CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁ 

ထိုင်းတွင် နိုင်ငံကူးလက်မှတ် စာအုပ်အသစ် ပြုလုပ်မည့် မြန်မာနိုင်ငံသားများ ရက်ချိန်းတိုကင် ထုတ်ယူရာတွင် မျက်နှာဖြင့် တိုက်ဆိုင် စစ်ဆေးပြီးမှသာ ရက်ချိန်းတိုကင်ကို ပေးအပ်မည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာ သံရုံးက ထုတ်ပြန်ခဲ့သည်။

PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများထဲကမှ  ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ သက်တမ်းကုန်ဆုံးမည့် သူများအား ရက်ချိန်းတိုကင်များကို ဇူလိုင် ၂၉ ရက်နေ့မှ စတင်ကာ စနေနေ့တိုင်း နံနက် ၈ နာရီမှ ၁၂ နာရီအထိ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

သို့သော် လာရောက် ထုတ်ယူသူများသည် မိမိကိုင်ဆောင်သော နိုင်ငံကူးလက်မှတ် စာအုပ်ကို ယူဆောင်လာ ရမည်ဖြစ်ပြီး မျက်နှာဖြင့် တိုက်ဆိုင် စစ်ဆေးပြီးမှသာ ရက်ချိန်းတိုကင်ကို ပေးအပ်မှာဖြစ်ကြောင်း၊ ကိုယ်စားလှယ် များဖြင့် ထုတ်ယူခြင်းအား လုံးဝ (လုံးဝ) ပေးအပ်မည်မဟုတ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင်က ရက်ချိန်းတိုကင် ယူရာ၌ မျက်နှာဖြင့် တိုက်ဆိုင် စစ်ဆေးခြင်းမျိုး မရှိခဲ့သည့်အတွက် လက်ရှိတွင် ထိုသို့ လုပ်ဆောင်လာခြင်းသည် ပွဲစားများအား ထိန်းချုပ်နိုင်ရန် ဖြစ်နိုင်သကဲ့သို့ အခြား အကြောင်းအရာများလည်း ရှိနိုင်ကြောင်း Labour Rights Foundation မှ တာဝန်ရှိသူ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒါကတော့ ကျနော်ထင်ပါတယ်။ အရင်တုန်းက တော်တော်များများက ကိုယ်တိုင်သွားတာမျိုး မဟုတ်ဘဲနဲ့ အကျိုးတော်ဆောင်တွေနဲ့ပဲ လုပ်ကြတာလေ။ ကိုယ်တိုင်သွားမယ်ဆို အလုပ်သမားတွေက တချို့တွေက မသွား တတ်တာ၊ မလာတတ်တာနဲ့ အဲဒီလိုလုပ်ထားရင်းကနေ အခုဟာက အကျိုးတော်ဆောင်တွေနဲ့ ငွေကြေး ကုန်ကျ ချက်တွေ တအားများတယ်လို့ အော်ဟစ်သံတွေကို ကြားလို့များ လူကိုယ်တိုင်လာရမယ်လို့ အချက်ကို ထည့်လိုက် တာလားဆိုတာလည်း တစ်ချက် စဉ်းစားစရာရှိတာပေါ့။ နောက်တစ်ချက်ကတော့ တချို့လုပ်သားတွေက နွေဦး တော်လှန်ရေးနဲ့ ပတ်သက်ပြီးမှ ထဲထဲဝင်ဝင် ထောက်ပံ့ရေးလုပ်ငန်းတွေ လုပ်နေတော့ အဲဒီအချက်အလက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးချင်တာလားပေါ့၊ ကျနော့်အမြင်ကတော့ အဲဒီနှစ်ချက်ကို သွားမြင်မိတယ်။ တချို့ ကိုယ့် အကြောင်း ကိုယ်သိတဲ့ လူငယ်တွေကတော့ သွားဖို့လာဖို့ အခက်အခဲ ဖြစ်သွားနိုင်တာပေါ့။ အဟန့်အတား ဖြစ် သွားနိုင်တာပေါ့။ ဥပမာဆိုပါစို့ တအားစိတ်ဓာတ်တွေ တက်ကြွတယ် နိုးကြွားတယ်၊ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင် နေတယ်ဆိုတဲ့ လူတွေကြတော့ အဲဒီအချက်ကို သွားပြေးပြီးမှ ငါကိုယ်တိုင်သွားရင် မသင့်လျော်ဘူး ဆိုတာမျိုး လည်း တွေးကောင်းတွေးသွားနိုင်တာပေါ့” ဟု ပြောသည်။

ထိုင်းရောက် ရွှေ့ပြောင်းမြန်မာများကိုတွေ့ရစဉ်

၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ PJ နိုင်ငံကူးလက်မှတ် စာအုပ် သက်တမ်းကုန်မည့် မြန်မာနိုင်ငံသားများအား ဩဂုတ် ၂ ရက်နေ့မှ စတင်ကာ နိုင်ငံကူး လက်မှတ်စာအုပ်အသစ် ထုတ်ပေးသွားမည် ဖြစ်သည်။

ကိုယ်စားလှယ်များဖြင့် ရက်ချိန်းတိုကင် ထုတ်ယူပါက ပေးမည် မဟုတ်ကြောင်း ပါရှိသည့်အတွက် ပွဲစားများ၏ အခန်းကဏ္ဍအား ထိန်းချုပ်သည့်အနေဖြင့် ထိုသို့ လုပ်ဆောင်ခြင်း ဖြစ်နိုင်သော်လည်း နိုင်ငံကူးလက်မှတ် လုပ် ဆောင်ရာ၌ ပွဲစားများ၏ အခန်းကဏ္ဍမှာ ပါဝင်နေဦးမည် ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမား အရေး ကူညီဆောင်ရွက်သူများက သုံးသပ်ကြသည်။

ထို့အပြင် ကိုယ်စားလှယ်များဖြင့် ရက်ချိန်းထုတ်ယူခွင့် မရှိခြင်းသည် ထိုင်းနိုင်ငံရှိ နယ်မြို့များတွင် နေထိုင် အလုပ် လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများအတွက် အခက်အခဲဖြစ်စေနိုင်ကြောင်း FED မှ အလုပ်သမား တာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီလိုနည်းလမ်းကို သုံးမယ်ဆိုတာမှန်တယ်။ ဒီနည်းလမ်း သုံးခြင်းအားဖြင့် ဘယ်သူတွေအတွက်က သွားပြီး အကျိုးသက်ရောက်မှုက အဆိုးအကောင်း ဘယ်ဟာပိုများလဲဆိုတာကို ချင့်ချိန်ရမယ်။ ဒီဟာနဲ့ ဖြေရှင်းစရာ တစ်ခု လုပ်မယ်ဆိုရင် ဒီဥစ္စာသည် အားလုံးအတွက် ကောင်းတဲ့ အကျိုးသက်ရောက်မှု ရှိသလား။ အနည်းစု အတွက်ပဲ အခက်အခဲဖြစ်မယ်။ ဒါဆိုရင် ချ လုပ်ပေါ့နော်။ ပတ်စပို့က ဘန်ကောက်မှာ နေတဲ့လူတွေပဲ ကိုင်ထားတာ မဟုတ် ဘူး။ နယ်မှာ အများကြီးရှိတယ်။ ဆိုတော့ အဲဒီသက်တမ်း ကုန်တဲ့သူတွေ ဘယ်လိုလုပ်မလဲ။ အဲဒီ ခရီးသွားရဖို့နဲ့ အချိန်တွေပေးဖို့ သူတို့ သူဌေးတွေ ဘာတွေကလည်း မပေးဘူး။ ကျနော်တို့ အမြဲတမ်း အကြံဉာဏ် ပြုပါတယ်။ နယ်ကလူတွေကို ဘယ်လိုစဉ်းစားမလဲ။ နယ်ဆိုတာ ဝေးတဲ့ လူတွေအတွက်ကြတော့ ဒုက္ခရောက်တယ်လေ။ အထူးသဖြင့် တောင်ပိုင်းကလူတွေဆို အရမ်းဒုက္ခရောက်ကြတယ် သွားဖို့အတွက်က။ အဲဒီမှာတင်ပဲ ပွဲစားခက ပတ်စပို့စာအုပ်က တကယ့်တကယ်က OWIC ကဒ် အပါအဝင် ၁၀၀၀ ကျော်(ဘတ်ငွေ) ကျမယ့်ဟာက ခုနှစ် ထောင်၊ ရှစ်ထောင်၊ ကိုးထောင်၊ တစ်သောင်း ဒီလိုပေးပြီးလုပ်နေရတာ ပတ်စပို့ရအောင်လို့” ဟု ပြောသည်။

ထိုင်းရောက် ရွှေ့ပြောင်းမြန်မာများကိုတွေ့ရစဉ်

၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ သက်တမ်းကုန် PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ အရေအတွက်မှာ အနည်းငယ်သာ ရှိသည့်အတွက် ညအချိန်မှစ၍ နေရာယူ တန်းစီရန် မလိုအပ်ကြောင်း မြန်မာသံရုံးက ထုတ်ပြန် ထားသည်။

လက်ရှိ နိုင်ငံကူးလက်မှတ် အသစ်ထုတ်ပေးမည့် လုပ်ငန်းစဉ်တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ သက်တမ်းကုန်မည့် သူများကိုသာ ပြောထားသည့်အတွက် ဧပြီလမှ စတင်ကာ သက်တမ်း ကုန်မည့်သူများနှင့် ပတ်သက်၍ မည်သို့ လုပ်ဆောင်ပေးမည်ကို မြန်မာရွှေ့ပြောင်း အလုပ်သမား အရေး ကူညီဆောင်ရွက်သူများ အကြား မေးခွန်းထုတ်နေကြသည်။