CNI International News

မော်စကို၊ စက်တင်ဘာ ၁၃

ရုရှားအနေဖြင့် ယူကရိန်းတွင် နေတိုး၏ ရန်လိုမှုကို ထောက်ခံနေသည့် နိုင်ငံများအား နျူကလီးယား လက်နက် များ အသုံးပြုဖြေရှင်းလိုသည့် သဘောထားကို ရှင်းရှင်းလင်းလင်း ပြသသင့်သည်ဟု ရုရှား၏ ဩဇာကြီးမားသည့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ သဘောထားတင်းမာသူ ဆာဂျေ ကရာဂါနော့ဗ် (Sergei Karaganov) က ပြောကြား ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ရုရှားသမ္မတ ပူတင် (Vladimir Putin) အနေဖြင့် အနောက်နိုင်ငံများအပေါ်ထားရှိသည့် နျူကလီးယား ရပ်တည် ချက်ကို ပိုမိုအားမာန်ပြည့်ဝသည့် အခြေအနေမျိုး ဖန်တီးသင့်ကြောင်းလည်း ဝါရင့်နိုင်ငံရေးသိပ္ပံပညာရှင် ကရာဂါနော့ဗ်က Kommersant သတင်းစာနှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ရုရှားအနေဖြင့် အလုံးစုံ နျူကလီးယားစစ်ပွဲကို ဆင်နွှဲစရာမလိုဘဲ နေတိုးအဖွဲ့ဝင် တစ်နိုင်ငံကို အကန့်အသတ် ရှိသည့် နျူကလီးယား တိုက်ခိုက်မှု ပြုလုပ်နိုင်သည်ဟု ၎င်းက ထောက်ပြသည်။

ထို့ပြင် အမေရိကန်သည် ၎င်း၏ မဟာမိတ်များအား နျူကလီးယားထီးရိပ်ဖြင့် အကာအကွယ်ပေးမည်ဟု ကတိပြု ထားခြင်းသည် လိမ်ညာနေခြင်းဖြစ်သည်ဟု ကရာဂါနော့ဗ်က ပြောသည်။

ရုရှား၏ နျူကလီးယားလမ်းစဉ်တွင် အဓိက ရည်မှန်းချက်သည် ရုရှားအနေဖြင့် နျူကလီးယား လက်နက်များကို အသုံးပြုရန် အဆင်သင့် ဖြစ်နေသည့်အချက်ကို လက်ရှိ ရန်သူများနှင့် အနာဂတ် ရန်သူများ သိရှိစေရန် လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောသည်။

ပူတင်ကို တွေ့ရစဉ်

ယူကရိန်းတပ်ဖွဲ့များသည် ရုရှား၏ ကာစ့် (Kursk) ဒေသကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နယ်မြေအချို့ကို သိမ်းပိုက် ထားကာ ရုရှားတပ်ဖွဲ့များက ယူကရိန်းတပ်များကို နိုင်ငံအတွင်းမှ မောင်းထုတ်ရန် တိုက်ခိုက်နေချိန်တွင် ကရာဂါနော့ဗ်၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။

"အခုချိန်က ကျနော်တို့ နယ်နိမိတ်ကို တိုက်ခိုက်နေတဲ့ ဘယ်လို တိုက်ခိုက်မှုကိုမဆို တုန့်ပြန်ဖို့ ကျနော်တို့မှာ အခွင့်အရေးရှိတယ်ဆိုတာ ကြေညာရမယ့် အချိန်ဖြစ်ပါတယ်" ဟု ကရာဂါနော့ဗ်က ပြောကြားခဲ့သည်။

၎င်း၏ ပြောကြားချက်များ ထွက်ပေါ်လာပြီးနောက် အနောက်နိုင်ငံများမှ လုံခြုံရေးကျွမ်းကျင်သူများသည် ရုရှား၏ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် နျူကလီးယား မူဝါဒများကို အနီးကပ်စောင့်ကြည့်ခဲ့ကြသည်။

လွန်ခဲ့သည့် ၁ နှစ်ကျော်ကတည်းက ကရာဂါနော့ဗ်သည် ရုရှား၏ နျူကလီးယား လမ်းစဉ်ကို အပြောင်းအလဲများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည့် ဝါရင့်နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ယခုအကြိမ်တွင် ထပ်မံတိုက်တွန်းခဲ့ခြင်း ဖြစ် သည်။

Source: ရိုက်တာ