CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃

ထိုင်းတွင် မြန်မာအပါအဝင် တရားမဝင် ရွှေ့ပြောင်းလုပ်သားများထဲမှ ဇူလိုင်လကုန်အထိ အမည်စာရင်း တင်သွင်း ထားပြီးသူများအား ဩဂုတ်လကုန်အထိ နေထိုင်ခွင့်ပြုထားကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မြန်မာ အပါအဝင် တရားမဝင် ရွှေ့ပြောင်းလုပ်သား များအား အထောက်အထား လက်မှတ်ပြုလုပ်ပေးရန်အတွက် ဇူလိုင်လ ၃၁ ရက်‌နေ့အထိ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “သူတို့နောက်ထပ်တစ်လပေါ့။ တစ်လဆိုတာက ဩဂုတ်လကုန်အထိ အဲဒီ Name List တင်ထားတဲ့ လူတွေက တရားဝင်နေထိုင် လုပ်ကိုင်ခွင့်ရှိတယ်။ အဲဒီဟာပဲ ထုတ်ပြန်ချက် ထပ်ပြီး တော့ ထွက်လာတယ်။ ကျန်တာကတော့ ဟိုဒင်းမဖြစ်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအစိုးရအသစ်ဖွဲ့ ဖို့က အဆင်မပြေ ဖြစ်နေတဲ့အတွက်ကြောင့် မို့လို့လေ။ အဲဒါပြီးတော့မှပဲ ဆက်လက်ပြီးတော့ နောက်တက်လာတဲ့ အစိုးရကနေပြီးတော့ ထုတ်ပြန်ချက် ထပ်လုပ်မှာပေါ့။ ပြောရမယ်ဆိုရင် ထုတ်ပြန်ချက်တွေ ထွက်လာတဲ့ အခါကျ ရင် လိုအပ်တဲ့ လုပ်ရမယ့်ဟာတွေ လက်ဗွေ နှိပ်တာ၊ ဆေးစစ်တာတို့ အဲဒီဟာတွေ ဆက်ပြီးလုပ်ပြီးတော့ ပုံမှန် အတိုင်းဖြစ်တဲ့ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်ဆိုတဲ့ Work Permit နဲ့ နေထိုင်ခွင့်ကို ဆက်ရပြီးတော့ နေထိုင်ခွင့် ပေးသွားမှာပေါ့။ အတောအတွင်းမှာတော့ ဒီဟာနဲ့ပဲ လောလောဆယ်နေဦး၊ နေရမယ်ဆိုတဲ့ သဘောပေါ့။ ဩဂုတ် လ အတွင်းမှာက ဒီအတိုင်းပဲ နေရဦးမယ်။ ဘာလို့ဆို ထုတ်ပြန်ချက်ကို စောင့်ရမှာပေါ့။ ဘယ်အချိန်မှာ ဘာစလုပ် ရမယ်ဆိုတာက အခုဆိုရင် ဒီ ၈ လပိုင်းကုန်မှပဲ သိရမယ့်သဘောရှိတယ်” ဟု ပြောသည်။

ရွှေ့ပြောင်း မြန်မာများကို ထိုင်းနိုင်ငံမှာ တွေ့ရစဉ်


ထို့အပြင် ယခု ဇူလိုင်လကုန်အထိ အမည်စာရင်း တင်သွင်းခိုင်းရာတွင် စာရင်း မတင်နိုင်သည့် မြန်မာနိုင်ငံသား အများပြားရှိပြီး ၎င်းတို့သည် အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်း တင်သွင်းခြင်းအား မပြုလုပ်လိုကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

၎င်း အမည်စာရင်း တင်သွင်းခြင်း မပြုလုပ်ကြသူများထဲတွင် နယ်စပ်ဒေသရှိ မြန်မာနိုင်ငံသား အများဆုံးဖြစ် ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြော သည်။

“ဒီမဲဆောက်ဘက်ကများတယ်။ နောက် မယ်ဆိုင်-တာချီလိတ်ဘက်ကလည်း ရှိတယ်။ တချို့ကလည်း တတိယ နိုင်ငံကိုသွားဖို့ တတိယနိုင်ငံနဲ့ ဆက်စပ်တဲ့ Refugees အဖွဲ့အစည်းတွေရဲ့ လက်အောက်ခံအဖြစ် လက်မှတ်တွေ ယူထားတာရှိတယ်။ ဒီလက်မှတ်တွေ လုပ်ထားရင်လည်း တကယ်တမ်းကြ ရဲဖမ်းမယ်ဆိုရင် ဖမ်းခွင့်ရှိတယ်လေ။ သူက သွားလာခွင့်မပြုထားဘူး။ သူသတ်မှတ်ထားတဲ့ ဧရိယာထဲမှာနေရတာမျိုး၊ ကမ့်တစ်ခုလိုမျိုး အဆောင် တစ်ခု လိုမျိုး နေရာတာမျိုး။ အဲဒီတော့ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေက တချို့ကြတော့လည်း လက်ဗွေတွေ သွားပြီး ငြိမှာစိုးလို့ပေါ့။ ဒါကြောင့်မို့လို့ တတိယနိုင်ငံကို သွားရန်အတွက် ဒီဘတ် (ပန်းရောက်ကဒ်) ကို မလုပ်တဲ့ သူဟာ မှားတယ်ပေါ့။ အဲဒီတော့ ထိုင်းနိုင်ငံမှာ ထုတ်ပေးတဲ့ တရားဝင် အထောက်အထားကိုသာ အရင်ကိုင်ထား။ တတိယ နိုင်ငံ သွားတဲ့အခါကျရင် အမှန်တကယ် Refugees ကမ့်ကနေ ခေါ်တဲ့အခါကြမှ သွားတယ်ဆိုရင် ဒီဟာကို ဖျက် သိမ်းလို့ ရတယ်လေ။ ကျနော်တို့ ထိုင်း labour မှာ တာဝန်ရှိသူတွေ မေးတဲ့အခါကြတော့ သူတို့က အစိုးရသစ် ပြောင်းလဲသွားမှပဲ လုပ်ဖြစ်လိမ့်မယ်လို့ အကြံပြုကြတယ်။ ကျနော်ထင်တယ် တရားမဝင် နိုင်ငံခြားသားရွှေ့ပြောင်း အလုပ်သမားတွေပေါ့ အားလုံးဟာ ဒီ Name List တစ်ခု တည်းနဲ့ နှစ်လ၊ သုံးလလောက် အထိ ဒီအတိုင်းနေရမယ် လို့ ထင်တယ်။ အစိုးရအသစ်က ဘယ်အချိန်မှာမှ တာဝန်ယူဖြစ်မလဲဆိုတာ သေချာမသိဘူး” ဟု ၎င်းက ပြော သည်။

 ရွှေ့ပြောင်း မြန်မာများကို ထိုင်းနိုင်ငံမှာ တွေ့ရစဉ်

ထိုင်း၌ အစိုးရဖွဲ့စည်းပြီးမှသာလျှင် အမည်စာရင်း တင်သွင်းထားသူများ အနေဖြင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား သိရှိမည်ဖြစ်သောကြောင့် လာမည့် ဩဂုတ် ၄ ရက်နေ့၌ ပြုလုပ်မည့် ဝန်ကြီးချုပ် ရွေးချယ် ရေးအတွက် လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေးအပေါ်တွင် မူတည်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာ အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများထဲကမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ တရားဝင် အလုပ်သမား ၂ သန်းကျော်ရှိရာ ဇွန်လကုန်၌ သက်တမ်းတိုးထားသူ ဦးရေမှာ ၁ သန်းကျော်သာ ရှိ ကြောင်းလည်း သိရသည်။