CNI International News

အက်ရာ၊ဇန်နဝါရီ ၁၄

၂၀၂၃ ခုနှစ်တွင် အစိုးရဝန်ထမ်းအားလုံး၏ လစာကို ၃၀ ရာခိုင်နှုန်းတိုးမြှင့်ရန် ဂါနာအစိုးရနှင့် ကုန်သွယ်ရေး သမဂ္ဂတို့အကြား သဘောတူညီချက် ရရှိခဲ့သည်ဟု ပူးတွဲထုတ်ပြန် ကြေညာခဲ့သည်ဟု အယ်ဂျာဇီးယား သတင်း တွင် ဖော်ပြထားသည်။

ပြည်သူ့ဝန်ထမ်းများကို ကိုယ်စားပြုသော ကုန်သွယ်ရေးသမဂ္ဂများသည် လစာ တိုးပေးရန်အတွက် နိုဝင်ဘာလ တွင် စတင်ညှိနှိုင်းခဲ့သည်။ ခက်ခဲမှုများကြောင့် လမ်းပေါ်ထွက် ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ပြီး လအနည်းငယ် အကြာတွင် ဖြစ်သည်။

ထိုဆန္ဒပြပွဲများကြောင့် ဂါနာအစိုးရသည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့(IMF)ထံမှ အကူအညီ တောင်းခဲ့ ရသည်။ အစိုးရနှင့် ကုန်သွယ်ရေးသမဂ္ဂများ၏ သဘောတူညီချက်အရ လစာတိုးမြှင့်မှုသည် ဇန်နဝါရီ ၁ ရက်နေ့မှ စတင် အကျုံးဝင်မည် ဖြစ်သည်။

ရွှေ၊ ရေနံနှင့် ကိုကိုးထုတ်ကုန် နိုင်ငံတစ်ခုဖြစ်သော ဂါနာသည် အာဖရိကဒေသကို တက်သစ်စ ကြယ်ပွင့်နိုင်ငံဟု ကမ္ဘာဘဏ်က သတ်မှတ်ခဲ့သော်လည်း လက်ရှိအချိန်တွင် အနောက်အာဖရိကနိုင်ငံ၌ မျိုးဆက်တစ်ခုအတွင်း အဆိုးရွားဆုံး စီးပွားရေး ပဋိပက္ခတစ်ခု ဖြစ်ပေါ်နေသည်။

ဂါနာအစိုးရဝန်ထမ်းများကိုတွေ့ရစဉ်

အလားတူ ငွေကြေးဖောင်းပွမှုလည်း ၂၁ နှစ်အတွင်း အမြင့်ဆုံးအဖြစ် ၅၀ ဒသမ ၃ ရာခိုင်နှုန်းသို့ စံချိန်တင် မြင့်တက်နေသည်။

အစိုးရ၏ အသုံးစရိတ် လျော့ချခြင်း၊ ငွေကြေးဖောင်းပွမှု နည်းပါးစေရေး ဗဟိုဘဏ်၏ အတိုးနှုန်း မြှင့်တင်မှု မအောင်မြင်ခြင်းတို့ကြောင့် ပြီးခဲ့သည့် နှစ်တွင် ဂါနာနိုင်ငံသုံးငွေကြေး စီဒီ (cedi)၏ တန်ဖိုးသည် ဒေါ်လာဈေး ထက် သိသိသာသာ ကျဆင်းခဲ့သည်။

ထို့နောက် ပြီးခဲ့သည့်လတွင် ငွေကြေးဖောင်းပွမှုလည်း အမြင့်ဆုံးအဖြစ် ၅၄ ရာခိုင် နှုန်းအထိ ရှိခဲ့သည်။

ဂါနာအစိုးရသည် လိုငွေလျော့ရန်၊ ငွေကြေးဖောင်းပွမှုကို ထိန်းရန်နှင့် ငွေကြေးတန်ဖိုး ကျဆင်းမှုကို လျော့နည်း စေရန်အတွက် ဝန်ကြီးများ၏ လစာဖြတ်တောက်ခြင်း အပါအဝင် ပြီးခဲ့သည့် မတ်လတွင် အသုံးစရိတ် လျော့ချမှု များ လုပ်ဆောင်ခဲ့သည်။

ဂါနာပြည်သူများကိုတွေ့ရစဉ်

သို့သော် အစိုးရသည် နိုင်ငံသားများအပေါ် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ၏ သက်ရောက်မှုများ အတွက်ကြောင့် ဟုဆိုကာ ပြီးခဲ့သည့် ဇူလိုင်လတွင် ဝန်ထမ်းများအတွက် လူနေမှုစရိတ်ကို ၁၅ ရာခိုင်နှုန်း တိုးမြှင့်ပေးခဲ့သည်။

ထိုအပြင် အစိုးရသည် သုံးနှစ်ကြာ ထောက်ပံ့ရေး စီမံကိန်းအဖြစ် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် IMF နှင့် ဒေါ်လာ ၃ ဘီလီယံတန် ဝန်ထမ်းအဆင့် သဘောတူညီမှုတစ်ခုကို ရရှိခဲ့သည်။

သို့သော် ထိုရံပုံငွေကို ရရှိရေးအတွက် အကြွေးများနှင့်ပတ်သက်၍ ပြန်လည် တည်ဆောက်ရန် လိုအပ်နေဆဲ ဖြစ်သည်။ အစိုးရသည် ပြီးခဲ့သည့်လတွင် ပြည်တွင်း အကြွေးပြောင်းလဲရေး အစီစဉ်ကို စတင်ခဲ့ကာ နောက်ပိုင်း တွင် ပြည်ပအကြွေး ဒေါ်လာ ၂၈ ဒသမ ၄ ဘီလီယံကို ပေးဆောင်ရန် ပျက်ကွက်ခဲ့သည်ဟု ပြောသည်။

G20 ဘုံအခြေခံ မူဘောင်အရ ၎င်းတို့၏ နှစ်ဦးနှစ်ဖက် အကြွေးများကို ပြန်လည် ဖွဲ့စည်းရန်လည်း ဂါနာအစိုးရက ယခု သီတင်းပတ်တွင် တောင်းဆိုခဲ့သည်။

Source: အယ်ဂျာဇီးယား