CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆

ထိုင်းနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလုပ်အကိုင် ၁၆ မျိုးမှ ကျွမ်းကျင်လုပ်သားများအား အခြေခံ လုပ်ခလစာ တိုးမြှင့်ပေးသည့်ထဲတွင် အောက်ခြေတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအပါအဝင် ရွှေ့ပြောင်း အလုပ်သမားများ မပါကြောင်းသိရသည်။

၎င်း အခြေခံလုပ်ခလစာ တိုးမြှင့်သည့်အထဲတွင် အများစုသည် ထိုင်းနိုင်ငံသားများ လုပ်ကိုင်နေသည့် အလုပ်များ ဖြစ်ကာ မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကိုပါ တပြေးညီ အခြေခံလုပ်ခလစာ တိုးမြှင့်ပေးသင့် ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသည့် ကိုသားကြီးက CNI သတင်းဌာနသို့ ပြော သည်။

“ဇွန်လ ၉ ရက်နေ့ကထုတ်တဲ့ အလုပ်သမားအရေးနဲ့ ပတ်သက်ပြီးတော့ လုပ်ခလစာ တိုးမြှင့်ပေးရေးမှာ အထူး သဖြင့်တော့ ကျ‌နော်တို့ မြင်တာကတော့ သူ့နိုင်ငံသားတွေ ဘွဲ့ရ ပညာတတ်တွေ စက်ရုံတွေ၊ ကုမ္ပဏီ အသီးသီးမှာ လုပ်တဲ့ တာဝန်ယူနေတဲ့၊ အစိုးရဝန်ထမ်းတွေမှာ လုပ်တဲ့သူတွေကိုလောက်ပဲ လုပ်ခ လစာတိုးပေးတဲ့ ပုံစံမျိုး ဖြစ် နေတယ်။ အောက်ခြေက အခြေခံလူတန်းစား ဥပမာ မြန်မာရှိမယ်၊ လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား ဒီနိုင်ငံ သားတွေ ထိုင်းထဲမှာ အလုပ်လုပ် နေတာတွေ ရှိတယ်။ ဆိုတော့ သူတို့တွေအတွက် လုပ်ခလစာ တိုးပေးမယ့် အနေအထားမျိုးကို မတွေ့ရဘူး။ အခြေခံလစာကို တိုးလိုက်တာနဲ့ ဒီအောက်ခြေမှာရှိတဲ့ နယ်ပယ်အသီးသီးက အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ အားလုံးကိုလည်း တပြေးညီပဲ လုပ်အားခကို တိုးပေးသင့်တယ်”ဟု ပြောသည်။

ထိုင်းအာဏာပိုင်များ

နိုင်ငံတကာ အလုပ်သမားဥပ‌ဒေတွင် သက်ဆိုင်ရာ နိုင်ငံတစ်နိုင်ငံ၏ အလုပ်သမား လုပ်အားခနှင့်ပတ်သက်၍ ပြု ပြင် ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်းများ လုပ်ဆောင်ခဲ့ပါက ထိုနိုင်ငံရှိ အလုပ်သမားအားလုံး အကျိုးခံစားခွင့် ရှိရမည် ဟူ၍ ပါရှိသည်။

ထို့ကြောင့် ယခုကဲ့သို့ ထိုင်း အလုပ်သမားဝန်ကြီးဌာန၏ ယခုကဲ့သို့ လုပ်ဆောင်ချက်သည် တည်ဆဲဥပ‌ဒေအား ခွဲခြား ဆက်ဆံသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများက ဝေဖန် သုံးသပ်မှုများ ရှိသည်။

ထိုင်းအာဏာပိုင်မှ အခြေခံ လုပ်ခလစာ တိုးမြှင့်ပေးသည့် အလုပ်အကိုင်များမှာ ဆောက်လုပ်ရေး အလုပ်အကိုင် ၅ မျိုး၊ လက်မှုပညာ အလုပ်အကိုင် ၄ မျိုးနှင့် ဝန်ဆောင်မှု အလုပ်အကိုင် ၇ မျိုး တို့ဖြစ်ကြောင်း၊ ထိုအထဲကမှ အလုပ် အကိုင် ၆ မျိုးတွင်သာ မြန်မာလုပ်သားများ လုပ်ကိုင်ခွင့် ရရှိထားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာ အပါအဝင် ရွှေ့ပြောင်း အလုပ်သမားများအား အခြေခံလုပ်ခလစာ မတိုးပေးသည့်အပြင် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် လုပ်ခလစာ အပြည့် မရခြင်းများနှင့်လည်း ရင်ဆိုင်နေရကြောင်း အလုပ် သမားအရေး ဆောင်ရွက်နေသူများနှင့် ရွှေ့ပြောင်းအလုပ်သမားများထံမှ သိရသည်။

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ

ထိုင်းတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦးက “သူတို့ အစိုးရအနေနဲ့ ကိုယ်တွေကို တိုးပေးမယ်ဆိုရင် တော့ အဆင်ပြေတာပေါ့။ ဒါပေမယ့် အခုချိန်မှာက ကျနော်တို့က ဘယ်လိုပြောမလဲ။ မိခင်မဲ့နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေလို ဖြစ်နေကြတယ်။ လိုတာထက် ပိုတာတောင်မှ တောင်းလို့မရတဲ့ဟာတွေ ဖြစ်နေတာပေါ့နော်။ သူတို့ပေးမှ ကိုယ်တွေက ရမှာ။ သူတို့ကျွေးမှ ရမှာဖြစ်နေတဲ့ အနေအထားမျိုး ဖြစ်နေတာ” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် အခြေခံ လုပ်ခလစာသည် အလုပ်သမားတစ်ဦးအတွက် တစ်ရက်လျှင် ဘတ်ငွေ ၃၂၀ ခန့် သတ်မှတ် ကြောင်း၊ သို့သော် တချို့ စက်ရုံ၊ အလုပ်ရုံများတွင် ဘတ်ငွေ ၂၀၀ ကျော်သာ ရသူများရှိသကဲ့သို့ ၁၀၀ ကျော်သာ ရရှိသည့် အလုပ်သမားများလည်း ရှိကြောင်း သိရသည်။

ထို့နောက် ထိုင်းနိုင်ငံတွင် ကုန်ဈေးနှုန်း မြင့်တက်နေမှုများ ရှိသဖြင့် ယခုရရှိသည့် အခြေခံလုပ်ခလစာနှင့် အဆင် မပြေကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားများမှ ပြောကြသည်။

လက်ရှိ အခြေခံလုပ်ခလစာ တိုးမြှင်ပေးရန် သတ်မှတ်လိုက်သည့် အလုပ်အကိုင် ၁၆ မျိုးတွင် အခြေခံ လုပ်ခလစာ အား တစ်ရက်လျှင် ဘတ် ၄၀၀ ကျော်မှ ၆၀၀ ကျော်အထိ တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည်။