CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၉
မြန်မာနိုင်ငံတွင် စက်သုံးဆီပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် “စုံ” ရက်၊ “မ” ရက် ခွဲခြားကာ မော်တော်ယာဥ် ကန့်သတ်မောင်းနှင်စေခြင်း သတ်မှတ်ချက်က ခရီးသွားကဏ္ဍနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍများတွင် ထိခိုက်မှုများ ရှိနေကြောင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ အပါအဝင် စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ စတင်ကာ စက်သုံးဆီချွေတာ သုံးစွဲရေးအတွက် မော်တော်ကားများနှင့် မော်တော် ဆိုင်ကယ်များကို စုံ/မ ခွဲခြားပြီး မောင်းနှင်အသုံးပြုရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မတ်လ ၃ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
စက်သုံးဆီ ချွေတာရေးအတွက် စုံ/မ ကားထွက်ရက် သတ်မှတ်လိုက်ခြင်းသည် ခရီးသွားလောကကို အကြီး အကျယ် ထိခိုက်မှုများ ရှိလာကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ခရီးသွားကဏ္ဍမှာတော့ လက်ရှိ ကျနော်တို့ ပြည်ပကလာတဲ့ ခရီးသွားတွေကို ခရီးစဉ် စီစဉ်တဲ့ နေရာမှာ တော့ တော်တော်လေး အခက်အခဲ ဖြစ်နေပါတယ်။ ကားတွေက ပုံမှန်အားဖြင့် ဆိုရင်တော့ (စုံ/မ) ခွဲထားတဲ့ အတွက် ပထမနေ့မှာ လေဆိပ်ရောက်တယ်။ ကြိုတယ်။ နောက်နေ့ကျလို့ရှိရင် နောက်ကားတစ်စီးနဲ့ ချိန်းပြီးတော့ သွားရတာမျိုးပေါ့နော်။ အဲဒီလိုမျိုးတွေ ကျနော်တို့ ဖြစ်နေတယ်။ နောက်တစ်ခါ နေပြည်တော်လောက်ကို သွားဖို့ အတွက်တောင်မှ ဟိုင်းဝေးသွားဖို့ အတွက်ကို အခက်အခဲတွေ ဖြစ်တယ်။ သွားတဲ့ ရက်ကတစ်ခု (စုံ)ရက် ပြန်လာ ရင် (မ) ရက် ကားက မရတာမျိုးတို့ ဘာတို့ဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်းအတွက် ကားငှားတာမှာ တော်တော် လေး အခက်အခဲ ဖြစ်နေကြတယ်။ ဒါကတော့ လက်ရှိ ကြုံတွေ့နေရတဲ့ ခရီးစဉ် အခက်အခဲတွေပေါ့နော်။ ခရီးစဉ် က တစ်ရက်ထဲ သွားရတာ မဟုတ်ဘူးလေ။ ခရီးစဉ်က (စုံ) ရက် တစ်ရက်တည်း (မ) ရက် တစ်ရက်တည်း မဟုတ် ဘူး။ ခရီးစဉ် သုံးလေးငါးရက်ဆိုရင်ပဲ (စုံ)ရော၊ (မ)ရော ကျနော်တို့ သွားဖို့လိုလာတယ်။ ဥပမာ ရန်ကုန်ကနေ ပြည်တွင်း ဘုရားဖူးခရီးစဉ် အနေနဲ့ပဲ သွားမယ်ဆို ပုဂံ- မန္တလေး သွားမယ်၊ အင်းလေး သွားမယ်ဆိုရင် ဒီနေ့က (စုံ) ရက်ဖြစ်တဲ့အတွက် (စုံ) ရက်သွားပေမယ့် ကားကလည်း (စုံ) ကားဖြစ်နေတော့ စုံရက်မှာ ပုဂံကို ရောက်ပြီးတော့ (မ) ရက်မှာက လည်ပတ်လို့မရတဲ့ သဘောဖြစ်နေတယ်။ ပြီးတော့ နောက်တစ်ခါ စုံရက်မှာလည်း လည်လို့မရဘူး ဖြစ်နေပြန်ရော။ ( မ )ရက်မှာ ပြန်လာလို့မရဘူးဆိုတဲ့ ဟာမျိုးတွေ ဖြစ်နေတဲ့အတွက် တစ်ရက်မောင်းပြီး တစ်ရက် နားရတဲ့ စနစ်ကတော့ ဒါ ခရီးသွားလောကကို အကြီးအကျယ် ထိခိုက်စေပါတယ်” ဟု ပြောသည်။

ပုဂံခရီးသွားများကို တွေ့ရစဉ်
လက်ရှိတွင် စုံ/မ ရက် သတ်မှတ်၍ မော်တော်ကားများနှင့် မော်တော်ဆိုင်ကယ်များ သွားလာနေရခြင်းကြောင့် ပုဂ္ဂလိက ရုံးလုပ်ငန်းများနှင့် ကျောင်းသားမိဘများ အခက်အခဲများ တွေ့နေကြသလို ခရီးသွားမည့်သူများနှင့် စီးပွားရေးအရ နေ့စဉ် သွားလာနေရသူများလည်း အခက်အခဲများ ကြုံတွေ့နေကြရသည်။
စုံ/မ အရေးယူမှုကို ၂၀၂၀ ယာဥ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဥ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ-၉၆ ဖြင့် အရေး ယူမည်ဖြစ်ကြောင်း၊ မည်သူမဆို လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ၎င်းအား ကျပ် ၃၀,၀၀၀ ထက် မပိုသည့် ဒဏ်ငွေ ချမှတ်ရမည်ဟု ယာဉ်ထိန်းရဲအရာရှိ ဒုတိယရဲမှူးကျော်စိုးလွင်မှ သူ၏ လူမှု ကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
စက်သုံးဆီချွေတာရေး လုပ်ငန်းစဥ်သည် မဖြစ်မနေ လုပ်ဆောင်သင့်သည့် လုပ်ငန်းစဥ် ဖြစ်သော်လည်း စီးပွားရေး စနစ်ကို မထိခိုက်အောင် သေချာစဥ်းစားပြီး လုပ်ဆောင်သင့်ကြောင်း၊ လက်ရှိ အခြေအနေတွင် ဆီချွေတာရေးနှင့် ပတ်သက်ပြီး ကုန်ထုတ်စွမ်းအား ကဏ္ဍများတွင် ရိုက်ခတ်မှုများ ရှိလာသည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

စက်သုံးဆီ ထည့်နေကြသူများကို တွေ့ရစဉ်
၎င်းက “ချွေတာရေး အစီအစဉ်ကတော့ လုပ်ကိုလုပ်ရမှာပေါ့လေ။။ လတ်တလော ကိစ္စအတွက်ကတော့ ဒါက မှန်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာပေါ့လေ။ အကျိုးဆက်ပေါ့။ အကျိုးဆက်ဆိုတာ Economy ကို ဘယ်လိုထိ မလဲပေါ့။ Economy ကို ရေရှည်ဆိုရင် မထိအောင် လုပ်ရမှာလေ။ ဒီဥစ္စာ ချွေတာတာတော့ မှန်တယ်။ ဒါပေမယ့် ဒီဘက်က စီးပွားရေးစနစ်ပေါ့ Economy ရဲ့ Impact ကိုပေါ့။ အကျိုးဆက်ကို ရေရှည်ထိစေရင်တော့ ဒါမျိူးက တော့ မဖြစ်အောင် စဉ်းစားရမှာပေါ့လေ။ သဘောက တချို့နိုင်ငံတွေမှာလည်း လုပ်ပါတယ်။ လုပ်ပေမယ့် တစ်ခု ရှိတာက သူတို့မှာ Public transport က အရမ်းအားကောင်းတယ်။ အဓိက,က ဘာလဲဆိုတော့ ကုန်ထုတ်စွမ်းအား ပေါ့ (Productivity) ခေါ်တာပေါ့။ ကုန်ထုတ်စွမ်းအားကို သွားပြီး ထိခိုက်စေတဲ့ဟာမျိုး မဖြစ်အောင်တော့ ဘယ်လို လုပ်မလဲပေါ့။ ချွေတာတဲ့ အပိုင်းမှာ တစ်ခုရှိတယ်။ ချွေတာတယ်ဆိုရင် ဆီဝယ်ဖို့ကို Limit လုပ်လိုက်တယ်။ ချွေတာပြီးသား ဖြစ်သွားပြီ။ ဘယ်သူပဲမဆိုဒီဆီဈေးနှုန်းနဲ့ကတော့ တော်ရုံတန်ရုံ ကိစ္စမရှိရင် ဘယ်သူမှ မသွားဘူး။ ချွေကိုလည်း ချွေတာရမယ် ဒါမှန်တယ် အိုကေ။ ဒါပေမယ့်လို့ ရေရှည်မှာတော့ ကုန်ထုတ်စွမ်းအား မထိအောင် ဘယ်လိုလုပ်မလဲ ဒါကိုတော့ ထပ်စဉ်းစားဖို့ လိုသေးတယ်လို့ ထင်တယ်။ ကျနော်က စက်ရုံ သေးသေးလေးတစ်လုံး ပိုင်တယ်ဗျာ။ ကျနော့်မှာ (စုံ)ကားရှိတယ် (မ)ကားမရှိဘူး။ ကျနော် ဘယ်လိုအလုပ်လုပ်မလဲ။ ဒါဆို ကုန်ထုတ်စွမ်းအားကို သွား ထိပြီလေ။ ဝန်ထမ်းလေးငါးဆယ်ရှိတယ်။ ကျနော် ဖယ်ရီတွေပေးရတယ်။ အဲဒီအတွက်ဆိုရင် အလုပ်က နေ့တိုင်း လုပ်နေရတာ စုံ-မ အဆင်ပြေအောင် ကားတစ်စီး ထပ်ဝယ်မလား။ လက်ရှိမှာ ကားဈေးနဲ့ကျတော့ အဲ့ဒီလိုပေါ့လေ။ သဘောအရ ပြောတာပေါ့လေ။ ထပ်ပြောရင် ကွင်းဆက်တွေတော့ အများကြီးရှိတာပေါ့နော်” ဟု ပြောသည်။
ထို့ပြင် စုံ/မ ကားထွက်ရက် ခွဲခြားသတ်မှတ်သည့် ပြဋ္ဌာန်းချက်သည် ပြည်သူများအတွက် အခက်တွေ့စေသလို တရားမျှတမှု မရှိသည့် အနေအထားမျိုး မြင်တွေ့ရကြောင်း၊ ပြဋ္ဌာန်းလိုက်သည့် ဥပဒေပြဋ္ဌာန်းချက် အပေါ်တွင် အခွင့်ကောင်းယူကာ ကိုယ်ကျိုးစီးပွားရှာမည့် ပုဂ္ဂိုလ်များလည်း ရှိလာနေကြောင်း၊ စက်သုံးဆီ မှောင်ခို စျေးကွက် များလည်း ပိုမိုကြီးထွားလာကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူလူထုများက ထောက်ပြကြသည်။
အလားတူ စက်သုံးဆီ ထည့်သည့်အခါမှာ QR Code အသုံးပြု၍ ထည့်သည့်နေရာမှာလည်း အခက်အခဲများ ဖြစ်ပေါ်နေကြကြောင်း၊ လိုင်စင်ကားများကို နံပါတ်ပွား၍ စီးနေကြသည့် ကားများရှိနေခြင်းကြောင့် ထိုကားများ က ဆီထည့်သွားသည့်အခါ မူရင်း ကားပိုင်ရှင်က စက်သုံးဆီ ထည့်မရဘဲ ဖြစ်ပေါ်နေကြောင်း ပြည်သူများက ထောက်ပြကြသည်။
