CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ 

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် စက်သုံးဆီ အခက်အခဲများနှင့် စုံ/မ မော်တော်ယာဉ် သတ်မှတ်ချက် ကြောင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဘယ်လို ရင်ဆိုင်နေရသလဲဆိုသည့်အပေါ် မေးခွန်းထုတ် စောင့်ကြည့် နေကြသည်။

လက်ရှိအချိန်တွင် စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန် ခက်ခဲမှု အပါအဝင် မော်တော်ယာဉ်များအား “စုံ”ရက်/ “မ”ရက် သတ်မှတ်၍ မောင်းနှင်ခွင့်ပြုသည့် စနစ်များကြောင့် ပြည်သူလူထု သွားလာရေး အခက်အခဲ များ ဖြစ်ပေါ်လာသလို ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများလည်း ထိခိုက်လာခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များက ပြောသည်။

အလားတူ ကုန်ထုတ်စွမ်းအားကဏ္ဍလည်း ကျဆင်း ထိခိုက်လာသလို အလုပ်လုပ်နိုင်မှု စွမ်းအားလည်း ကျဆင်း လာနေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။ 

ပြည်တွင်း ခရီးသွားမည့် သူများအနေဖြင့် သင်္ကြန်တွင်း ပိတ်ရက်ရှည်များတွင် လည်ပတ်ရန် ခရီးစဥ်များကို လက်ရှိ ဖြစ်ပေါ်နေသည့် စက်သုံးဆီ အခက်အခဲများကြောင့် နောက်ဆုတ်သွားသည့် အနေအထားများ ရှိနေကြောင်း၊ ပြီးခဲ့ သည် နှစ်များထက် တစ်ဝက်ကျော်ခန့် ခရီးသွားလာမှု အခြေအနေ လျော့ကျသွားနိုင်သည်ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ဒီ‌အဝေးသွားမယ့် ခရီး‌စဉ်တွေ‌တော့ တော်တော်လေး Cancel တွေ လုပ်ကြတယ်။ ပျက်ကြတယ်ပေါ့နော်။ အနီးနားလောက်ကို သွားလို့ရမယ့် ချောင်းသာ၊ ငွေဆောင် လောက်ကိုတော့ ကမ်းခြေဒေသကိုတော့ သင်္ကြန် ကာလအတွင်းလည်း ဖြစ်တယ်။ ပိတ်ရက်လည်း ဖြစ်တယ်။ အဲဒီတော့ အားလပ်ရက် အတွင်းမှာတော့ ရတဲ့ အခွင့် အရေးအရ လူတွေက သွားကြမှာပဲ။ ဒါကြောင့်မို့လို့ ဒီကမ်းခြေ ဒေသတွေကတော့ ရှိမယ်။ ဒါပေမယ့် သူတို့ဆီမှာ လည်း ဧည့်သည် ဝင်ရောက်မှု ပုံမှန်ထက် ပြီးခဲ့တဲ့နှစ်တွေထက် ပိုနည်းသွားမယ်ပေါ့နော်။ ခရီးဝေးသွားတာဖြစ်တဲ့ ပုဂံတို့၊ မန္တလေးတို့၊ တောင်ကြီးတို့ ခရီးစဉ်တွေကျတော့ ပိုပြီးခက်ခဲသွားကြတယ်။ ဒါကြောင့်မို့လို့ ပြည်တွင်းခရီး သွားတွေက ဒေသတွင်း ခရီးသွားဆိုတာ ဥပမာအားဖြင့် တောင်ကြီးအနီးနားနဲ့ ရှမ်းပြည်အနီးနား သွားကြတဲ့သူ။ မန္တလေးဆိုလည်း မန္တလေး အနီးနားတင်သွားတဲ့သူ ဒီလောက်ပဲ ရှိကြပြီးတော့ ရန်ကုန်ကနေတော့ သွားရောက်မှု တွေတော့ တော်တော်လေး နည်းသွားမယ်။ ဒီအတွက်ကြောင့် ပြည်တွင်း ခရီးသွားအပေါ်မှာ အများကြီး ထိခိုက်မှု ရှိလာတာပေါ့နော်။ အရင်နှစ်ထက် စာရင်တော့ လျော့ကျသွားမှာပေါ့နော်။ ကျနော်တို့ ခန့်မှန်းတာတော့ တစ်ဝက် လောက်ထိတောင် လျော့ကျသွားမယ်လို့ ကျနော်တို့ ခန့်မှန်းတယ်။ ဒါပေမယ့် အနားရောက်လာလို့ စက်သုံးဆီနဲ့ ပတ်သက်ပြီးတော့ ပြေလည်မှုတွေ ရရှိလာတယ်။ ဒါမှမဟုတ် ဖြေလျှော့မှုတွေ ရရှိလာတယ် အဆင်ပြေလာတယ် ဆိုရင်တော့ ခရီးသွားလုပ်ငန်းက ပြန်ဖြစ်မှာပါ။ အခု လောလောဆယ်ကတော့ စီစဉ်ထားတဲ့ ခရီးစဉ် တော်တော် များများကတော့ ခရီးသွားတွေ တော်တော်များများကတော့ နောက်ဆုတ်လိုက်ကြတာ များတယ်ပေါ့နော်” ဟု ပြောသည်။ 

စက်သုံးဆီ ထည့်နေကြစဉ်

သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများအနေဖြင့် စုံ/မ သတ်မှတ်ချက် စနစ်ကို ပြန်လည် ဖျက်သိမ်းသင့် ကြောင်း၊ စုံ/မ သတ်မှတ်ချက်ကို ပြန်လည် ဖျက်သိမ်းလိုက်ပါက စက်သုံးဆီ အခက်အခဲရှိသည့်တိုင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကို ထိခိုက်နေမှုအား ဖြေလျှော့နိုင်မည်ဖြစ်ကြောင်း၊ သင်္ကြန်တွင်းကာလ ဟိုတယ်နှင့်ခရီးသွား ကဏ္ဍ အားကောင်းလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များက ထောက်ပြကြသည်။

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် စက်သုံးဆီနှင့် လုံခြုံရေးအပေါ်တွင် များစွာ မှီခိုနေရခြင်း ဖြစ်သည့်အတွက် လက်ရှိ အခြေအနေအရ ဒေသတွင်း တည်ငြိမ်မှု မရှိသလို စက်သုံးဆီ အခက်အခဲများ ရှိနေခြင်းကြောင့် ခရီးသွား လုပ်ငန်း ထိခိုက်မှု ရာခိုင်နှုန်းသည် ပိုပိုတိုးလာမည့် သဘောမျိုးသာ ရှိနေသည်ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ခရီးသွားလုပ်ငန်းမှာတော့ ရိုက်ခတ်မှုတွေ အများကြီးရှိတာပေါ့။ စက်သုံးဆီနဲ့ ဟိုဟာအပေါ်မှာ အများကြီး မှီခိုနေတယ်။ နောက်တစ်ခါ လုံခြုံရေးပေါ့နော်။ လုံခြုံရေးအပေါ်မှာလဲ မှီခိုနေတယ်။ ဒေသတွင်း တည်ငြိမ်ရေးပေါ့။ ‌ဒေသတွင်း တည်ငြိမ်တဲ့ နေရာတွေကို တချို့နေရာတွေကလည်း မတည်ငြိမ်တော့ သွားလို့ မရဘူးပေါ့နော်။ တည်ငြိမ်‌တဲ့ နေရာကျပြန်တော့လည်း စက်သုံးဆီက အခက်အခဲ ဖြစ်နေပြန်တော့ ပြည်တွင်း ခရီးသွားကတော့ ထိခိုက်စေရင် ထိခိုက်သလို ဖြစ်နေဝာာပေါ့နော်။ ဒါကြောင့်မို့လို့ ဘယ်လောက်ထိ ထိခိုက်နိုင်လဲဆိုတာတော့ ခန့်မှန်း ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် တဖြေးဖြေးနဲ့တော့ ထိခိုက်တဲ့ ရာခိုင်နှုန်းက ပိုတိုးလာမယ့် သဘောရှိ ပါတယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်လေ” ဟု ပြောသည်။

စက်သုံးဆီ အခက်အခဲများကြောင့် ခရီးသွားလုပ်ငန်းသည် ယခင် ကိုဗစ်ကာလနှင့်ယှဥ်လျှင် ပိုဆိုးလာနိုင်ကြောင်း၊ အ‌‌ရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲပဋိပက္ခများ မပြီးဆုံးသရွေ့ ခရီးသွားလုပ်ငန်းသည် တဖြည်းဖြည်း ကျဆင်းလာနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။ 

ပုဂံခရီးသွားများကို တွေ့ရစဉ်

၎င်းက “ခရီးသွားလုပ်ငန်းကတော့ ကိုဗစ်ထက်တောင်မှ ပိုဆိုးမယ်ထင်ပါတယ်။ ကိုဗစ်တုန်းကတောင် လည်ပတ် နိုင်သေးတယ်။ အခု အခြေအနေကတော့ ကမ္ဘာမှာဖြစ်တာကို။ ကမ္ဘာမှာလည်း ဝင်လာမယ့် လေယာဉ်တွေက ဆီတွေ မလုံလောက်တော့ ခရီးစဉ်တွေ ဖျက်လာတယ်။ နောက် ဒီကိုလာဖို့ ဧည့်သည်တွေလည်း ဘယ်လိုတွေ ဖြစ်လာမယ်ဆိုတာ မသေချာဘူး။ အထူးသဖြင့်တော့ UAE နိုင်ငံ အခြေပြုတာတွေပေါ့။ ဒူဘိုင်းတို့ အခြေပြုတဲ့ လေကြောင်းလိုင်းတွေက မပျံနိုင်တဲ့ အချိန်ကျတော့ Connection ဟာ တော်တော် ဒုက္ခရောက်တယ်။ အီရန်က အကုန်ပတ်ရမ်းနေတော့ ဒီအရှေ့ အလယ်ပိုင်းပြဿနာ မပြေလည်သေးသရွေ့ ခရီးသွားလုပ်ငန်းကတော့ လုံးဝ ရပ်တန့်သွားပြီ။ အခုတောင် ပြည်တွင်း လေကြောင်းလိုင်းတောင် ခပ်လှုပ်လှုပ်။ MAI တို့ဘာတို့လည်း ဒီခရီးစဉ်တွေ ပေါ်မှာ ပတ်သက်မှုတွေ ရှိလာတယ်။ သွားလာတဲ့ ခရီးစဉ်တွေပေါင်းပြီးတော့ ပျံရတာတွေ ဖြစ်လာတယ်ပေါ့နော်။ ဒါတွေဟာလည်း Impact ဖြစ်စေတာပေါ့ဗျာ။ ဟိုတယ်ဆိုတာကလည်း ဆီမရှိရင် မီးမရှိရင် ဘာမှလုပ်လို့ မရဘူးလေ။ ကျ‌နော်တို့ မနေ့က နေပြည်တော်မှာတည်းတဲ့ ဟိုတယ်တောင် မီးလာတစ်ချက် မလာတစ်ချက်နဲ့ ဘာမှကို အဆင်ပြေတယ်မရှိဘူး။ ဧည့်သည်လာမှပဲ ဖွင့်ပြီးတော့ ဖြစ်သလို လုပ်နေရတဲ့ အခြေအနေ တွေ့ရတယ်။ ဒါတောင် နေပြည်တော်လို နေရာ မျိုးမှာပေါ့နော်။ အဲဒီတော့ ကျန်တဲ့ နေရာတွေမှာလဲ မီးစက်နဲ့ပဲ အခြေပြုရရင် ရပ်တည်နိုင်မှာ မဟုတ်ဘူး။ Solar ရှိတဲ့ ဟိုတယ်တွေလည်း Aircon တော့ အပြည့်ဖွင့်နိုင်မှာ မဟုတ်ဘူးလေ။ လည်ပတ်ရုံ lighting လောက်ပဲ ရမယ် ဆိုတော့ အခု အခြေအနေမှာကတော့ ဘေးကျပ်နံကျပ်ပါပဲ။ ခရီးသွားလုပ်ငန်းမှာ ဆက်စပ်နေတဲ့ သယ်ပို့စနစ်၊ ဟိုတယ်၊ စားသောက်ဆိုင် ဒါတွေက ဒီလောင်စာဆီနဲ့ တိုက်ရိုက် အချိုးကျနေတာကို။ ကိုဗစ်တုန်းက တစ်နေရာနဲ့ တစ်နေရာ မသွားရပေမယ့် အလုပ်ဖြစ်တယ်။ လူတွေက ငွေကြေး ချောင်လည်ကြသေးတယ်။ အခုကျတော့ ပိုဆိုး တာပေါ့။ အဲဒါကြောင့်မို့လို့ (Inbound) ရော၊ (Outbound) ရော Tourism မှာ တော်တော် မလွယ်သလို Domestic Tourism လည်း အများကြီး ထိခိုက်နိုင်တယ်ဆိုတာ ပြောချင်ပါတယ်” ဟု ပြောသည်။ 

စုံ/မ သတ်မှတ်ချက်နှင့် စက်သုံးဆီ အခက်အခဲကြောင့် ထိခိုက်လာသော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အပါအဝင် ကုန်ထုတ်လုပ်ငန်းများ ပြန်လည် အားကောင်းလာစေရေး အစိုးရဘက်က မူဝါဒ ကောင်းကောင်း ချမှတ်ရန်လိုအပ် ကြောင်း၊ အထူးသဖြင့် စုံ/မ သတ်မှတ်ချက်ကို ဖျက်သိမ်းသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူလူထု များက ထောက်ပြကြသည်။