပတ်လို့ရတဲ့ ကမ်းခြေ တစ်ခုပါ”ဟု ပြောသည်။

ငပလီကမ်းခြေသို့ အောက်တိုဘာ ၇ ရက်မှ ၁၀ ရက်နေ့အထိ လေယာဉ် ၂၄ စင်း ဆင်းသက်ခဲ့ပြီး ပြည်တွင်း ခရီး သွား ၁၄၉၈ ဦးနှင့် နိုင်ငံခြားသား ခရီးသွား ၁၀၇ ဦးရှိခဲ့သည်။

သို့သော်လည်း ပြီးခဲ့သည့် သင်္ကြန်ရုံးပိတ်ရက် ခရီးသွား ဝင်ရောက်မှုဖြင့် နှိုင်းယှဉ်ပါက နည်းပါးကြောင်း ရခိုင်ပြည် နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အကုန်လုံး ၄၈၊ ၄၉ ရာခိုင်နှုန်းလောက် အခန်းငှားရတာပေါ့နော်။ ပြီးခဲ့တဲ့ သင်္ကြန်လောက်တော့ မများဘူး ပေါ့။ သို့သော်လည်းပဲ လေကြောင်းအားပြုပြီးတော့ပဲ လာကြတာဖြစ်တဲ့အတွက် ဧည့်သည်ကတော့ ရှိပါတယ်။ နောက်တစ်ခါ ဘာသာရေး ပိတ်ရက်ဖြစ်တဲ့အခါကျတော့ ဘာသာရေးဆိုင်ရာ ပုဂံတို့ ဘုရားတွေဘက်ကို သွားကြ တာတွေရှိတော့ ဒီဘက်ကို ဧည့်သည်က အပျော်အပါး အနားယူတဲ့ ဧည့်သည်လောက်ပဲ လာတာပေါ့။ ဒီလိုလေး လည်း ဧည့်သည်က ပြန့်သွားတာပေါ့ တစ်ပြည်လုံးကို။ အလားအလာ ကောင်းတာပေါ့။ အောက်တိုဘာဆိုတာ မိုးမကုန်သေးဘူး တကယ်တမ်းကျတော့။ နောက် လေကြောင်းလိုင်းတွေလည်း အပြည့်အဝ ပြန်မဆွဲနိုင်သေးဘူး။ လာမယ့် အောက်တိုဘာ ကျော်ရင်တော့ ပုံမှန်အတိုင်းဆို လေကြောင်းတွေလည်း ပိုဆွဲလာမယ်။ ဧည့်သည်လည်း ပိုသွားလာမှာပါ”ဟု ပြောသည်။

သီတင်းကျွတ်ပိတ်ရက် ခရီးသွားများကိုတွေ့ရစဉ်

ငပလီကမ်းခြေသို့ သီတင်းကျွတ် ပိတ်ရက်အတွင်း လာရောက်သည့် နိုင်ငံခြားသားခရီးသွား ၁၀၇ ဦးထဲတွင် ရုရှား နိုင်ငံသားများ မပါရှိသေးကြောင်းနှင့် Tourist visa ဖြင့် လာရောက်သည့် နိုင်ငံခြားသားမှာ ၂၆ ဦးခန့်သာရှိကြောင်း သိရသည်။

ယခု အောက်တိုဘာလတွင် သီတင်းကျွတ် ရုံးပိတ်ရက် ပြီးဆုံးသွားသော်လည်း လာမည့် နိုဝင်ဘာ နှင့် ဒီဇင်ဘာလ တို့တွင် တန်ဆောင်တိုင်ပိတ်ရက်၊ ခရစ္စမတ်ပိတ်ရက်နှင့် နှစ်သစ်ကူးပိတ်ရက်တို့ ရောက်ရှိလာဦးမည် ဖြစ်သော ကြောင့် ခရီးသွားများ ဝင်ရောက်မှုသည် ယခုထက် ပိုမိုများပြားလာနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။