CNI News

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၄

ပုံမှန်လစာရရှိသူများမှ တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ ၂ သိန်းနှင့်အထက် မိသားစုထံလွှဲပို့ထားပါက လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းနှင့် ညီမျှသော EV ကား တစ်နှစ်လျှင် တစ်စီးနှုန်း တင်သွင်းခွင့်ပြုခြင်းသည် လုပ်သားများ အတွက် မဖြစ်နိုင်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။

သာမန်ရွှေ့ပြောင်းလုပ်သားများအတွက် တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ ၂ သိန်းနှင့်အထက် လွှဲပို့နိုင်ရန်မှာ မဖြစ်နိုင်လှကြောင်း၊ ၎င်းတို့သတ်မှတ်ထားသည့် ပမာဏမှာ ရွှေ့ပြောင်းလုပ်သားများအတွက် များပြားလွန်းနေ ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက ထောက်ပြကြသည်။

ထိုသို့ လွှဲပို့ငွေအပေါ်မူတည်ပြီး ကားတင်သွင်းခွင့်ပြုလိုက်ခြင်းကြောင့် အချို့လုပ်ငန်းရှင်များအနေဖြင့် ပြည်ပ ရောက်လုပ်သားများအား ချည်းကပ်မှုများ ပြုလုပ်လာနိုင်ကြောင်း အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

 “တချို့လုပ်သားတွေကြ‌တော့ နည်းနည်း ပြောနိုင်ဆိုနိုင်၊ ပညာတတ်တွေလည်းရှိနေကြတယ်ဆိုတော့ အဲဒီလို လုပ်သားတွေအတွက် ချည်းကပ်ကောင်း ချည်းကပ်ပြီး ရကောင်းရနိုင်ပေမယ့် သာမန် အောက်ခြေ အလုပ်သမား တွေကို ဆက်စပ်နိုင်ဖို့အထိ မလွယ်ကူလောက်ဘူးလို့ သုံးသပ်မိပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ သာမန်ရွှေ့ပြောင်း အလုပ်သမားတွေက သူတို့ပြောတဲ့ ၅ သောင်းတို့ ဘာတို့ဆိုတာ တတ်နိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမျိုးမဟုတ်ဘူး။ တစ်ခုတော့ရှိတာပေါ့။ ထိုင်းကို အခြေပြုပြီး ပြောဆိုတာမျိုး မဟုတ်ဘဲနဲ့ တခြားဒီထက် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ တွေဖြစ်တဲ့ တောင်ကိုရီးယားတို့၊ ဂျပန်တို့၊ စင်ကာပူတို့မှာ သွားလုပ်တဲ့လူတွေကတော့ အဲဒီငွေကြေးမှာ ဖြစ် ကောင်း ဖြစ်နိုင်ပေမယ့် ထိုင်းမှာက ၁ ရက်မှ ၃၀၀ ကျော်နဲ့ သူ့ရဲ့ စားဝတ်နေရေးနဲ့ စာရွက်စာတမ်းခနဲ့ နေခ ထိုင်ခ အခန်းခတွေနဲ့၊ ရေခ၊ မီးခတွေနဲ့တင်ပဲ အလုပ်သမားတွေက တစ်ပတ်နဲ့ တစ်ပတ်ကို အဆင်ပြေအောင် မနည်း သွားနေရတာ။ အခု ငွေဆိုတာကလည်း ထိုင်းငွေတောင် မဟုတ်ဘူး။ ဒေါ်လာ ၅ သောင်းတို့ ဘာတို့ဆိုတာ စုဆောင်းနိုင်ဖို့ တကယ်မလွယ်ကူတဲ့ကိစ္စပါ” ဟု ၎င်းက ပြောသည်။

ဒါ့အပြင် ပုံမှန်လစာရှိသူများမှအပ အခြားဝင်ငွေရှိသူများအနေဖြင့် တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ ၅ သောင်း နှင့် အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းနှင့် ညီမျှသော EV ကား/ EV ဆိုင်ကယ်ကို တစ်နှစ်လျှင် တစ်စီးနှုန်း တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံး၌ ရွှေ့ပြောင်းလုပ်သားများမှ လိုအပ်သည်များ လာရောက်လုပ်ဆောင် နိုင်ရန် တန်းစီနေကြစဉ်

ထိုသို့ တင်သွင်းရာတွင် တစ်ဦးတစ်ယောက်ချင်း တင်သွင်းခြင်းအပြင် စုပေါင်း၍ တင်သွင်းမည်ဆိုပါကလည်း ခွင့်ပြုပေးမည်ဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

လုပ်သားများအတွက် အမှန်တကယ် တင်သွင်းခွင့်ပေးလိုပါက နိုင်ငံအသီးသီးရှိ မိမိတို့နိုင်ငံသားများ၏ လုပ်သား စစ်တမ်းများကို ကောက်ယူပြီးမှသာ တစ်နှစ်အတွင်း လွှဲပို့ငွေပမာဏအား သတ်မှတ်သင့်ကြောင်း ဘူဆန်မြို့ရှိ အလုပ်သမား ရွှေ့ပြောင်းနေထိုင်သူများ ကူညီထောက်ပံ့ရေးစင်တာမှ တာဝန်ခံ ကိုခန့်နေကြည်က CNI သတင်း ဌာနသို့ ပြောသည်။

“ကိုရီးယားလိုမျိုး အလုပ်သမားတွေရဲ့ လစာပျမ်းမျှတောင်မှ အဲဒီလောက်မရှိပါဘူး။ ပျမ်းမျှကို အခြေခံလစာဆိုရင် ဒေါ်လာနှစ်ထောင်ဆိုရင်တောင် တစ်နှစ်လုံးမှ နှစ်သောင်းခွဲက အများဆုံးပဲ။ ၂ သိန်းလောက် ရဖို့ဆိုတော့ အလုပ် သမားတွေအနေနဲ့ မဖြစ်နိုင်ဘူးပေါ့။ နိုင်ငံအလိုက်မှာ အလုပ်သမားသံတွေ သူတို့ခန့်အပ်ထားတယ်။ သူ့နိုင်ငံ အလိုက် အလုပ်သမားတွေ ဝင်တဲ့ဝင်ငွေတွေကို သူတို့က သိပြီးသားဖြစ်တယ်။ သိပြီးသားဆိုတော့ ဒါမျိုး အခွင့် အရေးပေးချင်တယ်ဆိုရင် ရနိုင်တဲ့အနေအထားလောက်ကို လျှော့ပေးမှာပေါ့။ မပေးချင်ရင်တော့ မြှင့်ထားမှာပေါ့ အဲဒီလိုပဲ ယူဆရတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မိသားစုလွှဲပို့ငွေနှင့် ပတ်သက်၍ သံရုံးများတွင် တင်းကြပ်ထားသဖြင့် အချို့လုပ်သားများမှာ တရားဝင် လမ်းကြောင်းမှ လွှဲပို့နေကြသလို အချို့လုပ်သားများမှာ ငွေကြေးကွာဟမှုကြောင့် ဟွန်ဒီလုပ်ငန်းများဖြင့်သာ လွှဲပို့နေကြခြင်းဖြစ်သည်။

ထို့အပြင် ယခုကဲ့သို့ ကားတင်သွင်းခွင့်ရရှိခြင်းနှင့်ပတ်သက်၍လည်း ပမာဏ များပြားလွန်းသောကြောင့် လုပ်သား အများစုမှာ စိတ်ဝင်စားခြင်းမရှိကြောင်းလည်း သိရသည်။