CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုအား ခေတ္တရပ်နားမည်ဖြစ်ပြီး ထိုသို့ ရပ်နားခြင်းသည် ပါမစ်လျှောက်ရန် နိုင်ငံကူးလက်မှတ်ပြုလုပ်မည့် မြန်မာများအတွက် အခက်အခဲ ဖြစ်စေ ကြောင်း မလေးရှားတွင် နေထိုင်လျက်ရှိသည့် မြန်မာများက CNI သတင်းဌာနသို့ ပြောသည်။

ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်စက်များနှင့် ကွန်ပျူတာများအား ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်ရှိသဖြင့် ဖေဖော်ဝါရီလ ၆ ရက်နေ့မှ စတင်ကာ နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်း အား ခေတ္တရပ်နားထားမည်ဖြစ်ကြောင်းနှင့် ထုတ်ပေးမည့်ရက်ကို အသိပေးကြေညာသွားမည်ဟု ထုတ်ပြန်ထားသည်။

နိုင်ငံကူးလက်မှတ် ပြန်လည် ထုတ်ပေးမည့်ရက်အား အတိအကျ မဖော်ပြထားခြင်းကြောင့် လက်ရှိ မလေးရှား တွင် ဖွင့်ပေးနေသည့် ရီကာလီဘရာစီ ပါမစ်လျှောက်ရန် နိုင်ငံကူးလက်မှတ် ပြုလုပ်မည့် မြန်မာများအတွက် အခက်အခဲဖြစ်စေကြောင်း မလေးရှားတွင် မြန်မာများအားကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါကလည်း ချက်ချင်းလက်ငင်း ဘယ်တော့ ပြန်ဖွင့်မယ်ဆိုတာလည်း မပြောဘူး သူတို့။ သက်သက်မဲ့ ကြီးလို ဖြစ်နေတာပေါ့နော်။ ဒီမှာ နိုင်ငံသားတွေကို စဖွင့်ပေးရမယ့်နေရာမှာ ဒီလိုမျိုးကြီးတွေ ချက်ချင်းလက်ငင်း အပြောင်းအလဲတွေ လုပ်လိုက်တော့ အခက်အခဲတွေတော့ အများကြီး ဖြစ်သွားတာပေါ့နော်။ အများကြီးရှိသွား တာပေါ့။ ဒါကိုယ့်နိုင်ငံသားတွေကို ကိုယ် ဒုက္ခပေးရာ ကျသွားတာပဲ။ အခုလည်း ပါမစ်လုပ်တဲ့ ပွဲစားရော စာအုပ် လုပ်တဲ့ ပွဲစားရော ရှုပ်ယှက်ခက်နေတာပဲ။ သံရုံးက ဒီစာအုပ်ထုတ်တာ ပိတ်မယ်ဆိုတာတောင်မှ လုပ်လို့ရတယ် ဆိုပြီး ပိုက်ဆံ လိုက်ကောက်ခံနေတဲ့လူတွေ ရှိနေတာပဲ။ သူတို့ကတော့ ဘယ်လိုမှ တားလို့ရမှာမဟုတ်ဘူး။ ကျနော်ကတော့ ကျနော့်လာမေးတဲ့ ကလေးတွေကတော့ စောင့်ခိုင်းထားတုန်းပဲ။ သူဌေးအမာခံ ရှိတဲ့လူကတော့ တင်ပေါ့။ link တွေ ဘာတွေပို့ပေးပြီး သူတို့ကို တင်ထားခိုင်းတာပဲ။ ဒီပွဲစားတွေ ဘာတွေနဲ့ လုပ်မယ်ဆိုရင်တော့ ခဏစောင့်လို့ ကျနော်ပြောတယ်” ဟု ပြောသည်။

ပတ်စပို့သက်တမ်းတိုးရန် စောင့်နေသူတစ်ဦးကိုတွေ့ရစဉ်

ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်ထဲတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းအား ခေတ္တရပ်နား ထားမည်ဖြစ်သော်လည်း ရက်ချိန်းယူခြင်း၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးသည့် ကိစ္စရပ်များ ၊ ထောက်ခံစာများ ထုတ်ပေးခြင်းနှင့် ဗီဇာလျှောက်ထားသည့် ကိစ္စရပ်များကို ရုံးဖွင့်ရက်များတွင် ပုံမှန်အတိုင်း ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မလေးရှားနိုင်ငံတွင် လက်ရှိပြန်ဖွင့်ပေးသည့် ရီကာလီဘရာစီ ပါမစ်(RTK)အား လျှောက်မည့်သူသည် နိုင်ငံကူး လက်မှတ် စာအုပ်သက်တမ်း အနည်းဆုံး ၁ နှစ်ကျော်ခန့်နှင့် အလုပ်ရှင်သူဌေး ရှိရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာသံရုံး အနေဖြင့် နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းအား ကာလ အတိုင်းအတာတစ်ခုအထိ ပြန်မဖွင့်ပေး သေးပါက အလုပ်သမားများ ဘက်မှနေ၍ တောင်းဆိုသွားမည်ဖြစ်ကြောင်း မလေးရှားတွင် နေထိုင် လျက်ရှိသည့် မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လက်ရှိကတော့ Overstay တွေအတွက်တော့ တော်တော်လေး ဒုက္ခရောက်သွားတယ်ပေါ့။ အခုက နေ့တိုင်းက နိုင်ငံကူးလက်မှတ် အသစ်တွေကို Overstay တွေက တစ်နေ့ကို ရာနဲ့ချီပြီးတော့ သွားပြီးတော့ တင်နေ တယ်ပေါ့။ လက်ရှိအနေအထား အနေနဲ့ သူတို့က ဘယ်ရက် ဘယ်ဖွင့်မယ်ဆိုတာ အတိအကျ မပြောသေးတဲ့ အတွက် ကျနော်တို့ဘက်က ဘာမှ complain တက်လို့မရဘူးပေါ့နော်။ ဥပမာတစ်ခုက စက်တွေကောင်းလို့ ဒီတစ်ပတ် အတွင်းပဲ ပြန်ဖွင့်ပေးမလား၊ ဒီတစ်လအတွင်းပဲ ပိတ်ထားသလားဆိုတာ ကျနော်တို့က မသိရသေးဘူး။ ရက် အနည်းငယ် စောင့်ပြီးတော့မှ ဥပမာတစ်ခုက တစ်လသော်လည်းကောင်း၊ ၁၅ ရက် သော်လည်းကောင်း အဲဒီ အတိုင်းအတာ တစ်ခုမှာမှ ပြန်မဖွင့်ဘူးဆိုရင်တော့ ကျနော်တို့ တောင်းဆိုစရာရှိတာ တောင်းဆိုပြီးတော့ အလုပ် သမားတွေဘက်က နည်းနည်းရပ်တည်ပေးဖို့ ကျနော်တို့မှာရှိတယ်” ဟု ပြောသည်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးစင်တာကိုတွေ့ရစဉ်

ရီကာလီဘရာစီ ပါမစ်(RTK)အား ဇန်နဝါရီ ၂၇ ရက်နေ့မှ စတင်ကာ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ လျှောက်ထား နိုင်ပြီး ပါမစ်သက်တမ်း ကျော်သွားသောသူများ၊ အောက်လမ်းမှ ဝင်လာသူများနှင့် calling ပြေးများ၊ 6P ပရိုဂရမ် တွင် စာရင်းဝင်ထားသူများနှင့် ဥပဒေပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်ထားသူများ အစရှိသူတို့ လျှောက်၍ မရ ကြောင်း သိရသည်။

လက်ရှိတွင် ရီကာလီဘရာစီ ပါမစ်(RTK)အတွက် အလုပ်ရှင်သူဌေးသည် အွန်လိုင်းမှ လျှောက်လွှာတင်ပေးရမည် ဖြစ်ကြောင်း၊ ၃ ရက်အတွင်း ရက်ချိန်း ရရှိမည်ဖြစ်ကြောင်း၊ အလုပ်ရှင်သူဌေးနှင့် ပါမစ်လျှောက်လိုသော အလုပ် သမားတို့သည် သက်ဆိုင်ရာဌာနသို့ အတူတကွ သွားရောက် တွေ့ဆုံရမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် သက်ဆိုင်ရာမှ မေးမြန်းပြီး ပါမစ်ပြုလုပ်၍ ရ၊မရအား ၁ ရက်အတွင်း သိရမည်ဖြစ်ကာ လျှောက်လွှာတင် ၍ မရသူများအနေဖြင့်လည်း အယူခံဝင်၍ လိုအပ်ချက်များ ထပ်မံဖြည့်သွင်းကာ နောက်တစ်ကြိမ် လျှောက်လွှာ တင်နိုင်ကြောင်း သိရသည်။

ပါမစ်လျှောက်ရန် ခွင့်ပြုချက် ရသူများအနေဖြင့် ဆေးထပ်မံ စစ်ဆေးရမည်ဖြစ်ပြီး ဆေးအောင်ပါက RTK ပါမစ် ကြေး ရင်းဂစ် ၁၅၀၀ အား ပေးသွင်းရမည်ဖြစ်ကြောင်း၊ ထို့နောက် visa၊ စတေကာ၊ Levy နှင့် ဝန်ဆောင်ခများ အတွက် ကုန်ကျစရိတ် ရှိဦးမည်ဖြစ်ကြောင်း သိရသည်။