CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃

ပါတီစုံဒီမိုကရေစီကို အခြေခံ၍ သွားသည့်အတွက် တိုင်းရင်းသားအားလုံးပါဝင်သည့် ရွေးကောက်ပွဲ အခင်းအကျင်း ကို ဖန်တီးသင့်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ပါတီမှတ်ပုံတင်ခွင့် ငြင်းပယ်ထားသည့် တိုင်းရင်းသား နိုင်ငံရေးပါတီများကို မည်သည့် အချက်အလက်ဖြင့် ညှိစွန်းသလဲဆိုခြင်းအပေါ် စိစစ်သင့်ကြောင်း ၎င်းက ပြော သည်။

MUP ပါတီမှ နိုင်သန်းရွှေက “ကျနော်တို့က ပါတီစုံဒီမိုကရေစီကို အခြေခံသွားတယ်၊ နောက်ပြီးတော့ SAC က လည်း သူတို့ပြောနေတာ ရှိတာပေါ့နော်၊ All Inclusive (အားလုံးပါဝင်မှု) ဆိုပြီး All Inclusive ဖြစ်အောင်တော့ လုပ်ရမှာပေါ့၊ အထူးသဖြင့်တော့ ငြင်းပယ်ထားတာ ရှိတာပေါ့၊ ဒီငြင်းပယ်တာက ဘယ်လို ဥပဒေပုဒ်မနဲ့ ညှိစွန်းနေ သလဲ၊ နောက်တစ်ချက် ပုဂ္ဂိုလ်လား၊ ပါတီအဖွဲစည်း တစ်ခုလုံးလား အဲဒါတော့ သေသေချာချာ စစ်ဆေးပြီးတော့ လုပ်ဖို့သင့်တာပေါ့လေ၊ တကယ်လို့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ညှိစွန်းတယ်ဆိုလို့ရှိရင် ကျနော်တို့ ဘယ်လို လုပ်ရ မလဲ၊ အဲဒီလူကို ထုတ်ပယ်ရမလား၊ ဘယ်လို လုပ်ပေးရမလဲ၊ အဲဒါတော့ အရမ်းအရေးကြီးတာပေါ့နော်၊ အထူး သဖြင့် တိုင်းရင်းသားအားလုံး ပါဝင်သင့်တာပေါ့နော် ကျနော်တို့ အမြင်မှာ။ ဒါမှ ဖက်ဒရယ်ဒီမိုကရေစီရဲ့ အနှစ်သာ ရကို ပြည့်စုံမယ်လို့ ထင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသားလူငယ်များကိုတွေ့ရစဉ်

UEC က နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် တွင် ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီများအား ပါတီမှတ်ပုံတင်ခြင်းကို ပြန်လည်လုပ်ဆောင် စေခဲ့သည်။

ထို့နောက် ပါတီမှတ်ပုံတင် လျှောက်ထားခဲ့သည့် ရခိုင်အမျိုးသားပါတီ (ANP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) အပါအဝင် ပါတီအချို့ တည်ထောင်ခွင့် လျှောက်ထားမှု ငြင်းပယ်ခံထားရသည်။

မိမိတို့ ANP ကို ပါတီတည်ထောင်ခွင့် ငြင်းပယ်ခဲ့သည့်အတွက် ရခိုင်လူထုအနေဖြင့် ဒီမိုကရေစီနှင့် နိုင်ငံရေး ဆောင်ရွက်မှုအပေါ် စိတ်ဝင်စားမှု နည်းစေကြောင်း ANP မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲကော်မရှင်က မဲပေးဖို့ကို ရှင်းပြနေစဉ်

၎င်းက “မိမိတို့ ပါတီရဲ့ ရပ်တည်ချက်က အများပြည်သူရဲ့ အကျိုးစီးပွားအတွက် လိုအပ်ရင် လိုအပ်သလို ပြောမယ် ဆိုမယ်၊ ထောက်ပြမယ်ပေါ့၊ နိုင်ငံရေးအရ အဲဒီတော့ ကျနော်တို့အနေနဲ့ ဒီလိုလုပ်ပိုင်ခွင့် မရှိဘူးဆိုတဲ့အခါ ရခိုင် ပြည်နယ်မှာ ပြည်သူအများစု ထောက်ခံတဲ့ ပါတီတစ်ရပ် အနေနဲ့ ငြင်းပယ်ခံရတဲ့အတွက် ပြည်သူလူထုရဲ့ စိတ်ထဲ မှာ မိမိတို့ ထောက်ခံတဲ့ ပါတီတစ်ရပ်ကို ဒီလိုအကျိုးအကြောင်း ဘာမှမပြောဘဲနဲ့ ငြင်းပယ်လိုက်တဲ့ အတွက်က တော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်ဟာ လိုအပ်ချက်တွေ အများကြီး ရှိတယ်လို့ ခံစားရတယ်၊ နောက်တစ်ခုက မိမိတို့ အားကိုးယုံကြည်တဲ့ ပါတီတစ်ရပ်အနေနဲ့ ရပ်တည်ပိုင်ခွင့်ကို ငြင်းပယ်လိုက် တဲ့အတွက် ဒီမိုကရေစီနဲ့ နိုင်ငံရေးအရ ဆောင်ရွက်မယ့် ကိစ္စတွေမှာ ကျနော်တို့ ရခိုင်ပြည်သူတွေအတွက် စိတ်ဝင် စားမှု မရှိဘူး။ ဆောင်ရွက်ချင်တဲ့ စိတ်မရှိဘူးဆိုတဲ့ အမြင်လွဲစောင်းမှုတွေ ဖြစ်ပွားလာနိုင်တဲ့ အခြေအနေရှိပါ တယ်” ဟု ပြောသည်။

လာမည့် အောက်တိုဘာလအတွင်း သန်းခေါင်စာရင်းနှင့် လူဦးရေးစာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း၊ ထို့နောက် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။