CNI International News

ဘန်ကောက်၊ ဇန်နဝါရီ ၆

နှစ်သစ်ကူးပိတ်ရက် အစိုးရ၏ သီတင်းပတ်ကြာ လမ်းအန္တရာယ်ကင်းရှင်းရေး ကမ်ပိန်းအတွင်း ထိုင်းနိုင်ငံ တစ်ဝန်း လုံး၌ ယာဉ်မတော်တဆမှုပေါင်း ၂၄၄၀ ခုဖြစ်ပွားခဲ့ပြီး လူပေါင်း ၃၁၇ ဦးသေဆုံးကာ ၂၄၃၇ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဘန်ကောက်စ်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ကမ်ပိန်းကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်အထိ သီတင်းပတ် တစ်ပတ်ကြာ လုပ် ဆောင်ခဲ့ခြင်း ဖြစ်သည်။ ပြည်ထဲရေးဌာန၏ ဒုတိယအမြဲတမ်းအတွင်းဝန် ချိုတီနာရင် ကတ်ဆွမ် (Choternarin Kerdsom) က ထိုအချက်အလက်များကို ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ခုနစ်ရက်ကြာ ကာလအတွင်း နိုင်ငံတောင်ပိုင်းရှိ ဆုရတ်ဌာနီ (Surat Thani) ပြည်နယ်သည် မတော်တဆမှု အများဆုံးအဖြစ် ၇၉ ခု ဖြစ်ခဲ့သည်။ မြောက်ပိုင်းရှိ ချင်းရိုင်(Chaing Rai) ပြည်နယ်သည် လူသေဆုံးမှု အများဆုံး ဖြစ်ကာ ၁၅ ဦး သေဆုံးခဲ့ပြီး အနောက်ပိုင်းရှိ ကန်ချနာဘူရီ (Kanchanaburi) သည် ဒဏ်ရာရသူ အများဆုံးအဖြစ် ၉၁ ဦး ရှိခဲ့သည်။

ထို့နောက် ဘန်ကန် (Bung Kan)၊ နာရာသီဝပ်(Narathiwat)၊ ဖန်းင(Phangnga)၊ ဆာတွန်(Satun)နှင့် ဆူခိုထိုင်း (Sukhothai) ပြည်နယ် ငါးခုတွင် လမ်းမတော်တဆမှုကြောင့် လူသေဆုံးမှု မရှိခဲ့ပေ။

ထိုင်းနိုင်ငံမှာ ယာဉ်တိုက်မှုဖြစ်ပွားစဉ်

မူး၍ မောင်းနှင်ခြင်းသည် ယာဉ်မတော်တဆမှု ဖြစ်စေသည့် အဓိကအကြောင်းအရာ တစ်ခုဖြစ်ကာ အရှိန်မြှင့် မောင်းခြင်းနှင့် ဘေးကင်းရေး ကန့်သတ်ချက်များကို မလိုက်နာခြင်းက ထိခိုက်သေဆုံးမှု ဖြစ်စေသည့် အဓိက အကြောင်းအရင်းဟု ချိုတီနာရင်က ပြောသည်။

 ခုနစ်ရက်တာ ကာလအတွင်း မတော်တဆမှု အများစုသည် မော်တော် ဆိုင်ကယ်နှင့် ပတ်သက်၍ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ထိခိုက်သေဆုံးသူ ၇၀ ရာခိုင်နှုန်းမှာ ဦးထုပ်ဆောင်ခြင်းမရှိဟု ၎င်းက ပြောသည်။

သို့သော် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်သေဆုံးသူ အရေအတွက်မှာ ကျဆင်း သွားသည်။ ၂၀၂၁-၂၂ ကမ်ပိန်းတွင် မတော်တဆမှု ၂၇၀၇ ခု၊ သေဆုံးသူ ၃၃၃ ဦးနှင့် ဒဏ်ရာရသူ ၂၆၇၂ ဦး ရှိခဲ့ပြီး ၂၀၂၀-၂၁ ကမ်ပိန်းတွင် မတော်တဆမှု ၃၃၃၃ခု၊ သေဆုံးသူ ၃၉၂ ဦးနှင့် ဒဏ်ရာရသူ ၃၃၂၆ ဦး ရှိခဲ့သည်။

ဒီဇင်ဘာ ၂၉ ရက်မှ ဇန်နဝါရီ ၄ ရက်အတွင်း တရားရုံးမှ မူး၍မောင်းနှင်မှု ၈၅၆၇ မှု၊ မဆင်မခြင် မောင်းနှင်မှု ၂၁ မှု နှင့် မူးယစ်ဆေးဝါး သုံးစွဲမောင်းနှင်မှု ၃၃၅ မူတို့အတွက် ယာဉ်မောင်းများကို ခံဝန်ဖြင့် စောင့်ကြည့်ကာလတွင် ထားရန် အမိန့်ချမှတ်ခဲ့သည်ဟု စောင့်ကြည့်ဌာနမှ အရာရှိက ပြောသည်။

ရွိုင်အတ် (Roi Et) ပြည်နယ်တွင် အရက်သောက် မောင်းနှင်မှု အများဆုံးဖြစ်ကာ ၄၆၉ ခု ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် နှစ်နှင့်နှိုင်းယှဉ်လျှင် ယခုနှစ်တွင် အရက်သောက် မောင်းနှင်မှု အရေအတွက်မှာ ၈ ဒသမ ၈၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်း ဖြစ်သည်ဟုလည်း သိရသည်။

Source: ဘန်ကောက်စ်ပို့စ်