CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၀
စက်သုံးဆီဆိုင်ကြီးများတွင် စက်သုံးဆီ ချွေတာသုံးစွဲရေးအတွက် အကန့်အသတ်နှင့် ရောင်းချခြင်းက စက်သုံးဆီ မှောင်ခိုစျေးကွက်ကို ယခင်ကထက် ပိုမိုကြီးထွားလာသည်ဟု ပြည်သူများ အပါအဝင် ခရီးသွားလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့၏ ပြည်တွင်း စက်သုံးဆီ ရည်ညွှန်းစျေး ထုတ်ပြန်ချက်အရ (92 Octane) တစ်လီတာလျှင် ၃,၆၁၀ ကျပ်၊ (95 Octane) တစ်လီတာလျှင် ၃,၈၅၀ ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာ ၄,၃၉၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၄,၈၂၀ ကျပ် အထိ ရှိနေသည်။
ပြည်သူများ၏ စက်သုံးဆီ အခက်အခဲများကြားထဲတွင် တရားမဝင် ဝယ်ယူရောင်းချနေသည့် စက်သုံးဆီ မှောင်ခို စျေးကွက်သည် ပိုမို ကြီးထွားလာနေကြောင်း၊ ထိုစက်သုံးဆီ ကိစ္စသည် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက် ၍ သော်လည်းကောင်း မှောင်ခိုစျေးကွက်အပေါ် များစွာ သက်ရောက်မှု ရှိနေသည်ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ခုနကလို ကားကို ပွားထားတာတို့ လိုင်စင်ပွားထားတာတို့ ဘာတို့ဆိုတာတွေက အဲဒါတွေလည်း အများ ကြီး တွေ့နေရတယ် မြင်နေရတယ်ပေါ့နော်။ အဲဒါတွေလည်း ရှိပါတယ်။ နောက်တစ်ခုက လိုင်စင် မရှိဘဲနဲ့ ဆိုင်ကယ်ဆိုလည်း လိုင်စင်မရှိဘဲနဲ့ သုံးစွဲနေကြတဲ့ အရေအတွက်တွေက မနည်းဘူး တော်တော် များတယ်ပေါ့ နော်။ လိုင်စင်မဲ့ ဆိုင်ကယ်တွေ ဥပမာ သုံးဘီးတွေ ဘေးတွဲတွေ အဲဒီဟာတွေ အကုန်လုံးက ကျနော် သိသလောက် က တရားဝင် လိုင်စင်မရှိကြဘူး။ သူတို့တွေရဲ့ စက်သုံးဆီ သုံးစွဲမှုတွေကလည်း လုပ်နေကြတာဆိုတော့ ဒီဟာ အပေါ်မှာ တရားမဝင် ဝယ်ယူမှုတွေ ရောင်းချမှုတွေ ရှိနေတယ်ဆိုတာ လည်း သိရပါတယ်၊ ရှိလည်း ရှိနေတယ်။ လက်တွေ့လုပ်နေတဲ့ ကျနော်တို့ မန္တလေးတို့ ဘာတို့မှာဆိုရင် လည်း ဒီအခက်အခဲကြောင့်မို့လို့ မှောင်ခို ဈေးကွက် က ကြီးထွားလာပြီးတော့ စက်သုံးဆီဈေးတွေက ပြင်ပဈေးနဲ့ဆို နှစ်ဆကျော်လောက်ထိကို ပိုပြီးတော့ ဈေးတက် သွားတာတွေ တွေ့ရတယ်။ မဖြစ်မနေ အလုပ်လုပ်နေကြတဲ့ သူတွေကျတော့ ဒီဟာပေါ်မှာ မှီပြီးတော့ အလုပ်လုပ် နေတာ။ ပြောချင်တာကတော့ မီးစက်မောင်းတာတို့ အဲဒါတို့မှာကျတော့ လိုင်စင် မရှိဘူးပေါ့နော်။ ကားလိုမျိုး ဟိုဟာ(လိုင်စင်) မရှိဘူး။ ဒီလိုအပ်မှုက ရှိနေသေးတယ်။ အဲဒါကြောင့်မို့လို့ သုံးစွဲနေရတာတွေရှိတယ်။ အဲဒီ အတွက်ကြောင့် မှောင်ခို ဈေးကွက်က ပိုကြီးထွားလာပြီးတော့ တိုက်ရိုက် ပတ်သက်တယ်ပဲ ပြောမလား သွယ်ဝိုက် ပြီး ပတ်သက်တယ် ပြောမလား ဒါအပေါ်မှာ သက်ရောက်မှုတွေတော့ အကြီးကြီး ဖြစ်နေပါတယ်” ဟု ပြောသည်။

စက်သုံးဆီ ထည့်နေကြစဉ်
မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် စက်သုံးဆီ အခက်အခဲများကြောင့် စက်သုံးဆီ မှောင်ခိုစျေးကွက်၌ တစ်လီတာလျှင် ကျပ် ၉၀၀၀ မှ ၁၅၀၀၀ အထိ စျေးပေါက်နေကြောင်း၊ ၎င်းမှတဆင့် အိုးဝေ ငှားရမ်းခများ၊ ဆိုင်ကယ်ကယ်ရီ ငှားရမ်းခများလည်း မြင့်တက်မှုများ ရှိလာသည်ဟု ပြည်သူများက ထောက်ပြကြသည်။
အလားတူ စက်သုံးဆီ ထည့်သည့်အခါမှာ QR Code အသုံးပြု၍ ထည့်သည့် နေရာမှာလည်း အခက်အခဲများ ဖြစ်ပေါ်နေကြကြောင်း၊ လိုင်စင်ကားများကို နံပါတ်ပွား၍ စီးနေကြသည့် ကားများရှိနေခြင်းကြောင့် ထိုကားများ က ဆီထည့်သွားသည့်အခါ မူရင်း ကားပိုင်ရှင်က စက်သုံးဆီ ထည့်မရဘဲ ဖြစ်ပေါ်နေကြောင်း ပြည်သူများက ထောက်ပြကြသည်။
စက်သုံးဆီ ချွေတာရန်အတွက် ဆီကို အကန့်အသတ်ဖြင့် လုပ်ထားပြီး ဖြစ်သည့်အတွက် မော်တော်ယာဥ်များကို “စုံ”ရက် “မ” ရက် ခွဲခြားကာ မောင်းနှင်စေခြင်းသည် မဖြစ်သင့်တော့ကြောင်း၊ စက်သုံးဆီ ဖြည့်သွင်းရာတွင်လည်း (QR Code Scan) ဖတ်သည့် နည်းစနစ်များကြောင့် အဆင်မပြေမှုများ မြင်တွေ့ရသည်ဟု စီးပွားရေးလေ့လာသုံး သပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

စက်သုံးဆီ အရောင်းဆိုင်ကို တွေ့ရစဉ်
၎င်းက “ကျနော် ကိုယ်တိုင်ကတော့ အခက်အခဲ မရှိလိုက်ပါဘူး။ မရှိလိုက်ဘူးဆိုတာ ကျနော်က QR Code ပြလိုက် တယ်။ ကားလိုင်စင်ကို မော်တော်ယာဉ် လိုင်စင်ကို ပြလိုက်တယ်။ တန်းဖတ်တယ် တန်းဝင်သွားတယ်။ တချို့ အဆင်မပြေတဲ့ လူတွေရှိတာပေါ့။ အဆင်မပြေတဲ့ လူတွေရှိတဲ့ အခါကျတော့ အဆင်မပြေတဲ့ ကိစ္စတွေကိုလည်း လိုင်စင် မှန်တယ်ဆိုရင် ပေးလိုက်ပါလို့ ကညန ကလည်း ညွှန်ကြားထားပြီးပြီလေ သဘောက။ ခုနက ကျနော် ပြောတဲ့ထဲမှာ ပါသွားပြီ။ (အခက်အခဲ) ဖြစ်တာပေါ့ ဖြစ်တယ်လေ။ ကျနော်ဆိုလည်း ဖြစ်တာပဲ။ ကျနော်တို့ဆို တက္ကသိုလ်တွေမှာ စာသင်တယ်။ "စုံ" နေ့လား "မ" နေ့လား။ အကြံပေးလုပ်နေတဲ့ ကုမ္ပဏီကြီးတွေရှိတယ်။ "စုံ"နေ့ လာမလား "မ"နေ့လာမလား စသဖြင့်ပေါ့။ အခက်အခဲရှိတာပေါ့။ အဲဒီ အခက်အခဲတွေ ပြေလည်ဖို့အတွက် စာသင်ဖို့ ကိစ္စလေးအတွက် နောက်ထပ် ကားတစ်စီး ထပ်ဝယ်မလား။ အဆင်မပြေဘူးလေ သဘောက။ ဆိုတော့ တစ်ခုရှိတာက ဆီကို Limit လုပ်ပြီးပြီဆိုရင်တော့ ဒါကြီးက စုံ/မ ကိစ္စက ရေရှည်ကြီးတော့ အဆင်မပြေဘူးလေ။ ဘာဖြစ်လို့လဲဆို ဆီကို Limit လုပ်ထားပြီးပြီ။ သူက ဒါပဲသုံးတော့မှာလေ။ Limit လုပ်ထားပြီးပြီဆိုတော့ သူက ဒါ့အပြင် ပိုသုံးလို့ မရဘူး။ အဲဒီတော့ သူ့ဘာသာ"စုံ"နေ့မောင်းမောင်း "မ" နေ့မောင်းမောင်း တကယ်တမ်း လက် တွေ့ ကျကျ စဉ်းစားလို့ရှိရင် ကိုယ်တာ သဘောနဲ့ စဉ်းစားရင် ဒါသည် သူ့မှာ ပြဿနာ မရှိတော့ဘူးလေ။ ချွေတာဖို့ ကိစ္စမှာ (Automatically) ပါသွားပြီ။ အဓိက,ကတော့ Economy ကြီးကို Impact မဖြစ်စေ ချင်ဘူးပေါ့နော်။ ရေရှည်မှာတော့ ဒီလိုတော့ အဆင်မပြေဘူးပေါ့နော်” ဟု ပြောသည်။
စက်သုံးဆီ အခက်အခဲများကြောင့် ကုန်ထုတ် စီးပွားရေး လုပ်ငန်းများကိုပါ ထိခိုက်မှုများ ရှိလာကြောင်း၊ စုံ/မ သတ်မှတ်ချက်ကြောင့်လည်း ခရီးသွားလုပ်ငန်းနှင့် ပုဂ္ဂလိက ရုံးလုပ်ငန်းများ ထိခိုက်လာနေကြောင်း၊ အလားတူ ကျောင်းသားမိဘများ အခက်အခဲများ ကြုံတွေ့နေရသည်ဟု ပြည်သူများက ပြောကြသည်။
