CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇
ဆူဇူကီး အာတီကာအမျိုးအစား ကားကို SKD စနစ်ဖြင့် ပြန်လည်ထုတ်လုပ် ရောင်းချလာသော်လည်း ရောင်းချသည့် ဈေးတန်းကြောင့် ကားဈေးကွက်အပေါ် သက်ရောက်မှု မရှိနိုင်ကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။
မူလက ထွက်ပေါ်လာသည့် ဈေးနှုန်းသည် သိန်း ၁၀၀၀ ဝန်းကျင်ခန့်သာ ရှိခြင်းကြောင့် ကားဈေးကွက်အတွင်း အရောင်းအဝယ်ကို စောင့်ကြည့်နေကြကြောင်း၊ လက်ရှိတွင် သိန်း ၁၅၀၀ နှင့် ၂၀၀၀ ကြားတွင် အရောင်းအဝယ် ဖြစ်နေသည်ကို တွေ့ရှိရသည်။
အဆိုပါ ဈေးတန်းဖြင့် အရောင်းအဝယ် ဖြစ်နေခြင်းကြောင့် ကားအဟောင်းဈေးနှုန်းများ ကျဆင်းနိုင်မှုသည် ရာခိုင်နှုန်းနည်းသည်ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်ရှိမှာ ၁၀၅၀ နဲ့ ကြေညာထားတဲ့ ကားတစ်စီးက ၁၅၀၀ နဲ့ ၂၀၀၀ ကြားမှာ ရောင်းကြဝယ်ကြတယ်။ ရောင်းလိုအားနဲ့ ဝယ်လိုအား မျှနေတာ ဆရာတို့ မြင်ရတယ်။ အဲဒီတော့ လက်ရှိဈေးတန်းအရတော့ ဒီဈေးတန်းမှာ အရောင်းအဝယ် ဖြစ်တဲ့အတွက် ကျန်တဲ့အောက်က ကားအဟောင်းတွေအပေါ် ထိနိုင်မှု၊ ကျဆင်းနိုင်မှု ရာခိုင်နှုန်း နည်းမယ်၊ အဲဒီဈေးအောက်မှာ ဖြစ်မယ်ဆိုရင်တော့ ရာခိုင်နှုန်းများမယ်လို့ အဲဒီလိုပဲ သုံးသပ်ချင်တာပေါ့။ အပြင်မှာ ၁၀၀၀ စွန်းစွန်းလောက် အရောင်းအဝယ်ဖြစ်တယ်ဆိုရင်တော့ ကျန်တဲ့ကားတွေ ကျဖို့ များမယ်။ ၁၅၀၀ နဲ့ ရောင်း တဲ့အတွက် အများကြီးတော့ ဆင်းပေးမယ်တော့ မထင်ဘူး” ဟု ပြောသည်။
SUZUKI ERTIGA ၂၀၂၅ မော်ဒယ်ကိုတွေ့ရစဉ်
လက်ရှိ ကားဈေးကွက်အတွင်းတွင် ဆူဇူကီး အာတီကာ အမျိုးအစားများကို သိန်း ၁၀၀၀ အထက်တွင်သာ အရောင်းအဝယ် လုပ်ဆောင်နေသည်ကို တွေ့ရသည်။
ပြည်တွင်း ကားဈေးကွက် အတွင်းတွင် ကြိုက်ရောင်းကြိုက်ဝယ် စနစ်ဖြင့်သာ အရောင်းအဝယ် ပြုလုပ်နေကြပြီး ဆူဇူကီးကဲ့သို့ ဂျပန်ကား အပါအဝင် တရုတ်ကားများလည်း လူကြိုက်နှစ်သက်မှု များနေသည်။
ကားဈေးကွက် လေ့လာသုံးသပ်သူတစ်ဦးက “ဒီနေ့ကစပြီးတော့ အွန်လိုင်းပေါ်မှာ ရောင်းမယ်ဝယ်မယ် ဖြစ်လာပြီ ပေါ့နော်။ လက်ရှိကတော့ ၁၀၃၂ နဲ့ ကြေညာတဲ့ကားက နောက်ထုတ်တဲ့နေ့မှာ ၁၀၅၀ ဖြစ်သွားတယ်။ ၁၀၅၀ နဲ့ ဝယ်လိုအားက အခုလက်ရှိက ဝယ်လိုအားက မြင်တာကို သုံးသပ်ရရင်တော့ မြင်လားဆိုတော့ မမြင်ဘူး၊ တွေ့လား ဆိုတော့ မတွေ့ဘူး။ ဒါပေမယ့် ဝယ်လိုတဲ့သူရဲ့ ဆန္ဒရယ်၊ ရောင်းလိုတဲ့သူရဲ့ ဆန္ဒရယ်၊ ၁၅၀၀ နဲ့ ၂၀၀၀ ကြားမှာ အရောင်းအဝယ် ဖြစ်သွားတဲ့သဘော ဖြစ်သွားတယ်ပေါ့နော် အကြမ်းဖျင်းကတော့။ တကယ်လို့ ၁၀၅၀ နဲ့ ၁၀၃၂ ပေါ့ ပထမကြေညာတာက။ အဲဒီ ၁၀၃၂ နဲ့ ကြေညာတဲ့ကားကို ဒါပေမယ့် ပေါင်းရောင်းတာက ပါးပါးလေးပဲ ပေါင်းရောင်းမယ်ဆိုရင်တော့လည်း သူ့ဈေးကွက်မှာ ထပ်ပြီးတော့ ဆင်းစရာရှိသေးလားဆိုတော့ ဆွေးနွေးရမှာပေါ့ နော်။ ဒါ မဖြစ်မနေ ဆင်းပေးရမှာ။ သူတို့က အမြတ်ကို နည်းနည်းလေး အထိုက်အလျောက် ယူမယ်ဆိုရင်တော့ လည်း ဆင်းမယ့်ကားတွေက နည်းနည်းလေး ဆင်းဖို့ အကုန်မဆင်းဘဲနဲ့ အရမ်း ဆင်းသင့်တဲ့ ကားလောက်ပဲ ဆင်းပြီးတော့ တချို့ကားတွေ ကျန်သွားလိမ့်မယ်လို့ သုံးသပ်ခဲ့တယ်” ဟု ပြောသည်။
SUZUKI ERTIGA ၂၀၂၅ မော်ဒယ်ကိုတွေ့ရစဉ်
လက်ရှိ SKD စနစ်ဖြင့် ထုတ်လုပ်လိုက်သည့် ဆူဇူကီး အာတီကာကားသည် အနည်းဆုံး အစီးရေ ၁၀၀ ခန့် ဈေးကွက်သို့ မကြာခင် ဝင်ရောက်လာမည်ဖြစ်ပြီး လာမည့် နှစ်ဆန်းပိုင်းတွင် အစီးရေ အမြောက်အများ ထပ်မံ ထွက်ရှိလာမည် ဖြစ်သည်ဟု ကားဈေးကွက် လေ့လာသူများက ခန့်မှန်းထားကြသည်။
ပြည်တွင်းကားဈေးကွက် အနေအထားသည် ကားတင်သွင်းခွင့် မူဝါဒနှင့် ပတ်သက်သည့် အပြောင်းအလဲ မရှိပါက ပြည်တွင်း ကားဈေးနှုန်းများမှာ သိသိသာသာ ကျဆင်းသွားမည် မဟုတ်ဘဲ အမြင့်တန်းတွင်သာ ဆက်လက်ရှိ နေမည် ဖြစ်သည်ဟု ကားဈေးကွက်အတွင်းမှ သိရသည်။