CNI News

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၈

ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၌ သက်တမ်းကုန်မည့် မြန်မာ ၂ သန်းကျော်အား ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်  သက်တမ်း ၄ နှစ်အား ၂ ကြိမ်ခွဲကာ သက်တမ်းတိုးခွင့် ပြုသွားမည်ဟု ဘန်ကောက်ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ခဲ့သည်။

ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ ကိစ္စနှင့်ပတ်သက်၍ နှစ်နိုင်ငံတာဝန်ရှိသူများမှ နိုဝင်ဘာ ၅ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သံရုံးထုတ်ပြန်ချက်အရ သိရသည်။

သို့သော် သက်တမ်းတိုးမည့် မြန်မာလုပ်သားများအနေဖြင့် အခွန်ဆောင်ရခြင်းနှင့် တိုက်ရိုက်ရင်ဆိုင်ရမည် ဖြစ်ကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “၂ နှစ်ကိုတစ်ကြိမ် ၂ ကြိမ်ဆက်တိုက် နေထိုင်ခွင့်ပြုမယ်ဆိုတော့ ကျနော်တို့ မြန်မာလုပ်သားတွေအတွက် ကောင်းမွန်တဲ့ လက္ခဏာပေါ့။ ဘာကြောင့်ဆိုတော့ တစ်နှစ်ကို တစ်ကြိမ်၊ တစ်နှစ်ကို တစ်ကြိမ် သက်တမ်းတိုး နေရမယ်ဆိုရင် လုပ်သားတွေအတွက် အတိဒုက္ခရောက်တယ်။ အချိန် ၁ နှစ်ဆိုတာကလည်း ခဏလေးပဲ လုပ်ရ တယ်။ ခဏလေးနဲ့ ကုန်သွားတယ်။ ပြီးရင် အဲဒီကုန်ကျစရိတ်ကလည်း စာရွက်စာတမ်း သက်တမ်းတိုးတာ လုပ်သားတွေကိုယ်တိုင် လုပ်နိုင်တာမဟုတ်ဘဲနဲ့ အလုပ်ရှင်တွေက ဦးဆောင်ပြီး လုပ်ပေးရင်တော့ ကုန်ကျ စရိတ် က သက်သာတယ်။ အဲဒီလိုမဟုတ်ဘဲ ကြားပွဲစားတွေနဲ့ အကုန်ကျခံ လုပ်တဲ့အခါမှာ ကုန်ကျစရိတ် တအားများတဲ့ အတွက် အလုပ်သမားတွေအတွက် ဝန်ဆောင်ခက ကြီးမြင့်ပါတယ်။ သို့သော် ဘာပဲ ဖြစ်ဖြစ် သိရသလောက်က လုပ်သားတွေက အခွန်အခတွေနဲ့တော့ တိုက်ရိုက် ရင်ဆိုင်ရဦးမှာလို့တော့ ယူဆပါတယ်” ဟု ပြောသည်။

မြန်မာသံရုံး တာဝန်ရှိသူများနဲ့ ထိုင်းအာဏာပိုင်များ တွေ့ဆုံဆွေးနွေးစဉ်

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်အထိ ထိုင်းနိုင်ငံ၌ ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ရရှိထားသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအနေဖြင့်  နိုင်ငံကူးလက်မှတ် (သိုမဟုတ်) CI သက်တမ်း အနည်းဆုံး ၂ နှစ် ကျော် ကျန်ရှိနေရန်လိုအပ်ကြောင်း သိရသည်။

ထိုသို့ နိုင်ငံကူးလက်မှတ် သက်တမ်းအနည်းဆုံး ၂ နှစ်ကျော် မကျန်ရှိသူများအနေဖြင့် မြန်မာသံရုံးနှင့် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့၌ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လာရောက် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာနမှ အခွန်ပေးဆောင်ရခြင်းနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကတည်းက ထုတ်ဖော် ပြောဆိုထားသည့်အတွက် အခွန်လုံးဝ မဆောင်ရသေးသူများဖြစ်ပါက ပိုမို အထိနာစေမည်ဖြစ်ကြောင်း ရွှေ့ပြောင်းလုပ်ကိုင်နေသူ ကိုမိုးလေးက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများ အထောက်အထားလုပ်ရန်စောင့်နေကြစဉ်

၎င်းက “အခွန်နဲ့ပတ်သက်တာက အခုလက်ရှိ သတင်းကြားနေတာက စာအုပ်ချိန်းရင်၊ CI စာအုပ်ချိန်းရင် အခွန် ကောက်မယ်တို့ ဘယ်လိုပဲဖြစ်ဖြစ် ရွှေ့ပြောင်း အလုပ်သမားတွေကတော့ ပေးမှရမယ်လေ။ မပေးလို့မှ မရတာ။ မပေးရင်လည်း သူတို့မလုပ်ပေးဘူးဆိုရင်လည်း ဘာမှလည်း လုပ်လို့မရဘူး ဖြစ်နေတယ်။ ထိုင်းမှာကလည်း စာအုပ်သက်တမ်းရှိမှပဲ ဗီဇာတို့ Work permit တို့ တိုးပေးတာပေါ့ ထိုင်း လ.ဝ.ကတို့က။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကကြည့်ရင်လည်း အစိုးရအခွန်ကို ရွှေ့ပြောင်း အလုပ်သမားတွေက ပေးမှရမယ်‌လေ။ အဓိကကတော့ ထိုင်း မှာပဲ စာအုပ်အနီကို သံရုံးမှာပဲ ချိန်းသွားတယ်။ CI စာအုပ်ကလည်း ထိုင်းမှာပဲ သက်တမ်း ပြန်ချိန်းသွားတယ်ဆိုရင် အလုပ်သမားတွေအတွက်က ပိုပြီးအဆင်ပြေတာပေါ့” ဟု ပြောသည်။

ဘန်ကောက်ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ CI စာအုပ်အဟောင်းမှ CI စာအုပ်အသစ်သို့ လဲလှယ် ဆောင်ရွက် နိုင်ရေးအတွက် ညှိနှိုင်းမှုများလည်း ပြုလုပ်ပြီးဖြစ်ပြီး မကြာမီ တရားဝင် ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ကြောင်း လည်း သိရသည်။

ထို့အပြင် စက်ရုံ၊ အလုပ်ရုံများရှိ မြန်မာအလုပ်သမားများအား Passport မှ Passport သို့လည်းကောင်း CI မှ Passport သို့လည်းကောင်း Mobile Team ဖြင့် ဆောင်ရွက်လိုပါက မြန်မာသံရုံး၊ ကောင်စစ်ဌာနသို့ လာရောက် ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။