CNI International News

ဘန်ကောက်၊ ဇွန်လ ၁၅

မြန်မာနိုင်ငံသို့ လက်နက်ခိုးသွင်းသည့် ရာဇဝတ်မှုတွင် ပါဝင်ပတ်သက်ခဲ့သည့် ထိုင်းအစိုးရဝန်ထမ်းများကို ထိုင်းအစိုးရက ဖမ်းဆီးခဲ့ပြီး ၎င်းတို့အား ဥပဒေချိုးဖောက်မှုများအတွက် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ ဆက်လက် စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။

ဇွန်လ ၁၃ ရက်၌ ထိုင်းရဲတပ်ဖွဲ့က ချောင်ဘူရီပြည်နယ်၊ ဆက်တဟစ်ခရိုင်ရှိ လက်ထောက်ကျေးရွာ အုပ်ရေးမှူးဟောင်း ဒါနူပေါလ်ဘဲလ်ဆာမဲဆွန် ဦးစီးသည့် လက်နက်ဂိုဏ်း ကွန်ရက်ကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အဆိုပါ ထိုင်းဝန်ထမ်းများ အား ဖမ်းဆီးခဲ့သည်။

ထိုင်း မှုခင်းနှိမ်နင်းရေးဌာနခွဲ (CSD) ၏ ဟာနုမန် အထူးစစ်ဆင်ရေးတပ်ဖွဲ့က ထိုဖြစ်စဉ်နှင့်ပတ်သက်၍ တရားရုံးဖမ်းဝရမ်း ၁၆ စောင်ဖြင့် ဘန်ကောက်မြို့တော်၊ ချောင်ဘူရီ၊ ကန်ချနဘူရီ၊ ဥဒုံသာနီနှင့် ချင်းမိုင် စသည့် ဒေသများရှိ နေရာ ၂၁ နေရာတွင် ရှာဖွေခဲ့ကြသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက် ဖမ်းဆီးရမိတဲ့ လက်နက်များ

အဆိုပါ ဖမ်းဆီးရမိမှု စစ်ဆင်ရေး အသေးစိတ် ဖြစ်စဉ်ကို ထိုင်းအမျိုးသားရဲချုပ် စူဝပ်ဂျန်ယောက်ဆက်က ဇွန်လ ၁၄ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

CSD အရာရှိများသည် သံသယရှိသူ ၅ ဦးကို ဖမ်းဆီးခဲ့ပြီး တရားမဝင် သေနတ်များနှင့် ဆက်စပ် အစိတ်အပိုင်းများကို သိမ်း ဆည်း ရမိခဲ့ကြောင်း စူဝပ်ဂျန်ယောက်ဆက်က ပြောကြားခဲ့သည်။

သံသယရှိသူ အသက် ၃၂ နှစ်အရွယ်ရှိ မစ္စတာ ဒါနူပေါလ်ကို ချောင်ဘူရီပြည်နယ်၊ ဆက်တဟစ်ခရိုင်၊ မိုး-၄ (Moo 4) ကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ဖမ်းဆီးရမိခဲ့သည်။

အလားတူ စီရာချာခရိုင် အကြီးအကဲဖြစ်သူ အသက် ၄၉ နှစ်ရှိ ဒေါင်ပေါလ် ရူဂျီဟန် မာရက်ဂျ်ကို ချောင်ဘူရီပြည်နယ်၌ပင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ အခြား သံသယရှိသူ ၃ ဦးကို ကန်ချနဘူရီတွင် ဖမ်းဆီးခဲ့သည်။

၎င်းတို့မှာ စိုင်းယွတ်ခရိုင်မှူးဟောင်း ဆူဝစ်ဂျီယာမီဂျီရာ ပေါင် (အသက် ၆၀) ၊ စိုင်းယွတ်ခရိုင်အရာရှိ ကွန်းနစ်ပေါင်သူ ရိုင် (အသက် ၅၂) ၊ စိုင်းယွတ်ခရိုင် ကာကွယ်ရေး ပြည်သူ့စစ်ဝန်ထမ်း ယန်ဒက်လမ်ဆာအက် (အသက် ၃၁) တို့ ဖြစ်ကြ သည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက် ဖမ်းဆီးရမိတဲ့ လက်နက်များ

မစ္စတာဆူဝစ်နှင့် အခြားထိုင်းအရာရှိ ၃ ဦးတို့ကို ဇွန်လ ၁၃ ရက် ဖမ်းဆီးခြင်းအပေါ် ထိရောက်စွာ အရေးယူရန် စုံစမ်းစစ်ဆေး ရေး ကော်မတီတစ်ရပ်ကို ထိုင်းပြည်ထဲရေး အမြဲတမ်းအတွင်းဝန် စူသီပေါင်ဂျူချာရောင်က ဖွဲ့စည်းပေးခဲ့ကြောင်း လက်ရှိ စိုင်းယွတ်ခရိုင်အကြီးအကဲ နီရာမစ်က ပြောသည်။

မစ္စတာ ဆူဝစ်သည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၇ ရက်တွင် ဆောင်ယောက်ခရိုင် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် အစိုးရတာဝန်မှ သက်ပြည့် အငြိမ်းစားယူခဲ့သည်။

ထိုပုဂ္ဂိုလ်များသည် တာဝန် ထမ်းဆောင်နေစဉ်အတွင်း မြန်မာနိုင်ငံမှ အလုပ်အကိုင် ရှာဖွေသူများ၊ မှောင်ခိုကူးမှုများနှင့် သဘာဝ သယံဇာတ ခိုးထုတ်ခြင်း စသည့် အမှုအခင်းများစွာကို ကိုင်တွယ် ဆောင်ရွက်ခဲ့ဖူးသည်။

ထိုင်းရဲ၏ အဆိုအရ မစ္စတာ ဒါနူပေါလ်သည် အစိုးရ တာဝန်ရှိသူများ၊ ကာကွယ်ရေး ပြည်သူ့စစ်များနှင့် မူးယစ်နှိမ်နင်းရေး အဖွဲ့ဝင်များနှင့် ချိတ်ဆက် လုပ်ကိုင်မှုများရှိကြောင်း သိရသည်။

Source: Bangkok Post