CNI International News

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၁

ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားလက်နက် ဖျက်သိမ်းရေး အားထုတ်ကြိုးပမ်းမှုများကို လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိစေရန်  ဦးဆောင်ပြုလုပ်သွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) က  ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။ 

အဆိုပါ အားထုတ် ကြိုးပမ်းမှုအတွက် နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် နိုင်ငံများအနေဖြင့် နျူကလီးယား လက်နက် မပိုင်သည့် နိုင်ငံများနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန်လည်း ကီရှီဒါက တိုက်တွန်းခဲ့သည်။

ထို့ပြင် ကုလသမဂ္ဂတွင် တစ်ကြိမ်တစ်ခါမျှ မဆွေးနွေးရသေးသည့် နျူကလီးယားလက်နက် ထုတ်လုပ်မှု ပိတ်ပင် ရေး စာချုပ်ဖြစ်သည့် ၁၉၉၃ ခုနှစ် Fissile Materials Cutoff Treaty (FMCT) စာချုပ်နှင့်ပတ်သက်ပြီး ဆွေးနွေးမှု များကို ပြန်လည် ပြုလုပ်ရန်လည်း ၎င်းက အဆိုပြုခဲ့သည်။ 

ဒုံးကျည်များရှေ့က ကလေးငယ်နဲ့မိခင် တစ်ဦးကိုတွေ့ရစဉ်

စက်တင်ဘာ ၁၉ ရက် အစောပိုင်းက ကီရှီဒါသည် နျူကလီးယားလက်နက် မပိုင်ဆိုင်သည့် သြစတြေးလျ၊ ဖိလစ်ပိုင်တို့နှင့်အတူ FMCT ထိပ်သီးအဆင့် ဆွေးနွေးပွဲကို ပူးတွဲဦးဆောင်ပြီး ကမကထ ပြုလုပ်ခဲ့သည်။

ဂျပန်သည် နျူကလီးယားလက်နက်များ မရှိသည့် ကမ္ဘာဖြစ်စေရန်အတွက် ပြည်ပနိုင်ငံများရှိ သုတေသန အဖွဲ့အစည်းများနှင့် ကျွမ်းကျင် ပညာရှင်အဖွဲ့များကို ရန်ပုံငွေ ထောက်ပံ့ရန် ယန်း ၃ ဘီလျံ (ဒေါ်လာ သန်း ၂၀) သုံးစွဲသွားမည်ဟု ဆိုသည်။ 

ရည်ရွယ်ချက်မှာ နျူကလီးယား လက်နက်များကို ပြည်ပရန်များမှ ကာကွယ်သည့် အဟန့်အတားဆိုသော စကားလုံးနှင့် နျူကလီးယားလက်နက် ဖျက်သိမ်းရေးဆိုသည့် စကားလုံးအကြား ရွေးချယ်မှုများကို ကျော်လွှား ဖြေရှင်းရန် ဖြစ်သည်ဟု ကီရှီဒါက ပြောသည်။

ပူတင်နဲ့ ဘိုင်ဒန်ကို နျူကလီးယား လက်နက်ပုံတူနဲ့အတူ တွေ့ရစဉ်

ကမ္ဘာ့ ပထမဆုံး နျူကလီးယားဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရသည့် ဂျပန်၏ ဟီရိုရှီးများမြို့မှ လွှတ်တော်အမတ်လည်း ဖြစ်သည့် ကီရှီဒါက နျူကလီးယားလက်နက် ဖျက်သိမ်းရေးသည် ၎င်း၏ အသက်တမျှ အရေးကြီးသည့် လုပ်ငန်း တစ်ခုဖြစ်ကြောင်း၊ ဂျပန်သည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံမဟုတ်သည့်တိုင် နျူကလီးယား ဖျက်သိမ်းရေးအတွက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ရုရှား၏ တရားဥပဒေ ချိုးဖောက်မှုကို ကီရှီဒါက ရှုတ်ချခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နျူကလီးယား ခြိမ်းခြောက်မှုများကို ရပ်တန့်ရန် အားထုတ်ကြိုးပမ်းမှုများအား ထပ်မံမြှင့်တင်ရန်လည်း တိုက်တွန်းခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဗီတိုအာဏာ အသုံးပြုမှုသည် ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲရန် ပြင်ဆင်နေ ချိန်တွင် အဖွဲ့အစည်းအတွင်း သဘောထား ကွဲလွဲမှုများနှင့် ယှဉ်ပြိုင်မှုများကို ပိုမိုဆိုးရွားစေကြောင်းလည်း ကီရှီဒါက ပြောကြားခဲ့သည်။

Source: အေပီ