CNI International News

ဘန်ကောက်၊ ဇူလိုင် ၂၂

ထိုင်းစတော့အိပ်ချိန်း (SET)ညွှန်းကိန်းမှာ သုံးလေးရက် ဆက်တိုက် တက်နေခဲ့ရာမှ ဇူလိုင် ၂၀ ရက်တွင် ပြန်ကျ သွားခဲ့သည်။ 

လေ့လာသူများ၏ ပြောကြားချက်အရ ဖြူးထိုင်းပါတီ (Pheu Thai)ခေါင်းဆောင်သည့် အစိုးရသစ်တွင် ပါဝင်နိုင်ခြေ ရှိသောကြောင့် ဘွန်ဂျာထိုင်းပါတီ (Bhumjaithaiနှင့် ဆက်နွယ်နေသည့် စတော့ရှယ်ယာများ နောက်ရက် အနည်းငယ်အတွင်း တက်လာဖွယ်ရှိကြောင်း သိရသည်။

Move Forward Party (MFP)နှင့် ဖြူးထိုင်းပါတီပြီးလျှင် တတိယ အမတ်နေရာ အများဆုံး အနိုင်ရခဲ့သည့် ဘွန်ဂျာထိုင်းပါတီမှာ ညွန့်ပေါင်းအစိုးရအဖွဲ့သစ်ထဲ ဝင်မည်ဖြစ်၍ Trinity Securities ကုမ္ပဏီမှ  အလားအလာ ကောင်းကို ကြိုတင်သုံးသပ်နေသည်။ 

လက်ရှိတွင် ဖြူးထိုင်းပါတီသည် အစိုးရသစ်ကို ဦးဆောင်ရန် ပြင်ဆင်နေပြီးဖြစ်၍ ၎င်းတို့၏ ဝန်ကြီးချုပ်လောင်းကို အဆိုပြုတော့မည်ဖြစ်သည်။

ထို့ကြောင့် Sino Thai Engineering and Construction၊ STP&I နှင့် PTG Energy အပါအဝင် ဘွန်ဂျာထိုင်း ပါတီနှင့် ဆက်နွယ်နေသည့် စတော့ရှယ်ယာများမှာ လှုပ်ခတ်နေသည်။ 

ဘွန်ဂျာထိုင်းပါတီ ခေါင်းဆောင်ကိုတွေ့ရစဉ်

ဖြူးထိုင်းနှင့် MFP တို့ လာမည့် တတိယအကြိမ် ပူးတွဲလွှတ်တော်တွင် အတူတွဲနေသေးပါက ညွန့်ပေါင်းအဖွဲ့ အနေနှင့် ဝန်ကြီးချုပ် တင်မြှောက်ရန် လုံလောက်သည့် ထောက်ခံမဲကို ရနိုင်ဖွယ်မရှိဟု Krungsri Securities ကုမ္ပဏီက ယုံကြည်နေသည်။ 

လက်ရှိတွင် ဖြူးထိုင်းပါတီသည် အစိုးရဖွဲ့ပြီး ဝန်ကြီးချုပ် တင်မြှောက်ရန် ထောက်ခံမဲ အလုံအလောက်ရရန် အတွက် Move Forward ပါတီနှင့် မဟာမိတ်အဖြစ်က ရပ်ဆိုင်ရန် ဆုံးဖြတ်ဖွယ် ရှိနေသည်။ 

ဖြူးထိုင်းသာ အဆင်ပြေစွာဖြင့် အစိုးရဖွဲ့နိုင်ပါက စတော့ညွှန်းကိန်းတွင် ၁၅၇၀-၁၅၉၀ မှတ် ဝန်းကျင်လောက်ဖြင့် အရောင်းအဝယ် ဖြစ်ဖွယ် ရှိနေသည်။ 

အစိုးရသစ်က ၎င်း၏ စီးပွားရေးပေါ်လစီကို ကြေညာပြီးလျှင်မူ စတော့ညွှန်းကိန်းမှာ ထပ်တက်လာဖွယ် ရှိသည်။ 

KGI Securities မှ ဒုတိယဥက္ကဋ္ဌ ရတ်ပွန်းချိုင်ဆူပရာခါး (Rakpong Chaisuparakul)ကတော့ နိုင်ငံရေး ဆန့်ကျင် မှုများနှင့် ပတ်သက်သော စိုးရိမ်သောကများက ထိုင်းစတော့ ဈေးကွက်အပေါ်တွင် ဆက်လက် ဂယက်ရိုက် နေဦး မည်ဟု ပြောသည်။ 

၎င်းက “ကျနော်တို့ အမြင်မှာတော့ ဈေးကွက်ထဲမှာ လတ်တလော အားကောင်းလာပေမယ့်လည်း စတော့ညွှန်း ကိန်းက နောက်အပတ် ပူးတွဲလွှတ်တော် မတိုင်မီအထိ ရက်အနည်းငယ် ရှေ့လည်းမတိုး နောက်လည်းမဆုတ် တန်းနေဦးမယ့် သဘောရှိပါတယ်”ဟု ပြောသည်။ 

ထိုင်းစတော့ဈေးကွက်ကိုတွေ့ရစဉ်

MFP ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ်၏ အမည်စာရင်း တင်သွင်းမှု တစ်ခန်းရပ်ပြီဟု လွှတ်တော်က ဆုံးဖြတ်အပြီးတွင်မူ ထိုင်းအစိုးရသစ် ဖွဲ့စည်းရေးတွင် အပြောင်းအလဲ ဖြစ်လာလိမ့်မည်ဟူသော အမြင်ကို ယုံကြည်နေဆဲဖြစ်ကြောင်း KGI က ပြောသည်။ 

သို့သော် ယခုအချိန်အထိ ဝန်ကြီးချုပ် မည်သူမည်ဝါ ဆိုသည်ကိုတော့ဖြင့် သဲသဲကွဲကွဲ မသိရသေးပေ။ 

Krungsri ၏ သုတေသနဌာန အကြီးအကဲ ကိုရာဖတ် ဗိုရာချတ် (Koraphat Vorachet)ကတော့ ဘတ်ငွေတန်ဖိုး မှာ အမေရိကန် ဒေါ်လာနှင့်ယှဉ်ပါက နှစ်လကြာ တန်ဖိုးတက်နေသည်ကို ထောက်ရှု၍ ပြည်ပဈေးကွက်က ကုန်သည်များအတွက် ထိုင်းနိုင်ငံရေးမှာ အဖြေပေါ်လာပြီဆိုသည်ကို ညွှန်ပြနေသည်ဟု ပြောသည်။ 

သို့သော် အစိုးရသစ်၏ ဖွဲ့စည်းပုံ ပြောင်းလဲသွားပြီး မဲအနည်းစုသာရသည့် ပါတီများဖြင့် အစိုးရသစ်ကို ဖွဲ့စည်း လာပါက စတော့ညွှန်းကိန်းမှာ ၁၅၀၀ အမှတ်အောက်သို့ တစ်ဖန် ပြန်ထိုးဆင်း သွားလိမ့်မည်ဟု ၎င်းက သတိပေး သည်။ 

Source: ဘန်ကောက်ပို့စ်