CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၂

တိုင်းရင်းသား နိုင်ငံရေးပါတီများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က မည်သည့် အတွက်ကြောင့် ပါတီတည်ထောင်ခွင့် ငြင်းပယ်ရသလဲဆိုသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြား ထောက်ပြဆွေးနွေး ငြင်းခုံ လျက်ရှိနေသည်။

UEC က နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် တွင် ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီများကို ပြန်လည်၍ မှတ်ပုံတင်စေခဲ့သည်။

ထို့နောက် နိုင်ငံရေးပါတီ အများအပြား မှတ်ပုံတင်ခဲ့ပြီး ပြန်လည်၍ မှတ်ပုံတင်ခဲ့သည့် တိုင်းရင်းသားပါတီများ ဖြစ်သော ရခိုင်အမျိုးသားပါတီ (ANP)၊ ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC) နှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) တို့ကို ပါတီတည်ထောင်ခွင့် UEC က ငြင်းပယ်ခဲ့သည်။

နိုင်ငံရေးဘောင်ကျယ်လာရန် နိုင်ငံတော်အနေဖြင့် အားပေးရမှာဖြစ်ကြောင်း၊ လက်ရှိ ငြင်းပယ်ထားသည့် နိုင်ငံရေး ပါတီများကိုလည်း ပြန်လည်စဉ်းစားစေလိုကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီကိစ္စက ကျနော် အစည်းအဝေးမှာလည်း‌ ပြောပါတယ်။ တိုင်းရင်းသားပါတီတွေပဲ ဖြစ်ဖြစ်၊ မှတ်ပုံတင်တဲ့ ဟာတွေကို သေချာချပေးသင့်တယ်ဆိုပြီးမှ ကျနော်တို့က တင်ပြကြတာပေါ့၊ တင်ပြတဲ့အခါ အခု ငြင်းပယ်တာ ခံလိုက်ရတာ စိတ်မကောင်းဘူး။ ဘာကြောင့် စိတ်မကောင်းသလဲဆိုတဲ့ အခါကြတော့ ကျနော်တို့ ၂၀၀၈ အခြေခံ ဥပဒေ အတည်ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ သူတို့ရဲ့ ဖိတ်ခေါ်မှုတွေက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေကို လက်နက်အပ် နိုင်ငံရေးပါတီထောင်၊ ပါတီထောင်ပြီးမှ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲမှာ နေကျဆိုပြီး မှ သူတို့ စည်းရုံးရေးတွေ ဆင်းခဲ့ကြတယ်။ အဲဒီအချိန်တုန်းက တချို့တိုင်းရင်းသားတွေက မယုံကြည်လို့ လက်နက် မအပ်ခဲ့ကြတာတွေပေါ့နော်၊ အဲဒီမှာပလောင်အဖွဲ့ တစ်ဖွဲ့ ဦးအိုက်မုန်းတို့က လက်နက်အပ်ပြီးမှ ပါတီထောင်လိုက် တယ်၊ ပါတီထောင်ပြီးတော့ အခုတော့ ပြန်ပြီး မှတ်ပုံမတင်တော့ဘူးပေါ့နော်။ အဲဒီလိုမျိုးတွေ ဖြစ်လာပြီဆိုရင် တော့ နိုင်ငံတော်အနေနဲ့ ကူညီပံ့ပိုးပေးရပါမယ်၊ ဘာကြောင့်လဲဆို နိုင်ငံရေးဘောင်ကျယ်လာအောင် နိုင်ငံတော်က ပံ့ပိုးပေးရမယ်၊ အခု လက်နက်ကိုင် အဖွဲ့အစည်းတွေကိုသာ ပံ့ပိုးနေတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အင်အားကြီးလာတာပေါ့၊ ဒါကြောင့်မို့လို့ အခု ဖြုတ်ချလိုက်တဲ့ ပါတီတွေကိုလည်း ပြန်လည်စဉ်းစားပေးစေချင် တယ်။ ဟိုတုန်းက သူပုန်တွေလို့ ၁၇ (၁) နဲ့ ညှိထားတဲ့သူတွေတောင်မှ ပါတီထောင်ပါလို့ သူတို့ ဖိတ်ခေါ်ခဲ့ကြတာ ဒီနေ့ အချိန်မှာ မြေပေါ်မှာ ရောက်နေတဲ့သူတွေ စုပေါင်းပြီး ပါတီထောင်ကြတဲ့ ကိစ္စလေးကိုတော့ ချပေးသင့်တာ ပေါ့” ဟု ပြောသည်။

 ရခိုင်အမျိုးသားပါတီ(ANP) မဲဆွယ်စည်းရုံးရေးလုပ်နေစဉ်

ယခုနှစ် မကုန်ခင် သန်းခေါင်စာရင်းနှင့် လူဦးရေး အပြီးသတ် ကောက်ယူမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၅ တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် လုပ်ဆောင်နေကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။

မိမိတို့ပါတီကို လိုအပ်ချက်များ ပြန်လည်ပြင်ဆင်နိုင်ရန် အကြောင်းကြားခြင်း မရှိဘဲ မှတ်ပုံတင်ခွင့် လျှောက်ထား ပြီး တစ်နှစ်ကျော်အကြာတွင် ငြင်းပယ်ခဲ့ကြောင်း ANP မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ ပါတီအနေနဲ့ပေါ့၊ အထူးသဖြင့် ဥပမာပြရလို့ရှိရင် ခင်ဗျားတို့မှာ ဒါတွေဒါတွေက လိုအပ်နေ တယ်၊ ခင်ဗျားတို့က လိုက်နာနိုင်သလား၊ ပြင်ဆင်နိုင်သလား၊ သဘောတစ်ခုက ဒါတွေဒါတွေက ပြင်ပါဆိုပြီးတော့ ညှိနှိုင်းဆွေးနွေးခဲ့သင့်တယ်လို့ ကျနော်တို့က ယူဆတယ်၊ တခြားပါတီမှာလည်း လိုအပ်ချက်တွေ ရှိရင်ရှိမှာပေါ့၊ လုံးဝပြုပြင်လို့ မရနိုင်ဘူးဆိုတာက တစ်ပိုင်း၊ ပြုပြင်နိုင်တယ်၊ နိုင်ငံတော်ရဲ့ အကျိုး၊ အများပြည်သူရဲ့ အကျိုးနဲ့ မိမိတို့အခြေခံတဲ့ ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုး အကျိုးအတွက် ရှေးရှု့ပြီးမှ ပြင်သင့်ပြင်ထိုက်တယ်၊ ပြင်နိုင်တယ်ဆို လို့ရှိရင်ကတော့ ဒါအဖြေတစ်ခု ပြောင်းလဲနိုင်တယ်၊ အခုက ဘာမှ ဆွေးနွေးမှု မရှိတဲ့အတွက် ကျနော်တို့ကတော့ မိမိတို့ လုပ်သင့်တာ လုပ်ခဲ့ပြီလို့ ခံယူပါတယ်” ဟု ပြောသည်။

 UEC နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်

UEC အနေဖြင့် ရန်သူပွားအောင် လုပ်နေကြောင်း၊ ပါတီမှတ်ပုံတင်ခွင့် မပေးခြင်းက မှားယွင်းချွတ်ချော်မှုဟု မြင်မိ ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၏ ရှေ့ဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရန်သူပွားအောင်လုပ်တာပါ၊ သက်သက် ရန်ရှာတာ၊ ဘာကြောင့်လဲဆိုတော့ ပါတီစုံဒီမိုကရေစီကိုလည်း ထွန်းကား စေချင်တယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲကလည်း လုပ်ချင်တယ်။ ရွေးကောက်ပွဲကို ထောက်ခံတဲ့ ပါတီစုံကို စနစ်ကို လက်ခံတဲ့ နိုင်ငံရေးပါတီတွေကို သူက အားပေးရမှာပေါ့၊ ဒါပေမဲ့ အားမပေးဘဲနဲ့ ထပ်ပြီးတော့ ရန်ရှာနေတော့ မိတ်ဆွေနည်းပြီးတော့ ရန်သူများလာတဲ့ သဘောပေါ့ဗျာ၊ ဒါကြောင့် ကမောက်ကမတွေတော့ ဖြစ်နေတာပဲ ကြည့်ရတာက ပေါ်လစီတွေက ကျနော်တို့ ခန့်မှန်းလို့တော့ မတတ်တော့ဘူး။ အဲဒါတွေတော့ ကျနော်ထင်တာတော့ ပါတီတွေကို မှတ်ပုံတင်ခွင့် မပေးဘူးဆိုတာက ကျနော်ထင်တာ မှားယွင်းချွတ်ချော်မှု တစ်ခုလို့ပဲ မြင်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေပြီး စစ်ဘောင်ကျယ်ပြန့်ကာ နိုင်ငံရေးဘောင် ကျဉ်းနေကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကြား ပြောကြားလျက်ရှိနေသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံသို့ နိုင်ငံရေးပါတီ ၅၀ ကျော်က ပါတီမှတ်ပုံတင်ထားရာမှာ ပါတီ ၅၀ ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားသည်။