CNI International News

ဘန်ကောက်၊ဇန်နဝါရီ ၁၇

ဆူဖန်ဘူရီ(Suphan Buri) ပြည်နယ်ရှိ နိုင်ငံခြားသားများကို ကုသပေးနေသော အလှအပရေးရာ ဆေးခန်းတစ်ခု နှင့် ဆန်စက်အဟောင်းတစ်ခုတို့ကို ဝင်ရောက်စီးနင်းမှု လုပ်ဆောင်ခဲ့ရာ ဘတ် ၉ ဒသမ ၅ သန်း တန်ကြေးရှိ တရားမဝင် ဆေးဝါးများနှင့် စားသောက်ကုန်များအပြင် ဆီလီကွန်များကို သိမ်းဆီးရမိခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ဘန်ကောက်မြို့ ပသွမ်ဝမ် (Pahtumwan) ခရိုင်ရှိ ဂေဆွန်တာဝါမှ အလှအပဆေးခန်းကို သောကြာနေ့တွင် ဝင်ရောက် စီးနင်းခဲ့သည်ဟု ထိုင်းရဲအရာရှိတစ်ဦးဖြစ်သူ နီတီဝေါင်ကူလတ် (Neti Wongkularp) က ပြောသည်။

ထိုဆေးခန်းသည် ကျန်းမာရေး ဝန်ဆောင်မှုများ၊ ကုထုံးများနှင့် ထိုင်းရေးရာ ဆေးကုသမှုများကို နိုင်ငံခြားသားများ သို့ အဓိကထား ဆောင်ရွက်ကြောင်း၊ သို့သော် ယင်းတွင် မှတ်ပုံတင်မရှိသော ဆေးဝါးများကို တင်သွင်းကာ အန္တရာယ်ရှိသော ဆေးဝါးပစ္စည်းများ ပါဝင်သည့် စားသောက်ကုန်များကို ရောင်းချနေကြောင်း ၎င်းက ပြောသည်။

ထို့နောက် အဆိုပါ ဆေးခန်းသည် လူနာများ၏ အိုမင်းရင့်ရော်မှုကို တားဆီးပေးရန် သွေးစစ်၍ အဆိပ်ထုတ်ခြင်း၊ အိုမင်းရင့်ရော်မှု ကာကွယ်ပေးခြင်းတို့ အပြင် အသည်းနှင့်ဦးနှောက်ဆိုင်ရာ ကုထုံးများကိုပါ လုပ်ဆောင်ပေးကာ ထိုကုသမှုများသည် အနည်းဆုံး ဘတ် ၁၀၀၀ မှ ဘတ် ၂ သန်းအထိ တန်ကြေးရှိသည်ဟု သိရသည်။

တရားမ၀င် ဆီလီကွန်များကို ထုတ်လုပ်သည့် အမျိုးသမီးကို ဖမ်းဆီးစဉ်

ထိုဆေးခန်းအား ရှာဖွေရာတွင် ဘတ် ၅ ဒသမ ၉၈ သန်းဖိုးရှိ မှတ်ပုံတင်မရှိသော ဆေးဝါးများနှင့် အစားအသောက် အထုပ်ပေါင်း ၂၅၂ ထုပ်ကို တွေ့ခဲ့ရသည်ဟုလည်း သိရသည်။

ထို့ကြောင့် ထိုဆေးခန်း၏ ဒါရိုက်တာများကို တရားမဝင် ဆေးဝါးများနှင့် အစားအစာများ ရောင်းချခြင်းဖြင့် တရား ဆွဲဆိုထားပြီး ဆရာဝန်များကို ဆေးခန်းတွင် လိုအပ်သော အသုံးအဆောင်၊ ပစ္စည်းကိရိယာနှင့် ဆေးဝါးများ ထောက်ပံ့ရန် ပျက်ကွက်မှုဖြင့် တရားဆွဲဆိုခဲ့သည်။

သံသယရှိသူများကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင် ရမည်ဖြစ်သောကြောင့် ထိုသူများ၏ အမည်များကို ထိုင်းရဲ တပ်ဖွဲ့က ထုတ်ပြန်ခြင်း မရှိပေ။

ဆူဖန်ဘူရီပြည်နယ်၊ သီရိပရာချန်ခရိုင်ရှိ ဆန်စက်ဟောင်း တစ်ခုကိုလည်း ထိုင်းရဲတပ်ဖွဲ့နှင့် FDA တို့မှ ရှာဖွေမှုလုပ် ဆောင်ခဲ့ရာ တခြားပြည်နယ်များရှိ ဆေးခန်းများသို့ ဖြန့်ဖြူးနေသည့် ဆီလီကွန် ထိုးသွင်းပစ္စည်းများကို တရားမဝင် ထုတ်လုပ်နေကြောင်း တွေ့ခဲ့ရသည်။

ယင်းတွင် ဘတ် ၃ ဒသမ ၅၀ သန်း တန်ကြေးရှိ နှာခေါင်းနှင့်နဖူးတွင် အသုံးပြုသော ဆီလီကွန်ထုတ်စက်များ၊ ဆီလီကွန်မိုလ်များကို သိမ်းဆည်းရမိခဲ့သည်။

ထိုဖြစ်ရပ်အတွက် အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို တရားမဝင် ထုတ်လုပ်ဖြန့်ဖြူးမှုဖြင့် တရားဆွဲဆို ထားပြီး ထိုစက်ရုံတွင် လွန်ခဲ့သည့် နှစ်နှစ်ခန့် ကတည်းက ဆီလီကွန် ထုတ်လုပ်မှုများကို လုပ်ဆောင်နေသည်ဟု သိရသည်။

တရားမ၀င် ဆီလီကွန်များကိုတွေ့ရစဉ်

ထို့ကြောင့် တခြားပြည်နယ်များရှိ ဆေးခန်း ၃၀ ခန့်ကို ဝင်ရောက်ရှာဖွေခဲ့ရာ ဆန်စက် အဟောင်းစက် ရုံမှ ဝယ်ယူထားသော ဘတ် ၂ ဒသမ ၉၃ သန်း တန်ဖိုးရှိ ဆီလီကွန်နှင့် ဆက်စပ်ပစ္စည်းများကို တွေ့ခဲ့ရသည်။

အဆိုပါ ဆီလီကွန်များသည် ထုတ်လုပ်ရန် ဘတ် ၆၀ မှ ၈၀ ကြားသာ ကုန်ကျသော်လည်း ယင်းတို့ကို ဆေးခန်း များတွင် ဘတ် ၄၉၀၀ မှ ၅၀၀၀ အထိ ဈေးတင်ရောင်းချသည်။ ပြီးခဲ့သည့် နှစ်မှစ၍ ထိုဆေးခန်းများတွင် အလှအပ ဆိုင်ရာ ခွဲစိတ်မှုပေါင်း ၁၆၂၁ ခု ပြုလုပ်ခဲ့ပြီး ဆေးခန်းများမှ ဝန်ထမ်းများကို တရားမဝင်၊ ဘေးမကင်း၊ မှတ်ပုံတင် ထားခြင်း မရှိသော ဆေးဝါးပစ္စည်းများ ရောင်းချမှုနှင့် တရားစွဲဆိုသွားမည်ဟု သိရသည်။

Source: ဘန်ကောက်ပို့စ်