CNI News 

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၅

စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်တွင် ဆီပိဿာချိန် အပြောင်းအလဲ အနည်းငယ် ရှိလာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ ခုမှ အိမ်ထောင်စုများအတွက် တစ်လလျှင် တစ်ကြိမ် ဆီသုံးပိဿာ နှုန်းဖြင့် အိမ်ထောင်စုအလိုက် ဝယ်ယူနိုင်ရေးကို စီစဥ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဝယ်ယူသူများ ပိုမိုအဆင်ပြေစေရန် စက်တင်ဘာ ၂၃ ရက် နေ့မှစ၍ တစ်လအတွက် အိမ်ထောင်စု တစ်စု လျှင် ၂ ပိဿာ ၇၅ ကျပ်သား ဝင်ဆံ့သည့် ၅ လီတာဘူးဖြင့် စားအုန်းဆီများကို ပြောင်းလဲဖြန့်ဖြူး သွားမည်ဖြစ် ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

 စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချ ပေးနေစဥ်

ထို့အပြင် ပို့ဆောင်ခများတွင်လည်း ရန်ကုန်တိုင်းဒေသကြီး ၃၃ မြို့နယ်တွင် ၂၅၀၀ ကျပ်၊ မြို့တော်စည်ပင် နယ်နိမိတ်ပြင်ပ၌ ၃၀၀၀ ကျပ်ဖြင့် ဖြန့်ဖြူးနေပြီး ယခင်ကထက် ၅၀၀ ကျပ် ဈေးတက်သွားသည်။

လက်ရှိတွင် Call Center များကို ယခင်အတိုင်း ထားရှိ၍ မှာကြားချက်များအား လက်ခံသွားမည်ဟု စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေး ကော်မတီမှ အသိပေးထားသည်။

စျေးနှုန်းအနေဖြင့် လက်ကား ရည်ညွှန်းစျေးနှုန်းအား အခြေခံ၍ ကုန်ကျစရိတ် ထည့်သွင်းတွက်ချက်ထားသည့် စျေးနှုန်းဖြင့် ရောင်းချသွားမှာဖြစ်ပြီး တန်ဆာခအား ဝယ်ယူသူဘက်မှ ပေးချေရမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

ထို့အတူ ဆီဖိုးအား ကြိုတင်ပေးချေရန် မလိုဘဲ ပစ္စည်းရောက်မည့်ရက်မှာ မှာကြားသည့်ရက်မှစ၍ ၅ ရက်ခန့် ကွာခြားနိုင်ကြောင်း သိရသည်။