CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၁၃

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra)က ထိုင်းနိုင်ငံ၏ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူများ၏ စားဝတ်နေရေးကို မြှင့်တင်ရန် ၎င်းတို့အစိုးရအဖွဲ့အနေဖြင့် ချက်ချင်းလုပ်ဆောင်မည့် မူဝါဒ ၁၀ ချက်ကို စက်တင်ဘာ ၁၂ ရက်က ကြေညာခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

မိမိတို့အစိုးရအဖွဲ့သည် ပြည်သူများ၏ ကြွေးမြီဖိအားများ၊ ကုန်စျေးနှုန်းနှင့် လူမှုလုံခြုံရေးအတွက် အန္တရာယ်ရှိ သည့် အခြေအနေများ အပါအဝင် ပြည်သူများ၏ အခက်အခဲများကို လျော့ပါးသက်သာအောင် အရေးတကြီး လုပ်ဆောင်ရန် လိုအပ်သည်ဟု သတိပြုမိခဲ့ကြောင်း ပေတုန်တန်က လွှတ်တော်ကို ပြောကြားခဲ့သည်။

"အစိုးရအဖွဲ့အနေနဲ့ ကြွေးမြီပြဿနာကို ဖြေရှင်းတာ၊ ကုန်စျေးနှုန်းလျှော့ချတာ၊ ဝင်ငွေမြှင့်တင်တာနဲ့ လူမှု လုံခြုံရေး အန္တရာယ်တွေကို ဖြေရှင်းတာတွေ လုပ်ဆောင်ပြီး စီးပွားရေး သာတူညီမှုနဲ့ အခွင့်အလမ်းတွေကို ဖန်တီးဖို့ အရှိန်မြှင့် လုပ်ဆောင်ရပါတယ်" ဟု ပေတုန်တန်က ပြောကြားခဲ့သည်။

ထိုင်းလွှတ်တော်မှာ ပေတုန်တန် အစိုးရအဖွဲ့ကို တွေ့ရစဉ်

၎င်းတို့ အစိုးရအဖွဲ့ ချက်ချင်း လုပ်ဆောင်မည့် မူဝါဒ ၁၀ ချက်မှာ-

၁။ ဘဏ်များ၊ ဘဏ္ဍာရေး အဖွဲ့အစည်းများ၊ ပိုင်ဆိုင်မှု စီမံခန့်ခွဲရေး ကုမ္ပဏီများနှင့်ပူးပေါင်းပြီး ထိုင်းပြည်သူများ အတွက် ရည်ရွယ်ကာ ကြွေးမြီကဏ္ဍ ပြန်လည်ရေးဆွဲရေး၊ အထူးသဖြင့် အိမ်နှင့်ကား အရစ်ကျဝယ်ယူမှု ချေးငွေ အစီအစဉ်များကို ပြန်လည်ရေးဆွဲရေး။

၂။ ထိုင်းစီးပွားရေး၏ မောင်းနှင်အားကို ပြန်လည်ထိန်းသိမ်းရန် အသေးစားနှင့် အလတ်စား လုပ်ငန်းများအကြား ကြွေးမြီပြဿနာကို ဖြေရှင်းပြီး ထိုင်းစီးပွားရေး လုပ်ငန်းရှင်များအား မျှတမှုမရှိသည့် စျေးကွက်ယှဉ်ပြိုင်မှုများမှ ကာကွယ်ရေး။

၃။ စွမ်းအင်အသုံးပြုခ စျေးနှုန်းများကို လျှော့ချခြင်း၊ လူအများအပြား သွားလာနိုင်သည့် သယ်ယူပို့ဆောင်ရေး စနစ်များကို မြှင့်တင်ရေး။

၄။ ပညာရေး၊ ပြည်သူ့ကျန်းမာရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းများအတွက် လျာထားနိုင်မည့် တရားမဝင် မြေအောက် စီးပွားရေးလုပ်ငန်းများ (ဥပမာ-ကာစီနိုရုံများ) ထံမှ အခွန်ကောက်ယူရေး။

၅။ ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့မှု အစီအစဉ်ဖြင့် ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ဒစ်ဂျစ် တယ် စီးပွားရေးနှင့် ပြည်သူ့အချက်အလက်စင်တာများ ကောက်ယူရေး။

၆။ လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်တန်ဖိုးများနှင့် လယ်သမားများ၏ ဝင်ငွေကို မြှင့်တင်ရန် ခေတ်မီ လယ်ယာ စိုက်ပျိုးရေးကဏ္ဍကို အကောင်အထည်ဖော်ရေး။

ထိုင်းက သစ်သီးဈေးကိုတွေ့ရစဉ်

၇။ ထိုင်းနိုင်ငံသို့ လွယ်ကူချောမွေ့စွာ ဝင်ထွက်သွားလာနိုင်ရန် ဗီဇာလျှောက်ထားမှု လုပ်ငန်းစဉ်ကို ပြန်လည် ရေးဆွဲပြီး ခရီးသွားကဏ္ဍကို မြှင့်တင်ရေး။

၈။ မူးယစ်ဆေးဝါးပြသနာကို တိုက်ဖျက်ရေးနှင့် မူးယစ်ဆေး စွဲနေသူများအား ဆေးဖြတ်ရာတွင် ကူညီရေး။

၉။ ထိုင်းပြည်သူများ၏ အကျိုးစီးပွားများကို ကာကွယ်ရန် ပြည်တွင်း/ပြည်ပ ရာဇဝတ်မှုများ၊ အွန်လိုင်းပေါ်မှာ လိမ်ညာသည့် ဂိုဏ်းများနှင့် ဆိုက်ဘာရာဇဝတ်မှုများကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းတိုက်ဖျက်ရေး။

၁၀။ ပြည်သူများ အထူးသဖြင့် မသန်စွမ်းများ၊ သက်ကြီးရွယ်အိုများ၊ တိုင်းရင်းသားများနှင့် နိုင်ငံမဲ့ လူပုဂ္ဂိုလ်များ အတွက် အခွင့်အလမ်းများကို သာတူညီမျှရှိစေသည့် လူမှုဖူလှုံရေးအစီအစဉ်ကို ထူထောင်ရေး။

အစရှိသည့် အချက်များဖြစ်သည်။

ထိုင်းနိုင်ငံတွင် သြဂုတ်လက ဝန်ကြီးချုပ် ဆရီသာကို ရာထူးမှ ဖယ်ရှားခံရပြီးနောက် ပေတုန်တန်အား  ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။

ထို့နောက် ပေတုန်တန် ဦးဆောင်သည့် အစိုးရအဖွဲ့သစ်ကို ပြန်လည် ဖွဲ့စည်းကာ စီးပွားရေးမူဝါဒများ ချမှတ်၍ အကောင်အထည်ဖော်လာခြင်းဖြစ်သည်။

Source: The Nation