CNI International News

ဘန်ကောက်၊ ဒီဇင်ဘာ ၁၆

ထိုင်းဘုရင် မဟာ ဗာဂျီရာလောင်ကွန်း (Maha Vajiralongkorn)၏ အကြီးဆုံးသမီးတော်သည် နှလုံးရောဂါဖြင့် ဆေးရုံတင်ထားရကြောင်း တော်ဝင်နန်းတော်မှ ထုတ်ပြန်ခဲ့သည်ဟု အယ်ဂျာဇီးယားသတင်းတွင် ဖော်ပြထားသည်။

အသက် ၄၄ နှစ်အရွယ် မင်းသမီးဖြစ်သူ ဘတ်ရာကစ်တီယာဘာ့ (Bajrakitiyabha)သည် တနင်္လာနေ့တွင် သတိလစ် လဲကျသွားခြင်းကြောင့် ထိုသို့ ဆေးရုံတင်ခဲ့ရခြင်း ဖြစ်သည်။

မင်းသမီးသည် ထိုင်းစစ်တပ်က ကြီးမှူးကျင်းပသည့် နိုင်ငံအရှေ့မြောက်ပိုင်း နာခွန် ရတ်ချာစီမာ (Nakhon Ratchasima) ပြည်နယ်ရှိ လုပ်ငန်းသုံး ခွေးချန်ပီယံရှစ် ပြိုင်ပွဲကို တက်ရောက်နေစဉ် ဒီဇင်ဘာ ၁၄ ရက်နေ့ အစော ပိုင်းတွင် ထိုသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု နန်းတော်က ထုတ်ပြန်သည်။

မင်းသမီး၏ အခြေအနေ ပြန်လည် တည်ငြိမ်သွားချိန်တွင် သူမကို ရဟတ်ယာဉ်ဖြင့် ဘန်ကောက်သို့ ပို့ဆောင်ခဲ့ ကြောင်း နန်းတော်မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း အသေးစိတ်ကို ရှင်းလင်းထားခြင်း မရှိပေ။

မင်းသမီးသည် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်း (Chulalongkorn) ဆေးရုံသို့ တက်ရောက်ကာ ကုသမှုနှင့် စစ်ဆေးမှုများ ခံယူခဲ့သည်။

မင်းသမီးဖြစ်သူ ဘတ်ရာကစ်တီယာဘာ့နဲ့ မိသားစုကိုတွေ့ရစဉ် (GETTY IMAGES)

ဘာ့မင်းသမီးဟု ထင်ရှားသော မင်းသမီး ဘတ်ရာကစ်တီယာဘာ့သည် ထိုင်းဘုရင်၏ တရားဝင်သား သမီး ၃ ဦး ထဲမှ ၁ ဖြစ်သည်။

ထို့ကြောင့် သူမသည် ၁၉၂၄ ထီးနန်း ဆက်ခံခြင်းဆိုင်ရာ ဥပဒေနှင့် ထိုင်းနိုင်ငံ၏ အခြေခံဥပဒေတို့အရ ထီးနန်းကို ဆက်ခံခွင့် ရှိသူလည်း ဖြစ်သည်။

သို့သော် လက်ရှိအချိန်အထိ ထိုင်းဘုရင်က ထီးနန်းဆက်ခံမှုနှင့်ပတ်သက်၍ တရားဝင် လျာထားခြင်း မရှိသေး သလို မင်းသမီးအနေဖြင့် ထီးနန်းဆက်ခံခွင့်နှင့် ပတ်သက်၍ တရားဝင် ဆွေးနွေးပြောဆိုခြင်းမျိုးလည်း မရှိသေးပေ။

မင်းသမီးသည် ကုလသမဂ္ဂ အဖွဲ့အစည်းများ အပြင် သြစတြီးယား၊ ဆလိုဗေးနီးယားနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့ သို့ ထိုင်းသံအမတ်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်။

ဘုရင်စနစ် ဆက်လက် အကျုံးဝင်နေဆဲဖြစ်သော ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် နှစ်များအတွင်း ဘုရင့်အာဏာကို ဖယ်ရှားပေးရန် တောင်းဆိုမှုများနှင့် တော်ဝင်မိသားစုကို ဆန့်ကျင်ဆန္ဒပြမှုများ ရှိခဲ့သည်။ လက်ရှိ ထိုင်းဘုရင် ဗာဂျီရာလောင်ကွန်းသည် ဖခင်ဖြစ်သူ ဘုရင်ကြီး ဘူမိဘော အဒူရာဒတ် (King Bhumibol Adulyadej) နတ်ရွာစံ ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာတွင် ထိုင်းဘုရင်အဖြစ် တင်မြှောက်ခံခဲ့ရသည်။

Source: အယ်ဂျာဇီးယား