CNI International News

တိုကျို၊ ဇန်နဝါရီ ၂၅

ကလေးမွေးဖွားမှုနှုန်း ကျဆင်းနေခြင်းကြောင့် ဂျပန်နိုင်ငံသည် ဂျပန်လူ့အဖွဲ့အစည်းတစ်ခုအဖြစ် လုပ်ဆောင်နိုင် ခြင်း မရှိသော အခြေအနေသို့ ရောက်ရန် နီးစပ်နေပြီဟု ဝန်ကြီးချုပ်က ပြောကြောင်း ဘီဘီစီ အဂ်လိပ်ပိုင်း သတင်းတွင် ဖော်ပြသည်။
ထိုကိစ္စကို အမြန်ဆုံး ဆောင်ရွက်ရမည်ဟုလည်း ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida)က ပြောသည်။

လူဦးရေ ၁၂၅ သန်းရှိသော ဂျပန်တွင် ပြီးခဲ့သည့်နှစ်၌ ကလေးမွေးဖွားနှုန်းမှာ ၈၀၀,၀၀၀ အောက် ကျဆင်းခဲ့သည်။

၁၉၇၀ နှစ်များတွင် နှစ်သန်းကျော်အထိ ရှိခဲ့သည်။ ဂျပန်နှင့်အိမ်နီးချင်း နိုင်ငံများတွင်လည်း ကလေးမွေးဖွားနှုန်း မှာ နှေးကွေးလျက်ရှိသည်။ သို့သော် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း လူ့သက်တမ်း မြင့်တက်လာခြင်းကြောင့် ထိုကိစ္စမှာ ဂျပန်နိုင်ငံအတွက် အရေးကြီးသော ကိစ္စတစ်ရပ် ဖြစ်လာသည်။

သက်ကြီးရွယ်အို များပြားကာ ၎င်းတို့ကို ထောက်ပံ့ပေးမည့် အလုပ်သမား အရေအတွက် နည်းပါးလာသည့် အဓိပ္ပါယ် ဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်၌ ဂျပန်သည် မိုနာကို ပြီးနောက် အသက် ၆၅ နှင့်အထက် လူဦးရေ ဒုတိယအများဆုံးနိုင်ငံ ဖြစ်လာသည်ဟု သိရသည်။

ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကိုတွေ့ရစဉ် (GETTY IMAGES)

လူ့အဖွဲ့အစည်း တစ်ရပ်အဖြစ် ဆက်လက် ဆောင်ရွက် နိုင်ပါ့မည်လားဆိုသည့် အခြေအနေသို့ ရောက်ရှိနေပြီဟု ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက လွှတ်တော်အမတ်များကို ပြောခဲ့သည်။

ကလေးများ၊ ကလေး မွေးဖွားခြင်း စသည်တို့နှင့် ပတ်သက်သော မူဝါဒများတွင် အလေးအနက်ထား ဆောင်ရွက် ခြင်းသည် အချိန်ဆွဲခြင်း၊ ရွှေ့ဆိုင်းခြင်း လုပ်ဆောင်၍ မရသောကိစ္စ ဖြစ်လာကြောင်းလည်း ၎င်းက ပြောသည်။

ကလေးများနှင့် ပတ်သက်သည့် ဂရိုဂရမ်များတွင် အသုံးစရိတ်ကို နှစ်ဆမြှင့်တင်လိုကြောင်း၊ ထိုကိစ္စနှင့် ပတ်သက် ၍ ဆောင်ရွက်ရန် အစိုးရအေဂျင်စီအသစ် တစ်ခုကိုလည်း လာမည့် ဧပြီလတွင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ကီရှီဒါက ပြောသည်။

ဂျပန်အစိုးရသည် ယခင်က အလားတူ မဟာဗျူဟာများ ချမှတ် ဆောင်ရွက်ခဲ့ဖူးသော်လည်း အောင်မြင်ခဲ့ခြင်း မရှိပေ။ ၂၀၂၀ ခုနှစ်တွင် လေ့လာသူများက ဂျပန်နိုင်ငံ၏ အမြင့်ဆုံး လူဦးရေဖြစ်သော ၂၀၁၇ ခုနှစ်က ၁၂၈ သန်းကို ရာစုနှစ် ကုန်ဆုံးချိန်တွင် ၅၃ သန်းအောက် ရောက်ရှိစေရေး စီမံကိန်းချ ဆောင်ရွက်ခဲ့သည်။

ဂျပန် ကလေးငယ်တစ်ဦးကိုတွေ့ရစဉ် (GETTY IMAGES)

လက်ရှိ လူဦးရေမှာ ၁၂၅ သန်းရှိသည်ဟု တရားဝင် ထုတ်ပြန်ထားသော အချက်အလက်များတွင် ဖော်ပြထား သည်။ ဂျပန်တွင် တချို့သော ဖြေလျော့မှုများ လုပ်ဆောင်ခဲ့သော်လည်း လူဝင်မှုနှင့် ပတ်သက်ပြီး တင်းကြပ်သော ဥပဒေများကို ကျင့်သုံးနေဆဲဖြစ်သည်။

ထို့ကြောင့် နိုင်ငံ၏ သက်ကြီး လူ့အဖွဲ့အစည်းကို ကိုင်တွယ်ရေး အကူအညီ ဖြစ်စေရန် အချို့သော သတ်မှတ်ချက် များကို လျှော့ပေါ့သင့်သည်ဟုလည်း ကျွမ်းကျင်သူများက ပြောသည်။

နိုင်ငံ၏ ကလေးမွေးဖွားမှုနှုန်း ကျဆင်းခြင်းသည် လူနေမှု ကုန်ကျစရိတ်မြင့်ခြင်း၊ ပညာရေးနှင့် လုပ်ငန်းခွင်တွင် အမျိုးသမီးများ ပါဝင်လာခြင်း၊ သန္ဓေတားဆေး ပိုမိုလွယ်ကူလာခြင်းတို့ အပါအဝင် အကြောင်းအရာများစွာတို့ ကြောင့်ဖြစ်သည်။

ထိုအခြေအနေများက ဂျပန်အမျိုးသမီးများကို ကလေးအနည်းငယ်သာ ယူရန်ဖြစ်စေခဲ့သည်။ 

Source: BBC