CNI International News

တိုကျို၊ စက်တင်ဘာ ၁၃

ဂျပန်နိုင်ငံတွင် အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) က လက်ရှိဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ (Fumio Kishida) ၏ နေရာ၌ အစားထိုး တာဝန်ထမ်းဆောင်မည့် ဝန်ကြီးချုပ်သစ်တစ်ဦးကို ရွေးကောက်တင်မြှောက်ရန် ပါတီတွင်း မဲဆွယ်စည်းရုံးမှုများအား စက်တင်ဘာ ၁၂ ရက်က စတင်ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

LDP ပါတီသည် ရန်ပုံငွေ အရှုပ်တော်ပုံများကြောင့် လူထု၏ ယုံကြည်မှုကို ပြန်လည်မြှင့်တင်ရန် ကြိုးပမ်းနေချိန် တွင် မဲဆွယ်စည်းရုံးရေး ကာလကို ၁၅ ရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး ထိုရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ၉ ဦးအထိရှိခဲ့သည်။

ကိုယ်စားလှယ်လောင်း ၉ ဦးအနက် စီးပွားရေးလုံခြုံရေးဝန်ကြီး တာကာအီချီ ဆာနာအီ (Takaichi Sanae) ၊ စီးပွားရေးလုံခြုံရေးဝန်ကြီးဟောင်း ကိုဘာယာရှိ တာကာယူကီ (Kobayashi Takayuki) ၊ အစိုးရအဖွဲ့ အတွင်းဝန် ချုပ် ဟာယာရှီ ယိုရှီမာဆာ (Hayashi Yoshimasa) ၊ သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး ကိုအီဇူမီ ရှီနီဂျီရို (Koizumi Shinjiro) ၊ နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါ ယိုကို ( Kamikawa Yoko) တို့ ပါဝင်သည်။

ထို့ပြင် ကျန်ကိုယ်စားလှယ်လောင်းများမှာ အစိုးရအဖွဲ့ အတွင်းဝန်ချုပ်ဟောင်း ကာတို ကတ်ဆူနိုဘူ (Kato Katsunobu) ၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးဝန်ကြီး ကိုနိုတာရို (Kono Taro) ၊ LDP အတွင်းရေးမှူးချုပ် ဟောင်း အီရှီဘာ ရှီဂီရူ (Ishiba Shigeru) နှင့် လက်ရှိ ပါတီအတွင်းရေးမှူးချုပ် မိုတီဂီတိုရှီမစ်ဆု (Motegi Toshimitsu) တို့ဖြစ်သည်။

ဝန်ကြီးချုပ် ကီရှီဒါကို တွေ့ရစဉ်

ဝန်ကြီးချုပ် ရွေးချယ်မှုကို စက်တင်ဘာ ၂၇ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်း အရေအတွက်သည် စံချိန်တင် များပြားခဲ့သည့်အတွက် မဲများပျံ့သွားနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ရွေးကောက်ပွဲတွင် အနိုင်ရရှိသူသည် LDP ဥက္ကဋ္ဌသစ် ဖြစ်လာမည်ဖြစ်ပြီး နိုင်ငံအတွင်း ကုန်စျေးနှုန်း မြင့်တက်မှု၊ တရုတ်နှင့် မြောက်ကိုရီးယားတို့၏ လုံခြုံရေးခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။

ဂျပန်တွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံးကို LDP ပါတီနှင့် ၎င်း၏ ညွန့်ပေါင်းမဟာမိတ် ကိုမီအီတို ပါတီတို့က ထိန်းချုပ်ထားသဖြင့် LDP ပါတီဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခံရသူသည် ဝန်ကြီးချုပ်ရာထူးကို အလိုအလျောက် ရရှိမည်ဖြစ်သည်။

ကိုမီအီတိုပါတီသည်လည်း ယခုလအတွင်း ပါတီခေါင်းဆောင်သစ်တစ်ဦးကို ရွေးချယ်မည်ဖြစ်ပြီး အတိုက်အခံပါတီ ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဒီမိုကရက်တစ်ပါတီသည်လည်း ပါတီခေါင်းဆောင်သစ် ရွေးချယ်သွား မည်ဖြစ်သည်။

Source: Nikkei Asia