CNI International News

ဝါရှင်တန်၊ ဇူလိုင် ၅

အမေရိကန်သည် ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်ရွှေ့ပြောင်းနေထိုင်သူ ၁၁၆ ဦးကို စင်းလုံးငှား လေယာဉ်ဖြင့် နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အမေရိကန် အမိမြေလုံခြုံရေး ဝန်ကြီးဌာနက ပြောကြားခဲ့ သည်ဟု The Guardian မှ ဖော်ပြခဲ့သည်။

“ကျနော်တို့ဟာ ကျနော်တို့ရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေကို ဆက်လက်ပြဋ္ဌာန်း သွားမှာဖြစ်ပြီး အမေရိကန် မှာ ဆက်နေဖို့ အထောက်အထားမရှိတဲ့ သူတွေကို ဖယ်ရှားသွားမှာပါ” ဟု အမိမြေလုံခြုံရေးဝန်ကြီး အလက်ဇန်ဒရို မာယာကက်စ် (Alejandro Mayorkas) က ပြောကြားခဲ့သည်။

အမေရိကန် သမ္မတရွေးကောက်ပွဲ မတိုင်မီ တရုတ်၏ ရွှေ့ပြောင်းနေထိုင်သူများ အရေးနှင့်ပတ်သက်ပြီး နိုင်ငံရေး စကားစစ်ထိုးမှုများ ပြင်းထန်နေချိန်တွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက တရုတ်ရွှေ့ပြောင်းများကို လေယာဉ် ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

အသစ်ထုတ်ပြန်ထားသည့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များဖြင့် တရားမဝင် ရွှေ့ပြောင်းများ ဝင်ရောက်မှုကို လျှော့ချရန်နှင့် ဟန့်တားရန် ၊ တရားမဝင် လူမှောင်ခိုကူးမှုကို တိုက်ဖျက်ရန် တရုတ်နှင့် ပူးပေါင်းဆောင်ရွက် နေသည်ဟု အမေရိကန်အမိမြေ လုံခြုံရေးဝန်ကြီးဌာနက ပြောသည်။

အမိမြေလုံခြုံရေးဝန်ကြီး အလက်ဇန်ဒရို မာယာကက်စ်ကို တွေ့ရစဉ်

သို့သော်လည်း တရုတ်သို့ ပြန်ပို့ခဲ့သည့် ရွှေ့ပြောင်းများသည် အမေရိကန်တွင် မည်မျှ ကြာမြင့်စွာ နေထိုင်ခဲ့သည် ဆိုသည့် အချက်ကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

အနာဂတ်တွင်လည်း ရွှေ့ပြောင်းများကို လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ရေး အစီအစဉ်များအတွက် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ထုတ်ပြန်ခဲ့သော်လည်း မည်သည့်အချိန်တွင် ပြန်လည်ပို့ဆောင်မည်ဆိုခြင်းကိုမူ အသေးစိတ် မထုတ်ပြန်ခဲ့ပေ။

မကြာသေးမီ နှစ်များအတွင်း အမေရိကန်သည် အမေရိကန်တွင် နေထိုင်ခွင့်မရှိသည့် တရုတ်နိုင်ငံသားများကို နေရပ်ပြန်ပို့ရန် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ 

အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံသားများက နေရပ်သို့ ပြန်ရန် ငြင်းဆိုနေခြင်းကြောင့် ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က တရုတ်ရွှေ့ပြောင်း နေထိုင်သူ အများအပြားသည် မက္ကဆီကိုနိုင်ငံမှတစ်ဆင့် အမေရိကန်နိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ကြသည်။

၂၀၂၃ ခုနှစ်အတွင်း အမေရိကန် နယ်စပ်အရာရှိများသည် နိုင်ငံတောင်ပိုင်း နယ်စပ်တွင် တရုတ်နိုင်ငံသား ၃၇,၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး ထိုအရေအတွက်သည် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၀ ဆအထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

Source: The Guardian