CNI News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃
မြန်မာနိုင်ငံ၏ GDP (ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု)သည် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် ၄ ရာခိုင်နှုန်း တိုးတက်လာမည်ဟု နစကဥက္ကဋ္ဌက ပြောခဲ့သော်လည်း နိုင်ငံ၏ GDP တိုးတက်တိုင်း တိုင်းပြည်တိုးတက်နေခြင်း မဟုတ်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၌ GDP သည် ၃ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်းကြောင့် ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် တွင် ၄ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုများနှင့် ပြည်သူတစ်ဦးချင်းစီ ၏ လုပ်ခလစာများနှင့် ချိန်ထိုးရန် လိုအပ်သည့်အတွက် GDP တိုးတက်နေသော်လည်း တိုင်းပြည်တိုးတက် နေ သည်ဟု ပြော၍မရကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “GDP ကိုတော့ ဘယ်နည်းနဲ့တွက်တယ် တွက်နည်းတွေ အများကြီးရှိတယ်။ နောက်တစ်ချက် ရှိတာက တော့ Trade value ကတော့ တက်ကောင်းတက်နိုင်လိမ့်မယ်။ Trade ကတော့ တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ် တွေ ပြန်ဖွင့်လာတယ်။ မြဝတီဘက်ကို ပြောင်းတွေ ထွက်တယ်ဆိုတော့ Trade value က တက်ပေမယ့် ပြည်တွင်း မှာရှိတဲ့ inflation (ငွေကြေးဖောင်းပွမှု) ပေါ့နော် အဲဒါတွေလည်း ပြန်ချိန်ရမယ်။ နောက်တစ်ခုက ကုန်ဈေးနှုန်းပေါ့ နော် အဲဒါတွေ အစစအရာရာ ချိန်ပြီးတော့မှ GDP effect က ဘယ်လောက်ရှိတယ်ဆိုတာ ပြန်တွက်ရမယ်။ GDP တိုးတက်တိုင်း တိုင်းပြည်တိုးတက်တာ မဟုတ်ဘူး။ တိုင်းပြည်ရဲ့ သိပ်သည်းဆကို ပြန်တွက်ရတယ်။ အဲဒီ သိပ် သည်းဆတွေ မတွက်ဘဲနဲ့ဆိုရင်တော့ GDP တိုးတက်တယ် တိုင်းပြည်တိုးတက်တယ်လို့ ပြောလို့မရပါဘူး။ ဒါကြောင့်မို့လို့ တိုင်းပြည်စီးပွားရေးက ကျနိုင် ကျနေနိုင်တယ်ပေါ့နော်။ inflation တွေ ရှိမယ်၊ အထဲမှာရှိတဲ့ ကုန် ဈေးနှုန်း မတည်ငြိမ်မှုတွေ ဖြစ်နေတယ်။ အဲဒါကို စားသုံးသူ တစ်ယောက်ချင်းစီရဲ့ တစ်ဦးချင်းစီရဲ့ ဝင်ငွေထွက် ငွေကိုပါ ပြန်တွက်ရမှာလေ။ ဝင်ငွေထွက်ငွေနဲ့ ပြန်တွက်ရင်တော့ အများကြီး difference (ကွာခြားချက်) တွေ ဖြစ်နေတယ်ပေါ့နော် မြန်မာနိုင်ငံက။ ဆိုတော့ အဲဒါကို သေချာနည်းလည်ဖို့ လိုမယ်ပေါ့နော်” ဟု ပြောသည်။
ရန်ကုန်မြို့က ဗိုလ်ချုပ်ဈေးအတွင်းက တစ်နေရာကိုတွေ့ရစဉ်
မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှု၊ နိုင်ငံတွင်း မတည်ငြိမ်မှုနှင့် ပြည်တွင်း/ပြည်ပ ဖိအားများကြောင့် ယခင်နှစ်များက သိသိသာသာ ကျဆင်းသွားခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ GDP တိုးတက် မှုနှုန်းအနေဖြင့် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
နိုင်ငံတစ်နိုင်ငံ၏ GDP သည် နှစ်စဉ် ၅ ရာခိုင်နှုန်းနှင့် ၇ ရာခိုင်နှုန်းအကြားတွင် ရှိသင့်သော်လည်း လက်ရှိ မြန်မာ နိုင်ငံ၏ အခြေအနေသည် တည်ငြိမ်သည့် အနေအထား၌ မရှိသေးခြင်းကြောင့် GDP ကျမသွားဘဲ တိုးတက်မှု ရှိနေခြင်းမှာ ကောင်းမွန်သည့် အနေအထားတစ်ခု ဖြစ်သည်ဟု စီးပွားရေး လုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပုံမှန်ပေါ့ GDP တိုးတာက တချို့တိုင်းပြည်ဆို ဖွံ့ဖြိုးပြီးသား နိုင်ငံတွေဆိုရင် GDP တိုးတာ နှစ်စဉ် တချို့ ကြောက်စရာကောင်းအောင် တိုးတာတွေ ရှိတယ်။ အရမ်းကို GDP တိုးတက်နှုန်း မြင့်သွားတာ ရှိတယ်။ GDP က တန့်နေတာမျိုးလည်း ရှိတယ်။ ပုံမှန်ကလေ တိုင်းပြည်တစ်ပြည်က ၇ ရာခိုင်နှုန်းလောက် တက်နေတယ်ဆိုရင် တော်တော်လေး အဆင်ပြေတယ်။ ပုံမှန် နှစ်စဉ် ၇ ရာခိုင်နှုန်း၊ ၆ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းဆို တော်တော်လေး အဆင်ပြေတယ်။ အဲဒီလောက်ထိ ၁၀ ရာခိုင်နှုန်းလောက် မတိုးရင်တောင် ၇ ရာခိုင်နှုန်းလောက် ၅ ရာခိုင်နှုန်းနဲ့ ကြားထဲမှာ ပုံမှန်လေး တိုးတက်နေတယ်၊ GDP မကျသွားဘူးဆိုရင်ကို တိုင်းပြည် အခြေအနေ ကောင်းနေတယ်။ GDP ကို ၇ ရာခိုင်နှုန်းလောက်အထိ တိုးအောင်လုပ်ပေးနိုင်ရင် ကောင်းတယ်ပေါ့။ ဒါပေမယ့် GDP တိုးတိုင်း၊ GDP ကျတိုင်းလည်း လူတစ်ဦးချင်း ဝင်ငွေပေါ့နော်၊ တိုင်းပြည်က ချမ်းသာလာသလားဆိုတဲ့ မေးခွန်းကလည်း ရှိတယ်။ အမြင်အားဖြင့်တော့ GDP တိုးတယ်ပြောလိုက်ရင် တိုင်းပြည်ကောင်းတယ်လို့ ထင်ပေမယ့် တကယ့် တကယ် တိုးလာတာက GDP က Export မဟုတ်ဘဲနဲ့ Import အပိုင်းမှာ အရမ်းတွေ ဆောက်လုပ်ရေးတွေနဲ့ ပတ်သက်လို့ တိုးလာလို့ နိုင်ငံခြားအရံငွေ ထုတ်သုံးလာရင်လည်း GDP မှာ အပေါင်းဖြစ်သွားတာပဲ။ ဒါမျိုးဆိုရင်တော့လည်း တိုင်းပြည်ထဲမှာ နိုင်ငံခြားအရံငွေ အလုံအလောက်ရှိရင်တော့ တစ်မျိုးပေါ့။ မရှိလို့ရှိရင် ဒေါ်လာဈေးနှုန်း တက်တာ တွေ ဖြစ်လာမယ်။ ဆိုတဲ့အခါကျတော့ GDP က တိုးတိုင်းလည်း ကောင်းတာမဟုတ်ဘူး။ ပုံမှန်အားဖြင့် Export နဲ့ Import နဲ့ မျှနေပြီးတော့ ကွာခြားပေါ့ ပို့ကုန်သွင်းကုန် ကွာခြားချက်ကို ထိန်းချုပ်ထားနိုင်သ၍တော့ တိုင်းပြည် GDP က ၅ ရာခိုင်နှုန်းနှင့် ၇ ရာခိုင်နှုန်းကြားလေးမှာ သွားနေရင် ဘာပဲပြောပြော အဆင်ပြေနိုင်တယ်ပေါ့ အစ်ကို ကတော့ အဲဒီလိုမျိုးပဲ မြင်ပါတယ်” ဟု ပြောသည်။
အထည်ချုပ်လုပ်ငန်းကိုတွေ့ရစဉ်
နိုင်ငံ၏ GDP တိုးတက်မှုကို တွက်ရာတွင် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှု ကဏ္ဍများအလိုက် ရာခိုင်နှုန်း များ တိုးတက်ရန် လိုအပ်ကြောင်း၊ ထို့နောက် ပို့ကုန်နှင့် သွင်းကုန် အပြင် ပြည်တွင်း ကုန်ထုတ်လုပ်မှုများ တိုးတက် မှုနှုန်းကိုလည်း ထည့်သွင်းရန် လိုအပ်ကြောင်း၊ ပြည်သူများ၏ လုပ်ခလစာများနှင့် အခြေခံ စားသောက်ကုန် ဈေး နှုန်းနှင့် ငွေကြေးဖောင်းပွမှု အချိုးအစားများကိုလည်း တွက်ချက်ရန် လိုအပ်ကြောင်း စီးပွားရေး လေ့လာသူများက ပြောသည်။
ပို့ကုန်ထက် သွင်းကုန်ပမာဏ များပြားနေပြီး ပြည်တွင်း ကုန်ထုတ်လုပ်မှု စွမ်းအားများ ကျဆင်းနေမည်ဆိုပါက တိုင်းပြည်၏ နိုင်ငံခြားအရံငွေများ ထိခိုက်နိုင်ကြောင်း၊ ထို့ကြောင့် ပြည်တွင်း ကုန်ထုတ်လုပ်မှု စွမ်းအားများ ပိုမို တိုးတက်လာစေဖို့ နိုင်ငံတော်မှ ပံ့ပိုးကူညီရန် လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များ ပြောသည်။